ယူကရိန်းနိုင်ငံက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ရုရှားက မစ်ဇိုင်းဒုံး ၁၂၀၊ ဒရုန်း ၉၀ နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
Shaheds အမျိုးအစားအပါအဝင် အဝေးထိန်းဒရုန်းတွေ၊ ခရုဇ်နဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေ အပါအဝင် အမျိုးအစားပေါင်းစုံနဲ့ တိုက်ခိုက်ခဲ့ပြီး ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးက စုစုပေါင်း ၁၄၀ ကို ကြားဖြတ် ပစ်ချနိုင်ကြောင်းလည်း ယူကရိန်းသမ္မတက Telegram လူကမှုကွန်ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် Mykolaiv ဒေသမှာ လူ ၂ ဦး သေဆုံးပြီး၊ ကလေး ၂ ဦး အပါအဝင် ၆ ဦး ဒဏ်ရာရကြောင်းလည်း ယူကရိန်းသမ္မတက ပြောပါတယ်။ Odesa ဒေသမှာတော့ တိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံးပြီး စွမ်းအင်လုပ်ငန်းတွေကို ထိမှန်ရာက လျှပ်စစ်မီးနဲ့ရေ ပြတ်လပ်မှုတွေ ကြုံခဲ့ရကြောင်း ဒေသခံအုပ်ချုပ်ရေးမှူး Oleh Kiper ကပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျုးကျော်စစ်စတင်ချိန်ကတည်းက ယူကရိန်းရဲ့ စွမ်းအင်ကဏ္ဍကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း ကြုံနေရတာပါ။ အခုနောက်ဆုံး ရုရှားရဲ့ တိုက်ခိုက်မှုဟာ ၃ လအတွင်း အပြင်းထန်ဆုံး ဖြစ်နိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။