ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ လေးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တည်ဆောက်ဖို့ ကျန်ရှိနေတဲ့ စခန်းတွေ အပြီးသတ်အောင် ဆောက်ဖို့ ကတိပေးခဲ့သလို မြန်မာနိုင်ငံဘက်က ဒုက္ခသည် ပြန်လည် လက်ခံရေး ပြင်ဆင်ထားတဲ့အခြေအနေတွေကို ပြသခွင့်ရခဲ့အတဲ့အကြောင်း မြန်မာအစိုးရဘက်ကပြောပါတယ်။ တချိန်တည်းမှာ ARSA အကြမ်းဖက် အုပ်စုနဲ့ နယ်စပ်တလျှောက် မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေကို တိုက်ဖျက်ဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
တနင်္ဂနွေနေ့က ပြီးဆုံးသွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ရဲ့ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူ ဒုက္ခသည်တွေ တွေကို ပြန်လည်လက်ခံရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဒီတခေါက်ဆွေးနွေးရာမှာတော့ အရင်တခါက လိုက်လျောခဲ့ခြင်းမရှိတာတွေကို သဘောတူညီခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ က အခုလိုပြောပါတယ်။
"အဓိကအားဖြင့်တော့ ကျွန်တော်တို့ ၂ ဖက် သဘောတူညီလို့ရတဲ့ အရာတွေအားလုံးက သူတို့ဘက်က အရင်တုန်းက လိုက်လျောခဲ့ခြင်းမရှိတဲ့အချက်တွေပါ ဥပမာအားဖြင့်ဆိုရင် ကျွန်တော်တို့ဘက်က ပြန်လည် လက်ခံရေး စခန်း ၂ ခု ကြားစခန်းတခုက ကျွန်တော်တို့ နိုဝင်ဘာထဲက သဘောတူတဲ့ဟာကို အကောင်အထည် ဖော်ခဲ့တာပါ။ သူတို့ဘက်က နယ်စပ်မှာ စခန်း ၅ ခုမှာ ၁ခုပဲပြီးပါသေးတယ်။ ကျန်တဲ့ ၁ ခုက ဆောက်လက်ဆ ၃ ခုက လုံးဝမဆောက်ရသေးဘူး။ ဒါတွေက အခုအစည်းအဝေးမှာ ဒါတွေကို အမြန်ဆုံး ဆောက်မယ်ဆိုပြီး ကတိကဝတ်ပြုသွားပါတယ်။ အဓိကအားဖြင့်တော့ ကျွန်တော်တို့ဘက်က ဆောင်ရွက် ထားတဲ့ဟာကို ရှင်းပြနိုင်ခဲ့တဲ့အပြင် သူတို့ဘက်က မဆောင်ရွက်နိုင်သေးတဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ လည်း ကျွန်တော်တို့ တိုက်တွန်းညှိနှိုင်း ရရှိခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ သူတို့ဘက်ကြားထဲမှာ လိပ်ခဲတည်းတည်း ဖြစ်နေတဲ့ ကိစ္စရပ်လေးတွေကို အဖြေရှာဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက် ဝန်ကြီးအဆင့် Hot Line စတင် ဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။ နောက်ဆုံးတချက်ကတော့ ကျွန်တော်တို့ Joint Working Group ပေါ့လေ ကျွန်တော်တို့ ပူးတွဲလုပ်ငန်းအဖွဲ့ မြန်မာဘက်က ပူးတွဲလုပ်ငန်းအဖွဲ့ကို ကော့ဘဇားကို လာမယ့် အောက်တိုဘလမှာ လာဖို့ သူတို့ဖိတ်သွားပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သူတို့ဘက်က စခန်းတွေ နောက်စခန်းတွေမှာရှိတဲ့သူတွေနဲ့ သွားပြီးတွေ့ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင်သူတို့ ၂ ဖက် သူတို့ဘက်က ဆောက်လုပ်ဖို့ ကျန်နေတဲ့ စခန်းတွေ ဆောက်ဖို့ ကတိကဝတ် ပြုသွားပါတယ်။ ဒါကျွန်တော်တို့ ဒီအစည်းအဝေး ရဲ့ ထူးခြားတဲ့ ရလဒ်တွေပါ။ "
ARSA အကြမ်းဖက်အဖွဲ့အပြင် နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေကို ပူးပေါင်း တိုက်ဖျက်ဖို့ သဘောတူညီခဲ့တယ်လို့ ဦးမြင်သူက ဆက်ပြောပါတယ်။
"သူတို့ဘက်ကနေ ဒါကိုအမြန်ဆုံး အရေးယူဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ပါတယ်။ နောက်တခုက ARSA အကြမ်းဖက်တင်မဟုတ်ပါဘူး။ သူတို့နိုင်ငံမှာလည်း အကြမ်းဖက်မှုကို ရှုံချပါတယ်။ ဒါ့အပြင် နယ်စပ်မျဉ်း တလျောက်မှာ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ဒါတွေကိုလည်း ကျွန်တော်တို့ ပူးပေါင်း တိုက်ဖျက်သွားဖို့ သဘောတူညီခဲ့ပါတယ်။"
ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ဟာ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ဒုက္ခသည် ပြန်လည် လက်ခံရေး စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ နှစ်နိုင်ငံနယ်ခြား၊ နယ်စပ်ခြံစည်းရိုးမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ မူရင်းနေရပ်တွေကို ပြန်သွားအောင် ကူညီပေးဖို့၊ အကူအညီပေးနေတာတွေကို ထိန်းပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း့ ဦးမြင့်သူက ပြောပါတယ်။
"တချိန်တည်းမှာပဲ ICRC နဲ့ လူသားခြင်းဆိုင်ရာ အကူအညီတွေကို ပေးဖို့လုပ်တာကို ဆွေးနွေးခဲ့ပါတယ်။ သူတို့ ဘက်ကဒီ INGO တွေ ဟိုဘက်ကနေ ဒီနိုင်ငံတကာ နယ်နိမိတ်မျဉ်းကြောင်းနဲ့ ကျွန်တော်တို့ နယ်နမိတ်ကြားထဲ မှာ နေနေတဲ့လူတွေကို သူတို့ဘက်ကနေ ပေးနေတဲ့ဟာတွေကို သူတို့ထိန်းပေးပါ့မယ်။ ကျွန်တော်တို့ဘက်က လည်း UNHCR တို့ ICRC တို့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ဘက်ကနေ ဒီပုဂ္ဂိုလ်တွေကို စားနပ်ရိက္ခာ ကူညီ ပေးပါ့မယ်။ တဖြေးဖြေးနဲ့ ဒီနေရာကနေ သူတို့နေရာတွေ မူရင်းကျေးရွာတွေ ပြန်သွားဖို့ ဆောင်ရွက်သွား မှာပါ။"
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ဟာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး လူမှု အသိုင်းအဝိုင်း ၂ ခုအကြား လက်ရှိဖြစ်ပေါ်နေတဲ့ ပြသာနာတွေပြေလည်ပြီး ပြန်လည် ထူးထောင်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။
Your browser doesn’t support HTML5