ရိုဟင်ဂျာ ပြန်လက်ခံရေး အဆင်ပြေအောင် ကြားဝင်ညှိပေးနိုင်သူ လိုအပ်

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေဘက်က မြန်မာအစိုးရကို သူတို့ တောင်းဆိုထားတဲ့ နိုင်ငံသား အခွင့်အရေးအပြည့်အဝပေးဖို့နဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ အတွက် တရားမျှတမှုအပါအဝင် ဒုက္ခသည်တွေတောင်းဆိုထားတဲ့ အချက်တွေကို မြန်မာအစိုးရဘက်က လိုက်လျောမယ်ဆိုရင် ပြန်ဖို့အဆင်သင့်ပါပဲလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အများအပြား နေရပ်ရင်းကို ပြန်သွားကြဖို့ မြန်မာဘက်က အဆင်သင့်ဖြစ်နေတဲ့အနေအထားနဲ့ လက်တွေ့ကျတဲ့ အခြေအနေကို မတွေ့ရသေးဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီလိုအနေအထားမှာတော့ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာက ယုံကြည်ကိုးစားမှုရှိတဲ့ ဘက်မလိုက်တဲ့အဖွဲ့အစည်းက ကြားဝင်ဖြေရှင်းပေးမှပဲ ပြေလည်နိုင်မယ့် အနေအထားဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်တွေအရေး လေ့လာအကဲခတ်နေသူက သုံးသပ်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရိုဟင်ဂျာဒုက္ခသည် သိန်းချီ ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ တနှစ်နီးပါးကြာမြင့်လာတဲ့ အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွား သူ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်သွားကြတဲ့သတင်းမျိုးကို မရသေးသလို မြန်မာပြည်ဘက် က လည်း ပြန်လည် လက်ခံနေရာချထားရေး ဘယ်လိုအကောင်အထည်ဖော် နေတယ်၊ အဆင်သင့်ဖြစ်နေတယ် ဆိုတဲ့ လက်တွေ့ကျတဲ့ဆောင်ရွက်မှုတွေကို မတွေ့ရဘူးလို့ ကုလသမဂ္ဂက မနေ့သောကြာနေ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေဘက်ကတော့ မြန်မာအစိုးရကို သူတို့ တောင်းဆိုထားတဲ့ နိုင်ငံသား အခွင့်အရေး အပြည့်အဝပေးဖို့၊ ခိုင်မာတဲ့လုံခြုံရေးအာမခံချက်ပေးဖို့နဲ့ သူတို့ဆုံးရှုံးနစ်နာခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုတွေရစေဖို့ တောင်းဆိုချက်တွေကို အပြည့်အဝ ပေးမယ်ဆိုရင် သူတို့ဘက်ကလည်း နေရပ်ရင်းပြန်ဖို့အဆင်သင့်ပါပဲလို့ ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ကိုမျိုးသန့်က ဒုက္ခသည်တွေ တောင်းဆို ချက်တွေကို အခုလိုပြောပြပါတယ်။

“ဟုတ်ကဲ့ ခင်ဗျ။ ဒီ ကုလသမဂ္ဂနဲ့ မနေ့က ပြောသွားတာက လောလောဆယ် ဒီဒုက္ခသည်တွေ ပြန်ဖို့က အဆင်သင့်မဖြစ်သေးဘူးလို့ ပြောတာက မြန်မာနိုင်ငံရဲ့ အကြံဉာဏ်နဲ့ ပြောတာဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဘက်ကရှိနေတဲ့ ဒုက္ခသည်တွေအားလုံး သူတို့မူလနေရာကိုပြန်ဖို့ အဆင်သင့်ပါတဲ့။ သူတို့တောင်းဆိုကြတာ လိုက်လျောပေးမယ်ဆိုရင် သူတို့အကုန်လုံးပြန်ဖို့ အမြဲတမ်း အဆင်သင့်ပါ-တဲ့။ ကျနော်တို့ အဓိက တောင်းဆိုချင်တာကတော့ ကျနော်တို့ နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးဖို့၊ ပြီးတော့ ကျနော်တို့ဘဝ လုံခြုံရေးရှိဖို့၊ ပြီးတော့ သွားလာရေး ဘာအခက်အခဲမှမရှိဘဲနဲ့ သွားလာရေး အခွင့်အရေး ပေးဖို့၊ ပြီးတော့ ပညာရေးအခွင့်အရေး တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေးပါပဲ။ ပြီးတော့ ဘဝလုံခြုံဖို့က အဓိကပါ။ အဲဒီတော့ ကျနော်တောင်းဆိုချင်တာက အဲလိုပါ။”

