အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ်က သုံးရက်တာကျင်းပခဲ့တဲ့ ရိုဟင်ဂျာအရေးဆိုင်ရာ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု မြောက်အောင် ပြစ်မှုကျူးလွန်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် တာဝန်ရှိသူတွေအပေါ် စုံစမ်း အရေးယူနိုင်ရေး နိုင်ငံတကာ ဥပဒေပညာရှင်တချို့က သူတို့ ဘာတွေဆောင်ရွက်နေသလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါအပြင် ရိုဟင်ဂျာတွေအတွက် လိုအပ်နေတဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးတွေ ရရှိရေး နိုင်ငံတကာပြည်သူတွေပါဝင်တဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုကိုလည်း အဲဒီဆွေးနွေးပွဲကနေ စတင်ခဲ့ကြောင်း ဆွေးနွေးပွဲ စီစဉ်သူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။
ဧပြီလ ၅ ရက်နေ့က ၇ ရက်နေ့ထိ Oregon ပြည်နယ် Portland မြို့မှာ ကျင်းပတဲ့ ရိုဟင်ဂျာအရေးဆိုင်ရာ အမေရိကန်မိတ်ဆွေများ ဆွေးနွေးပွဲကို သမိုင်းဆိုင်ရာ လူမှုအဖွဲ့အစည်း (Oregon) က ဦးစီးပြီး Americans for Rohingya ရိုဟင်ဂျာအရေးဆိုင်ရာ အမေရိကန်မိတ်ဆွေများ အဖွဲ့နဲ့ ပြည်နယ် တက္ကသိုလ် သုံးခုကနေ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ် သြဂုတ်လက မြန်မာလုံခြုံရေး စခန်းတွေကိုဝင်တိုက်ခိုက်တဲ့ ASRA ရိုဟင်ဂျာအဖွဲ့ကို မြန်မာစစ်တပ်က ပြန်ပြီး ချေမှုန်းတိုက်ခိုက်တဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာ (၇)သိန်းလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ အခြေအနေထိ အလွန်ဆိုးရွားပြင်းထန်လှတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် တာဝန်ရှိသူတွေကို စုံစမ်း အရေးယူရေး ICC၊ ICJ စတဲ့ နိုင်ငံတကာတရားခုံရုံးတွေကနေ ကိုင်တွယ်ဖို့ ကြိုးပမ်းနေတာတွေကို Oregon ဆွေးနွေးပွဲမှာ သုံးသပ်ခဲ့ကြတယ်လို့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ Americans for Rohingya အဖွဲ့ရဲ့ ညွန်ကြားရေးမှူး Yusuf Iqbal က ဗွီအိုအေကိုပြောပါတယ်။
“ နိုင်ငံတကာ Lawyer တွေက သူတို့အတွက်အရေးကြီးဆုံးက Evidence ပေါ့နော် ။ Evidence ဆိုတာက တရားရုံးမှာ တင်သွင်းနိုင်တဲ့ Evidence ပုံစံမျိုးသူတို့က လိုအပ်တယ်။ တချို့ အချက်အလက်တွေက ကိုယ်ကိုတိုင်သိသော်လည်း တရားရုံးက လက်ခံနိုင်တဲ့ Evidence မဟုတ်ရင် သူတို့က ဒါတွေကို တန်ဖိုးထားတဲ့ Evidence တွေလို့ မယူဆဘူး။ ဆိုတော့ သူတို့တွေက ဘာတွေကို အဓိကရှာနေသလဲဆိုတော့ တကယ့် hard evidence အဲဒီကနေမှ chain of command ပေါ့ ဘယ်သူကနေမှ command ပေးလဲ ။ အထက်ကနေပြီးတော့ the whole chain of command မှာ ဘယ်သူတွေ တာဝန်ရှိသလဲ ဆိုတာကို ဒါမှ သူတို့က accountability ကို လုပ်နိုင်မှာပေါ့နော်။ ဒီ Victim ကနေပြီးတော့ report လုပ်တာထက်စာရင်chain of command ကနေပြီးတော့ ဘယ်လို ဘာတွေဖြစ်သလဲ အဲဒါတွေကို အဓိကလိုက်မှ accountability ကို သွားနိုင်မှာဆိုတဲ့ ပုံစံနဲ့ ဆွေးနွေးသွားတယ် အဲဒါကို သူတို့ အဓိကလုပ်နေတယ်လို့လဲပြောတယ်။”
