ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှု လူမျိုးတုန်းသတ်ဖြတ်မှု မြောက်ကြောင်း Holocaust ပြတိုက် ထုတ်ပြန်

ရခိုင်ပြည်နယ် မြောက်ပိုင်း ဂေါ်ဒူသာရ ရွာက ရိုဟင်ဂျာ အိမ်တွေ မီးရှို့ခံရစဉ် (စက်တင်ဘာလ ၇၊ ၂၀၁၇)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေအပေါ် ဖိနှိပ်မှုဟာ Genocide လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း ယုံကြည်စိတ်ချရတဲ့ အထောက်အထားကို သူတို့ရရှိထားပြီဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု Holocaust မှတ်တမ်း ပြတိုက်က မနေ့ တနင်္လာနေ့က အခိုင်အမာ ကြေညာလိုက်ပါတယ်။

အခုလို လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်တဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေတွေနဲ့အညီ အရေးယူနိုင်ရေး အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖိအားပေး ဆောင်ရွက်ဖို့လည်း ပြတိုက်တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

အမေရိကန်ပြည်ထောင်စု Holocaust မှတ်တမ်းပြတိုက်အနေနဲ့ ဒီကြေညာချက် မထုတ်ပြန်ခင် အရင်နှစ်ပေါင်းအတန်ကြာကတည်းက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်အဆင့်ထိ ရောက်နေကြောင်း သူတို့ပြုစုထားတဲ့ မှတ်တမ်းအစီရင်ခံစာတွေထုတ်ပြန်ပြီး ပြတိုက်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးလာခဲ့တာဖြစ်ပါတယ်။

ဒီတကြိမ် ပြတိုက်က အခိုင်အမာကြေညာချက် ထုတ်ပြန်တာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု Holocaust ပြတိုက်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာ စောင့်ကြည့်ရေးကော်မတီ ဥက္ကဌ Lee Feinstein က တနင်္လာနေ့က ပြုလုပ်တဲ့ တယ်လီကွန်ဖရင့် ဆွေးနွေးပွဲမှာ အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေကို မြန်မာစစ်တပ်က ဖိနှိပ်ရာမှာ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု၊ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု စတာတွေကို ကျူးလွန်ခဲ့ကြောင်း ယုံကြည်ရတဲ့ အထောက်အထားတွေကို ကျနော်တို့ရရှိထားပြီဆိုတာ Holocaust ပြတိုက်ကြီးအနေနဲ့ ဒီကနေ့မှာ ကြေညာပါတယ်။ အဖွဲ့အစည်းတရပ်အနေနဲ့ ဒီလို သတ်မှတ်ပြောဆိုဖို့ ပေါ့ပေါ့တန်တန်လုပ်ခဲ့တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေပြီဆိုတဲ့ ကြိုတင်သတိပေးတဲ့ အစီရင်ခံစာကို ပြတိုက်အနေနဲ့ ထုတ်ပြန်ခဲ့တာပါ။"

သူကိုယ်တိုင်လည်း မြန်မာနိုင်ငံကို ၂၀၁၈ခုနှစ် ဇူလိုင်လက သွားရောက်ပြီး ရခိုင်ပြည်နယ်က အခြေအနေတွေကို ကိုယ်တိုင် သွားကြည့်ခဲ့တယ်လို့ Lee Feinstein ကပြောပါတယ်။ ဒါအပြင် သူတို့ကိုယ်တိုင် စုဆောင်းရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်မှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ မရှိသေးသလို၊ ရိုဟင်ဂျာတွေအတွက် အခြေအနေတွေဟာ လုံခြုံစိတ်ချရမှုမရှိသေးပဲ အန္တရာယ်တွေ ဆက်ပြီးရှိနေဆဲပဲဆိုတာ ဖေါ်ပြနေကြောင်း Lee Feinstein ကဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့က ၂၀၁၇ခုနှစ် သြဂုတ်လမှာ လုံခြုံရေး စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ မှာ မြန်မာစစ်တပ်က တန်ပြန်နှိမ်နင်းတဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးမှာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လက္ခဏာတွေပြနေကြောင်း Holocaust မှတ်တမ်းပြတိုက်က အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။ ဒါကြောင့်လည်း မနေ့က ပြတိုက်ရဲ့ ကြေညာချက်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်လို့ သတ်မှတ်ပြောဆိုခဲ့ရတဲ့ အဓိက အကြောင်းရင်းကို Holocaust ပြတိုက်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကာကွယ်ရေး Simon-Skjodt စင်တာရဲ့ လက်ထောက်ညွန်ကြားရေးမှူး Naomi Kikoler က တယ်လီကွန်ဖရင့် ဆွေးနွေးပွဲမှာ အခုလို ပြောသွားပါတယ်။

"မနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအတွက် အချက်နှစ်ချက်ကို ကြည့်ပါတယ်။ တချက်ကတော့- ဆယ်စုနှစ်ကျော်ကြာ ရိုဟင်ဂျာတွေကို စနစ်တကျ ဖိနှိပ်ခဲ့တာဖြစ်ပါတယ်။ နောက်တချက်ကတော့ ၂၀၁၇ သြဂုတ်လက နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာတွေကို ညှမ်းပမ်းနှိပ်စက်ခဲ့တဲ့ အခြေအနေတွေဖြစ်ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်ဖို့ ကြိုးစားတဲ့ အချက်တွေကို ကျမတို့ တွေ့ခဲ့ရပါတယ်။"

Holocaust မှတ်တမ်း ပြတိုက်အနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights နဲ့ ပူးပေါင်းပြီး မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို စုံစမ်းပြုစုခဲ့ကြောင်း Naomi Kikoler ကဆိုပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ဂျူးလူမျိုးတွေကို နာဇီတွေ အဆိပ်ဓါတ်ငွေ့ပေး အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ Holocaust ဖြစ်ရပ်ကို ကြုံတွေခဲ့တဲ့ မျိုးဆက်တွေအနေနဲ့ ဒီကနေ့ခေတ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ကာကွယ်တားဆီးဖို့ တာဝန်ရှိနေသလို၊ သမိုင်းဖြစ်ရပ်တွေကို မှတ်တမ်းတင် ပြုစုခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်လှတဲ့ ညှမ်းပမ်းနှိပ်စက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်ဆိုတဲ့ သက်သေအချက်အလက်တွေကို ပြုစုခဲ့တာဖြစ်တယ်လို့ Naomi Kikoler က ပြောပါတယ်။

အခုလို အမေရိကန်ပြည်ထောင်စု Holocaust မှတ်တမ်းပြတိုက်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကြေညာချက်ထုတ်ပြန်တဲ့ နေ့ တနင်္လာနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဌာနက ကန်ထရိုက်ပေး ငှားရမ်းထားတဲ့ လူ့အခွင့်အရေး ဥပဒေအဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို ရာဇဝတ်ခုံရုံးဖွဲ့ စစ်ဆေးဖို့ အရေးတကြီး လိုအပ် နေကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံသမိုင်းမှာ အစဉ်တလျောက် ပြစ်မှုကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေနဲ့အညီအရေးယူနိုင်ရေး အစပျိုးပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း Naomi Kikoler က တယ်လီကွန်ဖရင့် ဆွေးနွေးပွဲမှာ အခုလိုပြောပါတယ်။

"နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးယူဖို့နဲ့ အလေးပေးဆောင်ရွက်ဖို့ ဒီအစီရင်ခံစာက အထောက်အကူပြုပေးနိုင်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။"

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှု အခြေအနေတွေနဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် မောင်းထုတ်ခဲ့တဲ့အခြေအနေဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု မြောက်တာကြောင့် အဓိကတာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ဖက်အကြီးအကဲ (၆)ဦးကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ဒါမှမဟုတ် နိုင်ငံတကာ တရားရုံးတခုခုကနေ စစ်ဆေး အရေးယူဖို့ သြဂုတ်လ (၂၅)ရက် ၂၀၁၈ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှု လူမျိုးတုန်းသတ်ဖြတ်မှု မြောက်ကြောင်း Holocaust ပြတိုက် ထုတ်ပြန်