ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာက ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ အင်္ဂါနေ့ ဘာလီမှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ဘာလီလုပ်ငန်းစဉ်ရဲ့ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အာရှပစိဖိတ် ဒေသတွင်းအစိုးရတွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေကို ပန်ကြားလိုက်ပါတယ်။အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
မနှစ်က သြဂုတ်လ ကတည်းက ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံကြတဲ့ ရိုဟင်ဂျာ ၇ သိန်း နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်ကို ဝိုင်းဝန်းကူညီကြဖို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သြဂုတ်လ ၇ ရက်နေ့က ကျင်းပတဲ့ ၇ ကြိမ်မြောက် ဘာလီလုပ်ငန်းစဉ်ရဲ့ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံက ဝန်ကြီးတွေကို UNHCR မဟာမင်းကြီး Filippo Grandi က ပန်ကြားခဲ့ကြောင်း UNHCR အာရှဒေသဆိုင်ရာ ပြောခွင့်ရ Charlie Yaxley က VOA ကိုပြောပါတယ်။
"ဘာလီမှာ ဒီကနေ့ UNHCR ကော်မရှင်နာမင်းကြီး Filippo Grandi အရှေ့တောင်အာရှ ဒေသတွင်းခေါင်းဆောင်တွေ၊ စီးပွါးရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲ ပြန်နိုင်ရေးအတွက် လုပ်နေတဲ့ လုပ်ငန်းစဉ်ကို ထောက်ခံပံ့ပိုးပေးဖို့ ပန်ကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အခြေနေက သူတို့ ပြန်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် မြန်မာအစိုးရကတော့ သူတို့ ပြန်နိုင်မယ့် အခြေနေတွေဖြစ်လာအောင် ဖန်တီးပေးဖို့ စိတ်ဆန္ဒရှိကြောင်း ပြောပါတယ်။ ဒီအထဲမှာ များပြားတဲ့ လူ့အခွင့်ရေး ဆိုင်ရာ အာမခံချက်တွေပါဝင်ပြီး တခြားလုပ်ဆောင်ရမယ့် လုပ်ငန်းတွေကိုပါ တွဲလုပ်နေတာမို့ ပြီးခဲ့တဲ့ နှစ်တုန်းက ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးတဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ သူတို့ ဆန္ဒအလျှောက် နေရပ်ရင်း ပြန်ဖို့ လုပ်ပေးနိုင်မှာပါ။"
ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အားလုံးကို ပြန်လက်ခံမယ်လို့ မြန်မာအစိုးရက ပြောဆိုထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ လက်မခံပါဘူး။ ဒုက္ခသည်တွေက သူတို့ကို နိုင်ငံသားဖြစ်ခွင့် အပါအဝင် ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးမှသာ ဌာနေပြန်နိုင်မယ်လို့ ပြောဆိုနေတာပါ။
ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ မလုပ်ပေးနိုင်ခင်မှာ သိန်းနဲ့ ချီတဲ့ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ကျေးဇူးတင်ကြောင်းနဲ့ အစည်းဝေးတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဘက်ကလည်း ဒုက္ခသည်တွေအတွက် ဆေးရုံတွေ ဆောက်ပေးတာ၊ ဘင်္ဂလာဒေ့ရှ် အစိုးရအပေါ် အခွန်အခလျှော့ချပေးတာ၊ ကုန်သွယ်စီးပွါးတိုးတက်လာအောင် အကူညီပေးတာမျိုးလို လိုအပ်တဲ့ ကဏ္ဍတွေမှာ ဝိုင်းဝန်း ပံ့ပိုးပေးဖို့လည်း UNHCR မဟာမင်းကြီးက ပန်ကြားခဲ့တာပါ။ UNHCR ဘက်ကလည်း UNDP နဲ့ အတူ မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဒီ နားလည်မှု စာချွန်လွှာကနေ ရလဒ်ကောင်းတွေ ပေါ်ထွက်လာဖို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