ဒီလိုဒုက္ခသည်တွေ ပြန်လက်ခံဖို့ မြန်မာအစိုးရဘက်က အဆင်သင့်ဖြစ်နေပါပြီလို့ အခိုင်အမာပြောဆိုနေချိန်မှာ ကုလသမဂ္ဂဘက်ကတော့ တကယ်ရော အဆင်သင့်ဖြစ်နေရဲ့လားလို့ မေးခွန်းထုတ်နေတာမို့လို့ ဒီနှစ် ဘက် ကြားမှာ ယုံကြည်မှုတည်ဆောက်ရေးအတွက် ဘက်မလိုက်တဲ့ အဖွဲ့အစည်းတွေဘက်က ကြားဝင်ဖြေရှင်းပေးဖို့ လိုတယ်လို့အခြေအနေတွေကို စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအရေး ကူညီဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းတွေဆီသွားပြီး တွေ့ဆုံခဲ့သူ မြန်မာ နိုင်ငံရေးအကဲခတ် ဒေါက်တာခင်ဇော်ဝင်းက အခုလိုသုံးသပ်ပါတယ်။

“အဲဒီကိစ္စနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ တဘက်နဲ့တဘက်နဲ့ပေါ့လေ- လွန်ဆွဲသလို ဖြစ်နေတာပေါ့။ အခု မြန်မာအစိုးရကကျတော့ ဘယ်လို ဖြစ်နေသလဲဆိုတော့ ‘ဟား၊ အကုန်လုံး အဆင်သင့်ဖြစ်နေပြီ၊ သူတို့ကမှ မလာတာ။…’ ဆိုပြီး ပြောနေတယ်။ ဒါပေမယ့် အများစုက ကုလသမဂ္ဂအပါအဝင် NGOs တွေလည်းပါတယ်။ တခြား အစိုးရအဖွဲ့တွေလည်း ပါတယ်…ဒီဒုက္ခသည်တွေ ပြန်လာမယ်ဆိုလို့ရှိရင်ကော အပြန်မှာ သူတို့အနေအထားက အာမခံချက်မရှိဘူး-တဲ့။ အဲဒီနှစ်ခုနဲ့ ငြင်းနေကြတာ။ မြန်မာအစိုးရကလည်း သူကလည်း သူ့ position ကိုပဲ တလက်ကိုင်ပြီးတော့ ဖိပြီးတော့ ပြောနေတာပဲ။ ကျနော်တို့က ရယ်ဒီ… ကျနော်တို့က ရယ်ဒီ --- ပြောနေကြတာ။ အဲဒီတော့ ဟိုဘက်ကပြောနေတာက ကာယကံရှင် ဒုက္ခသည်တွေက ပြန်မလာရဲဘူး၊ ဘာအာမခံချက်ရှိလဲ-ဆိုတဲ့ဟာက ဘယ်သူမှ မဖြေနိုင်ဘူး ဖြစ်နေတာ။ တို့အထင်ကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဒီလိုနဲ့ကို အချိန်ကာလတခုကို သွားနေအုံးမယ်လို့ကို ထင်တယ်။ အဲဒီအခါကျတော့ ဒါကို ဘယ်လို ဖြေလျှော့မလဲ၊ ကုလသမဂ္ဂက အဆင့်မြင့်တဲ့လူတွေပေါ့ကွာ-aid ပေးနေတဲ့သူလောက်နဲ့ မရဘူး။ ပေါ်လစီပိုင်း လုပ်နိုင်မယ့်လူတယောက်လောက်က လာပြီးတော့ ‘ကဲ- ဒီလို ဒီလို လုပ်ဖို့ လိုလိမ့်မယ်…’ ဆိုပြီးတော့ အတိအလင်း ပြောရလိမ့်မယ်ဗျ။ မြန်မာအစိုးရတခုတည်းတင် မဟုတ်ဘူး။ ဒီလုပ်ငန်းစဉ်တခုလုံးရဲ့ ယုံကြည်ကိုးစားနိုင်မှု အခြေအနေ၊ နော်- အများပြည်သူ ….မယ့် အခြေအနေ တခုကိုရော အပြည့်အဝ မရသည့်တိုင်အောင် အထိုက်အလျှောက်တော့ တည်ဆောက်ရလိမ့်မယ်။ ဒါမှလည်း လူတွေက ယုံကြည်ပြီး လိုက်လျောမှာပေါ့။ အဲဒါ ဖြစ်မလာသေးဘူး။ ဒီဘက်ကလည်း One Position ဗျာ၊ ဟိုဘက်ကလည်း One position ပြော၊ အဲဒီနှစ်ခုထဲမှာကို ဘော်လီဘော ပုတ်နေသလိုပဲ။ credibilityတည်ဆောက်ရမယ်။ မြန်မာအစိုးရကတော့ တည်ဆောက်လို့ မရတော့ဘူး။ အဲဒါကတော့ very sorry ပဲ၊ လုပ်လို့မရတော့ဘူး။ အကောင်းဆုံးကတော့ UN ပဲ။”

