ရုရှားနိုင်ငံရဲ့ စနစ်တကျ ဆေးဝါးသုံးစွဲမှုအစီအစဉ်ကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ စက်တင်ဘာမှာကျင်းပမယ့် မသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရုရှားအားကစားအဖွဲ့အားလုံးကို ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပါတယ်။ ဒါဟာ ရီယိုဒီ ဂျနဲရိုးမှာ လက်ရှိ ကျင်းပတဲ့ နွေရာသီ အိုလံပစ်ပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်လိုသူ ရုရှားအားကစားသမားတွေကို ကန့်သတ်ပိတ်ပင်မှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ အိုလံပစ်ကော်မတီက ရုရှားအားကစားသမား ၂၇၁ ယောက်ကို ရီယိုပြိုင်ပွဲဝင်ခွင့် ပြုခဲ့ပါတယ်။ ဒါဟာ ရုရှားနိုင်ငံရဲ့ မူလ အားကစားအဖွဲ့ရဲ့ ၇၀ % ဝန်းကျင်ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ မသန်စွမ်းသူများကော်မတီ IPC ကတော့ ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ၂၀၁၄ ခုနှစ် ကျင်းပခဲ့တဲ့ မသန်းစွမ်းသူများ အားကစားပြိုင်ပွဲအပါအဝင် ရုရှားရဲ့ ဆေးဝါးသုံးစွဲမှု အစီအစဉ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ ပါတယ်။ နောက်ပြီး ရီယိုမြို့မှာ ကျင်းပမယ့် စက်တင်ဘာ ၇ ရက်ကနေ ၁၈ ရက်နေ့အထိ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ မျှော်လင့် ထားကြတဲ့ ရုရှားအားကစားသမားတွေအားလုံးအကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဝမ်းနည်းစရာကောင်းတဲ့ ဒီအခြေအနေဟာ အားကစားသမားတွေက စနစ်တခုကို လိမ်လည်လှည့်ဖျားနေတာကြောင့်မဟုတ်ပါဘူး၊ အစိုးရရဲ့စနစ်နဲ့ အားကစားသမားတွေကို လိမ်လည်လှည့်ဖျားနေတာကြောင့်ဖြစ်ပါတယ် - လို့ IPC အဖွဲ့ဥက္ကဋ္ဌ Philip Craven က ပြောပါတယ်။
ရုရှားအစိုးရဆီကဖြစ်ထွန်းလာတဲ့ အားကစားအဖွဲ့တွေရဲ့ဂုဏ်ကို ညစ်နွမ်းစေတဲ့ ဆေးဝါးသုံးစွဲတဲ့အစဉ်အလာ ကို ဖော်ထုတ်လိုက်တာဟာ တနေရာထဲက မဟုတ်ပါဘူး။ ကမ္ဘာ့ ဆေးဝါးသုံးစွဲမှု တိုက်ဖျက်ရေးအေဂျင်စီက စီစဉ်တဲ့ လုပ်ငန်းကော်မရှင်ရဲ့ သီးခြားစစ်ဆေးတွေ့ရှိချက် ၂ ခုအရဖြစ်ပါတယ် လို့ သူက ပြောသွားခဲ့ပါတယ်။
သူတို့ရထားတဲ့ဆုတံဆိပ်တွေအပေါ်မှာတော့ ကိုယ်ကျင့်တရားပိုင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အင်မတန် စက်ဆုတ်စရာကောင်းကြောင်း နဲ့ ဆေးဝါးသုံးစွဲမှုတိုက်ဖျက်ရေးစနစ်အပေါ်မှာ လုံးလုံးလျားလျား အဂတိလိုက်စားမှုဖြစ်တာကတော့ စည်းမျဉ်းစည်းကမ်းတွေကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာဖြစ်ပြီး မသန်စွမ်းသူများအားကစားဆိုတဲ့ စိတ်ဓာတ်ကို ဖျက်ဆီးလိုက်တာလည်းဖြစ်ကြောင်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ မသန်စွမ်းသူများအားကစားပွဲတွေကို ကိုယ်အင်္ဂါချို့တဲ့သူတွေအတွက် စီစဉ်ပေးထားတာဖြစ်ပြီး နိုင်ငံပေါင်း ၁၆၀ ကျော်က ပြိုင်ပွဲဝင်သူပေါင်း ၄၃၀၀ ကျော်က အားကစားအမျိုးပေါင်း ၂၂ ခုမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5