"MoU နားလည်မှု စာချွန်လွှာကို UNHCR – UNDP တို့နဲ့ မြန်မာအစိုးရ လက်မှတ်ရေးထိုးခဲ့တာဟာ ပထမ ခြေလှမ်းဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ သူတို့သဘောအလျှောက် ဌာနေပြန်နိုင်ရေး အတွက် အခြေနေတွေ ဖန်တီးပေးဖို့ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ် မှာ ခိုလှုံနေကြရပါတယ်။ ဒါပေမယ့်အများစုက သူတို့ရဲ့ နေအိမ်တွေ၊ သူတို့ရဲ့ လူ့အဖွဲ့အစည်းတွေထံကို မိသားစုတွေနဲ့ အတူ ပြန်လိုကြပါတယ်။ ဒီလို ပြန်နိုင်ဖို့ဟာ လူသားချင်း စာနာမှုဆိုင်ရာ အာမခံချက် ရရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ ဥပဒေအရ သူတို့ တဦးချင်းစီရဲ့ အခွင့်အရေးကိုလေးစားဖို့ လိုပါတယ်။ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသား ခံယူခွင့်ကို ဦးတည်မယ့် အစီအစဉ် ချမှတ်ပေးရေး၊ ဌာနေပြန်ကြမယ့် ရိုဟင်ဂျာတွေ လူ့အဖွဲ့ အစည်းအမှာ ဝင်ဆန့်နိုင်ရေး ဖြစ်ပါတယ်။ ဒါမှလည်း သူတို့ ငြိမ်းချမ်းစွာ စိတ်ချလက်ချ ပြန်နိုင်ကြမှာ ဖြစ်ပါတယ်။
ဒါပေမယ့် UNHCR က MoU စာချွန်လွှာပါ လုပ်ငန်းတွေကို လုပ်နိုင်ဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်းပြောပါတယ်။ ဒီကိစ္စအတွက် နားလည်မှု တည်ဆောက်ဖို့ လိုအပ်နေကြောင်းနဲ့ နားလည်မှုစာချွန်လွှာအတိုင်း လုပ်ဆောင်မယ်လို့ ကတိပေးထားတာကို အကောင်ထည်ဖေါ်ရေးအတွက် မြန်မာအစိုးရကို ဝိုင်းဝန်းတိုက်တွန်း ဖို့လည်း UNHCR က ပန်ကြားလိုက်ပါတယ်။ ဒီကိစ္စ အကောင်ထည် ဖေါ်ရေး အတွက် ဒေသတွင်း အစိုးရတွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေ ဘက်က အရေးပါတဲ့ အကူညီတွေ ပေးနိုင်တယ်လို့လည်း ပြောပါတယ်။
"ကမ္ဘာတဝှမ်းမှာ ပုဂ္ဂလိက တွေက ဒုက္ခသည်တွေကို အကူညီပေးရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးနိုင် ပါတယ်။ သူတို့တတွေဟာ သူတို့ရဲ့ ဘဝတွေကို ပြန်ထူထောင်လိုကြတာပါ။ အဲဒီလို ဖြစ်လာနိုင်ဖို့က ရေရှည်ခံမယ့် အသက်မွေးဝမ်းကျောင်း ရှာဖွေခွင့်ရရှိစေဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ မိသားစုတွေ ဘဝဖူလုံရေး၊ ရပ်ကွက်လူ့အဖွဲ့အစည်း ပြန်လည်ထူထောင်ရေး စသဖြင့် လိုအပ်ပါတယ်။ ဒါ့ကြောင့် အဲဒီဒေသမှာ ရင်းနှီးမြှုပ်နှံခြင်း အားဖြင့် ဒေသခံ လူ့အဖွဲ့အစည်းလည်း ဖွံ့ဖြိုးတိုးတက်တဲ့ အပြင် ဌာနေပြန်ကြတဲ့ ရိုဟင်ဂျာတွေရဲ့ ဘဝရှေ့ရေးလည်း မျှော်လင့်ချက်ရှိမှာ ဖြစ်ပါတယ်။"
ဒေသတွင်း အစိုးရတွေနဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ရခိုင်ပြည်နယ်တွင်း အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရာမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကူညီနိုင်သလို၊ နိုင်ငံမဲ့တွေရဲ့ ပြဿနာ၊ မတူညီတဲ့ အတူနေ လူမှုအသိုင်းဝိုင်းကြား ပြဿနာတွေကို ဖြေရှင်းရေးအတွက် ကျွမ်းကျင်သူတွေ စေလွှတ်ကူညီတာ လိုမျိုး အကူညီတွေလည်း ပေးကြဖို့ UNHCR ကတိုက်တွန်းပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည် စုစုပေါင်းက ၉ သိန်းလောက် ရှိနေပြီး အခု မုတ်သုန်မိုးဒဏ်ကြောင့် ဒုက္ခသည်တွေဟာ ရေကြီး မြေပြိုမှုဒဏ် ကိုပါ ခံနေရတာပါ။ ဒီဒုက္ခသည်တွေထဲက တသိန်းလောက်ကို လူမနေတဲ့ Bhasan Char ကျွန်းကို ရွှေ့ပြောင်းပေးဖို့ ဘင်္ဂလားဒေရှ့် အစိုးရက စီစဉ်နေတာဖြစ်ပြီး ဒါဟာ ဒုက္ခသည်တွေရဲ့ အသက်အန္တရာယ် အတွက်စိုးရိမ်ရတာမို့ နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်နေကြပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း အခု သြဂုတ်လ ၂၈ ရက်နေ့မှာ ရိုဟင်ဂျာအရေးကို ဆွေးနွေးဖို့ ရှိပါတယ်။
Your browser doesn’t support HTML5