ဆွေးနွေးပွဲ တက်ရောက်လာတဲ့ နိုင်ငံတကာဥပဒေပညာရှင်တွေထဲ လက်ရှိ Oregon ပြည်နယ် ရာဇဝတ်မှုခင်းဆိုင်ရာ ဌာန လက်ထောက် ရှေ့နေချုပ် Kyle Wood နဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး ရှေ့နေဟောင်းလည်းဖြစ်၊ အမေရိကန် စစ်ဘက် ထောက်လှမ်းရေးဆိုင်ရာ အကဲခတ်ဟောင်းတဦးလည်းဖြစ်တဲ့ Allen Borrelli လည်းပါဝင်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌအဖြစ် အခု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က ခန့်အပ်လိုက်တဲ့ နိုင်ငံတကာရာဇဝတ်မှု ဆိုင်ရာ ရှေ့နေ အမေရိကန်နိုင်ငံသား Nicholas Koumjian နဲ့ အရင်က လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံကိစ္စ သူ့ကို တာဝန်ပေးလိုက်တာဟာ အလွန်ထိရောက်မှုရှိတယ်လို့ ပြောကြကြောင်း Yusuf Iqbal ကဆိုပါတယ်။
“Nicholas Koumjian နဲ့ အခုဒီမှာဆွေးနွေးသွားတဲ့ Legal scholar နှစ်ယောက်က သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်၊ သူ့အကြောင်းကို ကောင်းကောင်းသိတယ်။ နောက်တခုက သူဟာ အလွန်တော်တယ် ထက်မြတ်တယ်၊ လုပ်ရည်ကိုင်ရည်ရှိတယ် ဆိုတော့ ဒီကိစ္စမှာ တကယ်သင့်တော်တဲ့လူတယောက်ဖြစ်တယ်။ နောက်တခုက အမေရိကန်နိုင်ငံကလည်း တချို့ ICC နဲ့ ပတ်သက်ပြီးမှ သူတို့မှာ clash တွေရှိနေတဲ့အချိန်မှာ အမေရိကန်နိုင်ငံသားတယောက်ဆိုတော့ အမေရိကန်နိုင်ငံထဲ ဝင်ထွက်သွားလာပြီးတော့ အမေရိကန်အစိုးရပိုင်းမှာ presentation တွေလုပ်ဖို့ သူ့အတွက်ဆိုရင် အခက်အခဲမရှိဘူးပေါ့ အဲဒီအတွက် သူတို့က ဒါကို ကောင်းတယ်လို့ ကြိုဆိုတယ်။”
မြန်မာအစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတောင် လက်ခံခြင်းမရှိတာ၊ ခွဲခြားဖိနှိပ်ခံရတာ စတဲ့အခြေအနေဟာ ရိုဟင်ဂျာ မွတ်စလင်အသိုင်းအဝိုင်းအတွက် လူ့ဂုဏ်သိက္ခာ ပျောက်ဆုံးနေတဲ့ အဖြစ်မျိုးရောက်ရှိနေတာကြောင့် အခု ဆွေးနွေးပွဲကနေ မြန်မာအစိုးရကို ထိထိရောက် ရောက် ဖိအားပေးနိုင်ရေး နိုင်ငံတကာ ပါဝင်တဲ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို စတင်ခဲ့ကြောင်း Yusuf Iqbal က ပြောပါတယ်။
“Facebook ၊ twitter တို့ တခြား Social media တွေကနေပြီးတော့ ရိုဟင်ဂျာဟာ Human being ဖြစ်တယ်။ အခုအချိန်မှာက Human Dignity နဲ့ Value ကို သူတို့မရသေးဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ လူတိုင်းအားလုံးမှာ တာဝန်ရှိတယ် ဆိုတဲ့ campaign တခုကို လုပ်ဖို့ဆိုပြီးတော့ တက်ရောက်တဲ့လူတွေအားလုံးက သဘောတူကြတယ်။”
ရိုဟင်ဂျာအရေးဆိုင်ရာ အမေရိကန်မိတ်ဆွေများ ဆွေးနွေးပွဲ ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ထဲမှာလည်း အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခွဲခြားခံနေရတဲ့ အခြေအနေ ပိုမိုသိရှိလာပြီး ဝိုင်းဝန်းကူညီဖို့ဖြစ်တယ်လို့ Yusuf Iqbal ကပြောပါတယ်။ Portland မြို့မှာ လက်ရှိ ရိုဟင်ဂျာဒုက္ခသည် မိသားစုပေါင်း ၁၀၀ ကျော်အခြေချနေထိုင်နေပါတယ်။
Your browser doesn’t support HTML5