ကန် နိုင်ငံသားတဦးအပေါ် ရုရှား စုံစမ်းစစ်ဆေးမှု စတင်

ရုရှားနိုင်ငံမှာ သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်နိုင်ငံသားတဦးကို ရုရှား အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း ရုရှား သတင်းမီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

သူလျှိုလုပ်နေစဉ်အတွင်း အမေရိကန်နိုင်ငံသား Paul Whelan ဆိုသူကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်းနဲ့ သူ့ကို ရာဇဝတ်မှုနဲ့ အမှုဖွင့်လိုက်ကြောင်း ရုရှားလုံခြုံရေးဌာန FSB က တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

တခြားအသေးစိတ်အချက်အလက်ကိုတော့ ဖော်ပြမထားပါဘူး။ ဒါပေမယ့် ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိခဲ့ရင်တော့ Whelan အနေနဲ့ ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်တယ်လို့ ရုရှားအစိုးရပိုင် TASS သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ရုရှားအာဏာပိုင်တွေက အမေရိကန်နိုင်ငံသား တဦးကို အဲဒီလို ဖမ်းဆီးထားတဲ့ကိစ္စကို သူတို့ သိရှိထားကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက တနင်္လာနေ့မှာ ပြောပါတယ်။

အခုလို ဖမ်းဆီးထားတဲ့ ကိစ္စအတွက် ရုရှားနိုင်ငံခြားရေးဌာနက သူတို့ကို တရားဝင် အသိပေး အကြောင်း ကြားထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဗွီအိုအေကို အီးမေးကတဆင့် အကြောင်းပြန်ကြားခဲ့ပါတယ်။

ဗီယင်နာ သဘောတူညီချက်အရ ရုရှားအနေနဲ့ ဖမ်းဆီးခံထားရသူအတွက် ရှေ့နေ ငှားပေးရမှာဖြစ်ကြောင်း၊ သူ့ကို တွေ့ခွင့်ရဖို့ ရုရှားအာဏာပိုင်တွေထံ အကြောင်း ကြားထားပြီး ရုရှားဘက်ကလည်း ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အီးမေးထဲမှာ ဖော်ပြထားပါတယ်။ တခြား အသေးစိတ် အချက်အလက်တွေတော့ ပြောဆိုခြင်း မရှိပါဘူး။

Your browser doesn’t support HTML5

ကန် နိုင်ငံသားတဦးအပေါ် ရုရှား စုံစမ်းစစ်ဆေးမှု စတင်