မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေကို ဖျက်သိမ်းနိုင်ရေး နိုင်ငံတကာ အသိုင်းအဝန်းက လုံခြုံရေး အာမခံချက်ပေးဖို့ လိုတဲ့အကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Vladivostok ဆိပ်ကမ်းမြို့မှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဒီကနေ့ ထိပ်သီးတွေ့ဆုံအပြီး ရုရှားသမ္မတက သတင်းထောက်တွေကို ပြောရာမှာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား တဖြည်းဖြည်းချင်း ယုံကြည်မှု တည်ဆောက်သွားဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။
အပြန်အလှန် အကျိုးစီးပွားတွေကို လေးစားမှုတွေနဲ့ အောင်မြင်အောင် တဆင့်ချင်း ဆောင်ရွက်သွားနိုင်ကြောင်းလည်း ရုရှားသမ္မတက အစိုးရပိုင် Tass သတင်းဌာနကကို ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ အမေရိကန်က ဒဏ်ခတ်မှုတွေ တဖြည်းဖြည်း လျှော့ချပေးတာနဲ့အမျှ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်သွားဖို့ လိုလားနေတာပါ။
အမေရိကန်သမ္မတ Donald Trump ကတော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား အစီအစဉ်တွေ အားလုံးကို စွန့်လွှတ်ပြီး အပြန်အလှန် အနေနဲ့ ဆက်ဆံရေးတွေ ပုံမှန်ပြန်တည်ဆောက်ဖို့ လိုလားနေပါတယ်။ ၂ နာရီနီးပါး ကြာမြင့်ခဲ့တဲ့ တဦးချင်း ထိပ်သီးတွေ့ဆုံမှုနဲ့ နောက်ဆက်တွဲ ကိုယ်စားလှယ်အဖွဲ့တွေရဲ့ တွေ့ဆုံမှုတွေနဲ့ ညစာစားပွဲတွေအတွင်း မြောက်ကိုရီးယားခေါင်းဆောင်က သိပ်များများစားစား ပြောဆိုခဲ့တာမျိုးတော့ မရှိပါဘူး။
မြောက်ကိုရီးယား ခေါင်းဆောင်ကတော့ ဆွေးနွေးမှုဟာ ရင်းရင်းနှီးနှီးနဲ့ အဓိပ္ပါယ်ပြည့်ဝကြောင်း ပြောဆိုခဲ့သလို၊ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ မပြေမလည် ဖြစ်နေတာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးနိုင်ခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ လုံခြုံရေးအရ ဘယ်လိုကတိကဝတ်မျိုးတွေ မြောက်ကိုရီးယားဖက်က တောင်းဆိုမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပေမဲ့လည်း ရုရှားသမ္မတကတော့ နိုင်ငံတကာအဆင့် ဥပဒေကြောင်းအရ အာမခံချက်မျိုး ဖြစ်မယ်လို့ ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5