ပြန်ရေးအစီအစဉ်ဘေးကင်းပြီး အခွင့်အရေးအာမခံချက်ရဖို့ ဒုက္ခသည်တွေလိုလား

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး မြန်မာအစိုးရနဲ့ စစ်တပ်က လုံခြုံရေး အပြည့်အဝပေး စီစဉ်ပေးပြီး ခိုင်မာတဲ့ ဘဝအာမခံချက်တွေနဲ့ နေရပ်ရင်းတွေမှာ ပြန်လည်နေရာချထားပေးမယ်ဆိုရင် နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေနဲ့ ဒုက္ခသည်တွေရဲ့စိတ်ပူပင်မှုတွေကို လျော့ပါးစေမယ်လို့ ဒုက္ခသည်အရေး အကဲခတ်က သုံးသပ်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှဖက်ရောက်နေတဲ့ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ပထမဆုံးအသုတ်ကို အခု နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြန်လည်ခေါ်ယူဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေ စီစဉ်နေပါတယ်။ ဒုက္ခသည်တွေဖက်ကတော့ နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးပြီး ကျန်းမာရေး ပညာရေးစတဲ့ အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံရေးအာမခံမယ်ဆိုရင် ပြန်လာဖို့ အသင့်ရှိတယ်လို့တော့ ဆိုနေပါတယ်။ ပြန်လာကြတော့မယ့် ဒုက္ခသည်တွေအရေး သုံးသပ်ချက်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

လာမယ့်ကြာသပတေးနေ့ နိုဝင်ဘာလ ၁၅ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇သိန်းအနက်က ပထမဆုံးအုပ်စုလိုက်အသုတ်အနေနဲ့ ဒုက္ခသည် ၂၀၀၀ မြန်မာနိုင်ငံဘက်ကို အသုတ်လိုက် ပြန်လာဖို့ ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံအစိုးရတွေ စီစဉ်ထားပါတယ်။ ဒီဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့အတွက် သူတို့ တဦးချင်းဆန္ဒနဲ့အညီ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိပြန်နိုင်ရေး ဒုက္ခသည်တွေကိုယ်တိုင် အရင်သွားလေ့လာဖို့ မြန်မာအစိုးရဘက်က ခွင့်ပြုပေးဖ့ိုလည်း UNHCR ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂ မဟာမင်းကြီးရုံးက မနေ့တနင်္ဂနွေက ကြေညာချက်ထုတ်ပြန် နိုးဆော်တိုက်တွန်းထားပါတယ်။

အခု လို ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စိုးရိမ်ပူပင်နေကြပေမဲ့လို့ ရေရှည်ပြဿနာပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ပထမဆုံးအသုတ်ပြန်လာမယ့် ဒုက္ခသည်တွေ ပြန်လက်ခံမယ့်အစီအစဉ်တွေကို အောင်မြင်အောင် ဆောင်ရွက်သင့်ပါတယ်လို့ ရိုဟင်ဂျာဒုက္ခသည်အရေးလေ့လာသုံးသပ်နေသူ ဒေါက်တာခင်ဇော်ဝင်းက ရှု့မြင်ပါတယ်။

"ဒီကနဦး ၂၀၀၀ ကိုတော့ စမ်းပြီးတော့ လက်ခံသင့်တယ်။ တချို့ UN တို့ဘာတို့ အေဂျင်စီတွေကလည်း ကြိုက်မှာမဟုတ်ဘူးလေ။ သို့သော်လည်း ဒီလိုမှ စမ်းမလုပ်လို့ရှိရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို ဘယ်လိုမှ ပြောလို့မရဘူး။ ဒီလိုပဲဆက်ပြီးတော့ သွားတော့မှာလား ဟိုမှာလည်း ဒုက္ခတွေနဲ့လေ။ မြန်မာပြည်ဘက်က ဟိုဘက်က တောင်းသလို ဒါတွေအကုန်လုံးပြည့်စုံမှ ပြန်လာမယ်ဆိုရင်လည်း တော်တော်ကြာမယ်။ အကောင်းဆုံးလက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင် ဒီကနဦး ၂၀၀၀ ကိုတော့ စမ်းပြီးတော့ လက်ခံသင့်တယ်။ မြန်မာအစိုးရကလည်း ဒီဟာကို အောင်မြင်အောင်လို့ သူတို့အနေနဲ့ တွန်းရတော့မှာပဲ။ ဘယ်လောက်ပြည်တွင်းမှာ သဘောထားကွဲကွဲ ၊ ဆိုတော့ ပြောမယ်ဆိုရင် ဒီဟာက breakthrough တခုဖြစ်ဖို့အတွက် လမ်းစပေါ်လာမယ်လို့ မြင်ပါတယ်။"

အဓိကကတော့ မြန်မာအစိုးရဘက်က နိုင်ငံတကာရဲ့စိုးရိမ်ပူပင်မှုတွေကို လျော့ပါးသွားအောင်နဲ့ ဒုက္ခသည်တွေ ယုံကြည်မှုရအောင် သူတို့တောင်းဆိုနေတဲ့ နိုင်ငံသားအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးစတဲ့တောင်းဆိုချက်တွေကို လက်တွေ့ကျကျ လုံခြုံရေးအာမခံချက်ပေးပြီး စနစ်တကျစီစဉ်ပေးသင့်တယ်လို့လည်း ဒေါက်တာခင်ဇော်ဝင်းက အကြံပြုပါတယ်။

