ရိုဟင်ဂျာဒုက္ခသည်အရေး ကုလငြိမ်းချမ်းရေးထိန်းတပ်အကြီးအကဲ ဘင်္ဂလားဒေ့ရှ်ကိုချီးကျူး

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိမ်းတပ်လုပ်ငန်းစဉ်များဆိုင်ရာ လက်ထောက်အတွင်း ရေးမှူးချုပ် Jean Pierre Lacroix

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး ကူညီဖို့ ကုလသမဂ္ဂက အခိုင်အမာဆုံးဖြတ်ထားတဲ့အကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းတပ်လုပ်ငန်းစဉ်များဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Jean Pierre Lacroix က တနင်္ဂနွေညက ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတုန်းမှာ သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပေးတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့စေတနာကြီးမားမှုကို သူက ချီးကျူးခဲ့ပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကလည်း အားကောင်းနေတာကိုတွေရတယ်လို့ သူကဆိုပါတယ်။ ပဋိပက္ခ ဖြစ်ပွါးရာ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းတပ် စေလွှတ်ချထားရေးအလားအလာနဲ့ပတ်သက်ပြီး သတင်း ထောက်တွေက မေးတဲ့အခါမှာတော့ ဒီကိစ္စအတွက် လိုအပ်ချက်တွေရှိကြောင်းပြောပါတယ်။

"ပထမအချက်က ငြိမ်းချမ်းရေးထိန်းတပ်တွေ စေလွှတ်ချထားရေးမှာ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချဖို့လိုပါတယ်။ စေလွှတ်ချထားမယ့်နိုင်ငံရဲ့ ခွင်ပြုချက်ရဖို့လည်းလိုအပ်ပါတယ်။ ငြိမ်းချမ်းရေးထိန်းတပ်စေလွှတ်တာဟာ နိုင်ငံရေးပဋိပက္ခ ဖြေရှင်းရေးမှာ နည်းလမ်းတခုဖြစ်ပြီး ဒါကိုအမြဲမသုံးစွဲနိုင်ပေမဲ့ အခုကိစ္စမှာတော့ ကုလသမဂ္ဂက အတော်အလေးအနက် ထားတယ်" လို့ မစ္စတာ Jean Pierre Lacroix ကပြောခဲ့တာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ်အနေနဲ့ ဘင်္ဂလား ဒေ့ရှ်ကို မကြာ ခင်ရက်အနည်းငယ်အတွင်းမှာ ရောက်လာဖို့ရှိပြီး ရိုဟင်ဂျာအရေးဦးစားပေးဖို့ရှိတယ်လို့လည်းဆိုပါတယ်။ မစ္စတာ Lacroix ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာစီနာအပြင်၊ နိုင်ငံခြားရေးဝန်ကြီး AH မာမွတ် အာလီတို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။

ကုလငြိမ်းချမ်းရေးထိန်းတပ်စေ လွှတ်ရာမှာ ဘင်္ဂဒေ့ရှ်နိုင်ငံကလည်း တက်တက်ကြွကြွပါဝင်ဆောင် ရွက်နေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ မစ္စတာ Lacroix ဟာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အပြီး အိန္ဒိယ၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံတွေကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည်အရေး ကုလငြိမ်းချမ်းရေးထိန်းတပ်အကြီးအကဲ ဘင်္ဂလားဒေ့ရှ်ကိုချီးကျူး