တောင်ကိုရီးယားနိုင်ငံ Pyeongchang မှာ ကျင်းပမယ့် အခုလာမဲ့ ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်မှာ ရုရှားနိုင်ငံအသင်း ကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုဖို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က အင်္ဂါနေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဒါပေမယ့် တသီးပုဂ္ဂလ ရုရှားနိုင်ငံသားတွေ အနေနဲ့ ရုရှား က အိုလံပစ် အားကစားသမားတွေ အဖြစ်နဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံ ဆိုချီမှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲအတွင်း ရုရှားအသင်းဟာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဆေးဝါး အသုံးပြုခဲ့တဲ့ အတွက် အပြစ်ပေး အရေးယူတဲ့ ဆုံးဖြတ်ချက်ကို IOC က အချိန်အကြာကြီးယူပြီး ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဆုံးဖြတ်ချက် ချချိန်ဟာ တောင်ကိုရီးယားနိုင်ငံ ပင်လယ်ကမ်းခြေနဲ့ တောင်တန်းတွေပေါ်မှာ ပြိုင်ပွဲတွေ ကျင်းပဖို့ ၂ လကျော်ကျော် လောက်သာ လိုတော့တဲ့ အချိန်ဖြစ်ပါတယ်။
အခုလို ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကနေ ရုရှားရဲ့ ပါဝင်မှုကို ပိတ်ပင်ရုံသာမက IOC က ရုရှား အိုလံပစ်ကော်မတီ ကို ဒေါ်လာ ၁၅ သန်း ဒဏ်ငွေ ချခဲ့ပြီး လက်ရှိ ရုရှား အိုလံပစ်ကော်မတီ ဥက္ကဌ ဖြစ်တဲ့ Alexander Zhukov ကိုလည်း IOC အဖွဲ့ဝင် အဖြစ်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။ မကြာသေးမီနှစ်တွေအတွင်း သူ့နိုင်ငံက တားမြစ်ဆေး သုံးစွဲမှု ပြုလုပ်ခဲ့တဲ့အတွက် Zhukov က IOC ကို အင်္ဂါနေ့က တောင်းပန်လိုက်ပါတယ်။
ဒီလို ပြိုင်ပွဲကနေ ပိတ်ပင်လိုက်မှု အပေါ် ရုရှားဘက်ကတော့ ဘာမှ ချက်ချင်း တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ရုရှား အစိုးရ ရုပ်သံဌာနကတော့ ရုရှားအမျိုးသားအသင်း ပါဝင်ခွင့် မရတဲ့အတွက် ပြိုင်ပွဲတွေကို တိုင်းပြည်အတွင်း ထုတ်လွှင့်မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
မကြာခင်တုန်း ကတော့ သမ္မတ Vladimir Putin က ရုရှားအမျိုးသား သင်္ကေတ အမှတ်လက္ခဏာ မပါဘဲ ယှဉ်ပြိုင်ခွင့်ပြုတယ်ဆိုရင် သူ့တိုင်းပြည်ကို အရှက်ခွဲ သလို ဖြစ်လိမ့်မယ်လို့ ပြောခဲ့ဘူးပါတယ်။
Your browser doesn’t support HTML5