"ဝန်ကြီးတယောက်က သွားပြီးတော့ လာမယ့်ဒုက္ခသည်တွေကို ကြိုပြီး ကဲ မင်းတို့ကို ဒီမှာ ယာယီ နေရာချထားပေးမယ် ။ အဲလို အာမခံချက်တခုခုကိုတော့ သတ္တိရှိရှိနဲ့ ပေးရလိမ့်မယ် ကျနော်အတတ်နိုင်ဆုံးလုပ်ပေးမယ် အဲတော့ ပြန်လာခဲ့ကြပါဆိုပြီးတော့ ပေးရမှာပဲ။ တကယ်လုပ်ခြင်းဖြင့် ဒီဟာက စမ်းလိုက်တာပဲ။ အဲဒီတော့ နည်းနည်းလေး စွန့်စားရဲသူတွေ ပြန်လာကြပါစေပေါ့။ အဲဒီအခါကျမှ ဒီဘက်ကနေပြီးတော့ စကားမတည်ပဲ ၊ ညစ်ပတ်တယ်ဆိုတဲ့ စကားလုံးသုံးမယ်ကွာနော် ညစ်ပတ်တယ်ဆိုရင် သွားပြီ မှတ်တော့ ။ အရပ်သားအစိုးရရော၊ စစ်ဘက်ကရော ဘယ်လောက်စီစဉ်ထားထား ဘယ်လောက်မှန်သလဲ၊ ဘယ်လောက် သတ္တိရှိရှိအဖြေရှာရဲသလဲဆိုတာပြောတာ တိုင်းပြည်အတွက်ပြောနေတာ ။ တိုင်းပြည်က ပြောမယ်ဆိုရင် ကြာလေကြာလေ နစ်နေပြီလိုဖြစ်နေပြီ။ ဒီဟာကို သတ္တိရှိရှိမကိုင်တွယ်ရဲဘူးဆိုရင်တော့ အစိုးရ လုပ်မနေနဲ့။"

ဒုက္ခသည်တွေဖက်မှာ စိုးရိမ်ချက်က လုံခြုံရေးကိစ္စအပြင် NVC ကဒ်ထုတ်ပေးမယ်ဆိုတဲ့အပေါ်မှာလည်း မကျေလည်ကြပါဘူး။ အချို့က သူတိုကိုယ်သူတို နိုင်ငံသားဖြစ်ပြီးသားတွေလို့ ဆိုပြီး၊ အဲဒီအတွက် NVC ကဒ်ကို လက်ခံလိုက်ရင် နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးမှာကို စိုးရိမ်တာပါ။ တဖက်မှာ သူတို့စားဝတ်နေရေးနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေလည်းရှိပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည်အချို့ကတော့ နေရပ်ပြန်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး မပြန်လိုကြပါဘူး။ ပြန်ပို့မယ့်စာရင်းထဲမှာပါတဲ့ ဒုက္ခသည်ဆယ်ဂဏန်းလောက် စခန်းထဲကနေ ထွက်ပြေးသွားကြတယ်ဆိုပြီး ရိုဟင်ဂျာခေါင်းဆောင်တဦး ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားပါတယ်။ ပြန်ပို့မယ့်စာရင်းထဲမှာပါတဲ ့ဒုက္ခသည်တွေရဲ့ ဆန္ဒဘယ်လိုရှိသလဲဆိုတာကိုတော့ ဗွီအိုအေက သီးခြား မေးမြန်းဆက်သွယ်အတည်ပြုလို့ မရသေးပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် မောင်တောဒေသခံ ကျောင်းဆရာတဦးဖြစ်တဲ့ ဦးမောင်မောင်ကတော့ သူတို့ရဲ့ စိုးရိမ်မှုတွေကို အခြေခံခံထားတဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်ဆိုရင် ပြန်ပို့အဆင့်သင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါကို မြန်မာအရာရှိတွေလာတုန်းကလည်း တင်ပြခဲ့ပြီဖြစ်တယ်လို့ ပြောပါတယ်။

" အဓိကတောင်းဆိုချင်တာက ကျနော်တို့ မူလနိုင်ငံသားအခွင့်အရေးပေးရမည်၊ မူလနေရာတွေမှာ ပြန်ချပေးရမည်။ ကျနော်တို့ ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းတွေကို ကျနေ်ာတို့ကို ပြန်လည် ပိုင်ဆိုင်ခွင့်ပေးရမည်။ ကျနော်တို့ မြန်မာအစိုးရစီကနေ တောင်းဆိုထားတဲ့ အချက်အလက်တွေရှိတယ်။ အဲဒီတောင်းဆိုချက်ကို လိုက်လျောပေးမယ်ဆိုရင် ကျနော်တို့က နိုင်ငံတကာလုံခြုံရေးချပေးမယ်ဆိုရင် ကျနော်တို့က အကုန်လုံးသွားဖို့အဆင်သင့်ပါပဲလို့ ပြောချင်ပါတယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံပေမယ့် အဲဒီလူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်နေပါတယ်။ အခုသီတင်းပတ်အတွင်း တနေ့ကို ဒုက္ခသည် ၁၅၀ လောက် ၁၀ ရက်ကျော်ကြာကာလအတွင်း စုစုပေါင်း ဒုက္ခသည် ၂,၀၀၀ ကို ပထမအသုတ်အဖြစ်နဲ့ စတင် လက်ခံတောမှာဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ပြန်ရေးအစီအစဉ်ဘေးကင်းပြီး အခွင့်အရေးအာမခံချက်ရဖို့ ဒုက္ခသည်တွေလိုလား