ရခိုင်ပြည်နယ်က မွတ်ဆလင်အကြောင်း စာအုပ်ထုတ်ရေး ဆိုင်းထားဖို့ မြန်မာအစိုးရကို တိုက်တွန်း

သြစတေးသျှနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာလူမှုအသိုင်းအဝိုင်းတွေ တွေ့ဆုံစဉ်

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ကနေ စာအုပ်တအုပ်ထုတ်ဖို့ ပြင်ဆင်နေတယ်ဆိုတာကို ဆိုင်းငံထားဖို့ဆိုပြီး၊ သြစတေးသျှနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာလူမှုအသိုင်းအဝိုင်းတွေ တွေ့ဆုံစဉ်မှာ အကြံပြုတင်ပြတာရှိခဲ့ပါတယ်။ သြစတေးသျှနိုင်ငံ New South Wales တက္ကသိုလ်က ဒေါက်တာသိန်းမိုးဝင်းက တင်ပြခဲ့တာဖြစ်ပြီး၊ အဲဒီမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါသွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အကြံပြုစာတမ်းကို လက်ခံယူခဲ့ပါတယ်။ အဲဒီ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အရင်ဆုံးမိန့်ခွန်းပြောခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ပြည်ထောင်စုဝန်ကြီးနှစ်ဦးနဲ့ မြန်မာမိသားစုတွေ အပြန်အလှန်မေးမြန်းဖြေကြားမှုတွေလုပ်ခဲ့တာပါ။ ဒီ အကြံပြုစာတမ်း ဘာကြောင့်တင်လဲဆိုတာ နဲ့ပတ်သက်လို့ ဒေါက်တာသိန်းမိုးဝင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာသိန်းမိုးဝင်း။ ။ကျနော်အနေနဲ့ အဓိကဆွေးနွေးခဲ့တာက ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုကနေပြီးတော့ ဘင်္ဂလီ မွတ်ဆလင်သမိုင်းစာအုပ်ကိုထုတ်ပါမယ် အဲဒီဟာကို နိုင်ငံတော်အတိုင်ပင်ခံကို အတည်ပြုပေးဖို့အတွက်ကို တင်ထားတယ်ပေါ့နော် အဲလိုပြောသွားတဲ့အခါမှာ ကျနော့်အနေနဲ့ အရမ်းစိုးရိမ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံသည် ဘင်္ဂလီ မွတ်ဆလင်သမိုင်းစာအုပ်ဆိုသည်ကို အတည်ပြုခြင်း အလျင်းမသင့်တော်ပါကြောင်း ခေတ္တဆိုင်းငံ့သင့်ပါကြောင်း ကျနော်အကြံပြုပါတယ်။ ၁ အမေစုသည် Professional သမိုင်းပညာရှင်မဟုတ်သည့်အတွက်ကြောင့် သမိုင်းပညာရှင်တွေ ပြုစုထားသည်ဆိုသည့်စာအုပ်ကို အတည်ပြုပေးခြင်း အလျင်းမသင့်တော်ပါကြောင်း ၊ နံပတ် ၂ အချက်ကတော့ ကမ္ဘာကို ငြင်းဖို့ ဒီစာအုပ်ထုတ်ရခြင်းဖြစ်တယ်လို့ ပြောသွားတော့ သမိုင်းစာအုပ်သည် သမိုင်းအပေါ်မှာ အခြေခံပြီး ထုတ်တာမျိုးသာဖြစ်သင့်ပါတယ်။ တစုံတရာကို ငြင်းဖို့အတွက် ရည်ရွယ်ပြီးတော့ ထုတ်တာအားဖြင့် သမိုင်းအချက်အလက်များ သွေဖီသွားမယ်ဆိုပါက နိုင်ငံတော်အတွက်လည်းမကောင်းသလို ခံနိုင်ငံတော်အတိုင်ပင်ခံမှာလည်း လွန်စွာထိခိုက်နိုင်ပါတယ်။ ပြန်လည်ထူထောင်ရေးမှာရော အမုန်းတရားကင်းစင်ရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းမှာရော လွန်စွာမကောင်းပဲ အစိုးရအတွက်အလုပ်လုပ်ရတာ အကျပ်အတည်းဖြစ်သွားပါတယ်။

ကိုသားညွန့်ဦး။ ။ဒီထုတ်မယ့်စာအုပ်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိဘူးလို့ အခိုင်အမာပြဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဒေါက်တာသိန်းမိုးဝင်းကရော ဘယ်လိုများသိထားပါသလဲ။