ဒီအတောအတွင်းမှာပဲ ရခိုင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာဘက်က လက်မခံတာဟာ “ သူတို့ဘာကိုများဖုံးကွယ်နေတာလဲ”လို့ သြဂုတ်လ ၃၁ ရက်နေ့မှာ တာဝန်ထမ်းဆောင်တဲ့ သက်တမ်းကုန်ဆုံးတော့မယ့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Zeid Ra’ad al-Hussein က မေးခွန်းထုတ်ခဲ့တာပါ။

အခုလို ကုလဘက်က မေးခွန်းထုတ်လာပြီဆိုတော့ -မြန်မာအစိုးရဘက်က အခုရက်ပိုင်းမှာပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်အသစ်တရပ်ဖွဲ့စည်းရုံလောက်နဲ့တော့ ကုလကိုယုံကြည်အောင် လုပ်ပြနိုင်မှာမဟုတ်ဘူး လို့ဒေါက်တာခင်ဇော်ဝင်းက ရှုမြင်ပါတယ်။

“ဒီစကားကို အရင်က မစ္စ် ယန်ဟီးလီက ပြောဖူးတယ်။ ဖုံးကွယ်စရာတွေရှိနေလို့ ကုလသမဂ္ဂဝင်တာကို လက်မခံနိုင်တာလို့ ပြောဖူးတယ်။ တသံတည်းပဲ၊ တသံတည်းပဲ။ ခုနက ပြောသလိုပေါ့။ ကြာလေ ကြာလေ ယုံကြည်မှုက ကျဆင်းလေ ဖြစ်နေတာ။ ဒါတွေကလေ။ အကောင်းဆုံးကတော့ UN ပဲ။ အဲဒီတော့ UN ကပဲ အဲဒီကိစ္စကို ဆက်ပြီးတော့ ညှိနှိုင်းပေးရမှာပဲ။”

ကုလသမဂ္ဂရဲ့ ကြာသပတေးနေ့က မေးခွန်းထုတ်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က တာဝန်ရှိ သူတွေကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို တိမ်းရှောင်သွားတဲ့ ရည်ညွန်းသုံးစွဲတာဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာအစိုးရဘက်က မူဆလင်အသိုင်းအဝိုင်းလို့ပဲ ရည်ညွှန်းသုံးစွဲတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်းက ရိုဟင်ဂျာကလေးငယ်များ စာသင်နေကြစဉ်။