ဒေါက်တာသိန်းမိုးဝင်း။ ။ဒီလို ရိုဟင်ဂျာ မရှိဘူး ဘယ်အချိန်က သူတို့တွေရောက်တယ် သူတို့ဘာတွေလုပ်တယ်ဆိုတာတွေကို အဓိကထောက်ပြချင်တယ်လို့ ပြောသွားတယ်။ ကျနော့်အနေနဲ့ကတော့ ရိုဟင်ဂျာ ရှိတယ် မရှိဘူး ဆိုတာပြောလို့မရဘူး။ နိုင်ငံတော်ကိစ္စဖြစ်တယ် အခုအချိန်မှာ အစိုးရအနေနဲ့ ၂ နှစ်သားပဲရှိသေးတော့ ဒါကြီးကို အထောက်အထားအသည်းအသန်ဆွဲထုတ်ပြီး ဒီအချိန်မှာ ပြလို့မသင့်တော်ဘူးလို့ထင်တယ်။

ကိုသားညွန့်ဦး။ ။သူတို့ ထုတ်မယ့် သမိုင်းစာအုပ်နဲ့ ပတ်သက်ပြီးတော့ ဒေါက်တာသိန်းမိုးဝင်း သိထားတာရှိပါသလား။ ဘယ်သူကပြုစုသလဲ ဘယ်သူရေးသလဲဆိုတာ

ဒေါက်တာသိန်းမိုးဝင်း။ ။သူရဦးအောင်ကိုလည်း အဲဒါကို ပြောသွားတာမရှိဘူး။ စာတန်းကို သမိုင်းပညာရှင် တွေကို ဖော်ပြပေးထားတယ်ဆိုတာ အကျဉ်းလောက်ပဲ Intro မှာ ပါလာပြီး လေ့လာဖို့ပေးထားတယ် အဲလောက်ပဲ ကျနော်သိရတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ဒေါက်တာသိန်းမိုးဝင်းပြောတဲ့အချက်မှာ သူဘယ်လို ပြန်ပြီးတော့ တုံ့ပြန်ထားသလဲခင်ဗျ

ဒေါက်တာသိန်းမိုးဝင်း။ ။သူပြောတာက အရမ်းကျေးဇူးတင်တယ်ပေါ့နော် သူတို့အနေနဲ့လည်း လက်တလောထုတ်ဖို့ အစီအစဉ်မရှိသေးဘူး။ ဒါနိုင်ငံတော်အနေနဲ့ကလည်း သီးသန့် Research လုပ်မှာပါပေါ့ အဲဒါနဲ့ ပတ်သက်ပြီးလည်း ဒီ ANU ဘက်မှာ oxford ဘက်မှာရော research လုပ်တဲ့လူတွေကိုလည်း အကြောင်းကြားထားတယ်ဆိုတာ နည်းနည်းလေးတော့ပြောသွားတယ်။

ကိုသားညွန့်ဦး။ ။ဆိုလိုတဲ့သဘောက အစိုးရအနေနဲ့ ထုတ်မယ်ဆိုတဲ့ အစီအစဉ်တွေ ရှိထားတဲ့သဘောလား သူတို့က သုတေသနတွေလုပ်နေပြီဆိုတော့။

ဒေါက်တာသိန်းမိုးဝင်း။ ။သူရဦးအောင်ကိုပြောတဲ့အချက်နဲ့ကသွားတူတယ်။ စာအုပ်က အားလုံး prepare လုပ်ပြီးသား information က နိုင်ငံတော်ရုံးကို ပေးထားပြီးသား ။ သူနောက်ဆုံးပြောသွားတာကတော့ information ကလောလောလတ်လတ်တော့ ထုတ်ဖို့မရှိဘူး။ သို့သော်လည်း တဖက်ကတော့ research လုပ်နေတယ်ဆိုတာမျိုးကို သူ့ဘက်ကနေပြီးတော့ ပြောသွားတာ တွေ့ရတယ်။

ကိုသားညွန့်ဦး။ ။ကျနော်နောက်ဆုံးတခုမေးချင်တာကတော့ ဒေါက်တာသိန်းမိုးဝင်းပေးလိုက်တဲ့စာကို ဦးသောင်းထွန်းကလက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထဲကိုရောက်မယ်လို့ ယူဆရပါသလား။

ဒေါက်တာသိန်းမိုးဝင်း။ ။အမှန်တကယ်က State Counselor Office လူတွေရော မီဒီယာတွေရော ၊ နောက်နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေရော မီဒီယာတွေရော ၊ နောက်မြန်မာသံရုံးက ပုဂ္ဂိုလ်တွေရော မီဒီယာတွေရောအကုန်လုံးရှိကြတယ် ကျနေ်ာတို့ Sydney ရောက်မြန်မာ Community ရော အကုန်လုံးရှိကြတယ်။ ဒီဟာကို သေချာရှင်းပြတယ် ဝန်ကြီးကလည်း Process လုပ်ပါမယ်လို့ ပြောတဲ့အတွက် ကျနော်ယုံတယ် အမေစုလက်ထဲကို ရောက်သွားမယ်လို့။”

ဒေါက်တာသိန်းမိုးဝင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်က မူဆလင်အကြောင်း စာအုပ်ထုတ်ရေး ဆိုင်းထားဖို့ မြန်မာအစိုးရကိုတိုက်တွန်း