(zawgyi/unicode)
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူပြောင်းရေးမှာ နိုင်ငံတွင်း ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုအခွင့်အရေးအကာအကွယ်ပေးဖို့ မဖြစ်မနေအရေးကြီးတာကြောင့်၊ ဒီအခွင့်အရေးတွေကို အာမခံမယ့် ဥပဒေနဲ့မူဝါဒဆိုင်ရာပြင်ဆင်မှုတွေလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က မြန်မာအစိုးရကို တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့အခြားလူနည်းစုအရေးနဲ့ပတ်သက်လို့ ကုလမဟာမင်းကြီးက အခုကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဒီကနေ့ အစီရင်ခံစာ တင်သွင်းတာပါ။ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ICJ နိုင်ငံတကာတရားရုံးရဲ့ ကြားဖြတ်အစီအမံကို မြန်မာအစိုးရအနေနဲ့ လက်ခံဆောင်ရွက်ဖို့ကိုလည်း အဖွဲ့ဝင်နိုင်ငံအတော်များများက တိုက်တွန်းကြပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ပြောပြမှာပါ။
မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာနဲ့လူနည်းစုလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံမှာ ရာစုနှစ်ဝက်ကျော် ရှိနေခဲ့တဲ့ ဥပဒေတွေနဲ့ အစိုးရမူဝါဒတွေမှာ လူနည်းစုဘာသာဝင်တွေနဲ့ လူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံတာ ဖယ်ထုတ်တာတွေ ရှိနေတယ်လို့ ထောက်ပြပြီး၊ ဒီလို မူဝါဒတွေကြောင့် အကြမ်းဖက်မှုတွေ ဆင်းရဲမွဲတေမှုတွေနဲ့ အမြတ်ထုတ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ သုံးသပ်ထားပါတယ်။ ဒါ့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမျိုးတွေကြောင့် ရိုဟင်ဂျာတွေနဲ့ အခြားမွတ်ဆလင်တွေ နိုင်ငံမဲ့ဖြစ်သွားစေတဲ့ အခြေအနေကို ဆိုက်ရောက်သွားစေတယ်လို့ ထောက်ပြပါတယ်။ ဒါကြောင့်လည်း ဒီမူဝါဒတွေကို ပြင်ဆင်မှုလုပ်ဖို့ ကုလ မဟာမင်းကြီးက တိုက်တွန်းပါတယ်။
“ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေကို ဖျက်ပစ်ရပါမယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်ဟာ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ခွဲခြားဆက်ဆံမှုတွေမရှိဖို့ လူနည်းစုအခွင့်အရေးတွေကို အာမခံဖို့ တကယ့်အခွင့်အလမ်းကောင်းပါ။”
ဆယ်စုနှစ်နဲ့ချီကြာနေတဲ့ အာဏာရှင်အုပ်ချုပ်မှုကနေ အသွင်ပြောင်းလာချိန်မှာ နိုင်ငံခြားသား မုန်းတီးမှုတွေနဲ့ အကြမ်းဖက်မှုတွေ တိုးလာတာတွေကြောင့်၊ မြန်မာနိုင်ငံအသွင်ကူးပြောင်းမှုဟာ ဖိအားတွေနဲ့ မသေချာမှုတွေ ရင်ဆိုင်နေရတယ်လို့လည်း ကုလ မဟာမင်းကြီးက ပြောပါတယ်။ လွတ်လပ်လာတဲ့ အင်တာနက်အွန်လိုင်းတွေကတဆင့် အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုတွေဟာ အကြမ်းဖက်မှုတွေနဲ့ မုန်းတီးမှုတွေနဲ့ လူမှုအဓိကရုဏ်းတွေဖြစ်လာအောင် လှုံ့ဆော်လာတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ အခြားလူနည်းစုတွေအပေါ် ရန်လိုမုန်းတီးမှုတွေနဲ့ လှုံ့ဆော်မှုတွေ တိုးလာတာကို ကိုင်တွယ်ဖြေရှင်းသွားဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားသလို၊ ပန်းစကားလို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုမျိုး၊ ဘာသာစုံချစ်ကြည်ရေး လှုပ်ရှားမှုမျိုးတွေကို အားပေးထောက်ခံရမယ်လို့ ကုလ မဟာမင်းကြီးက ပြောပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုလက်မခံသလို၊ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြတယ်ဆိုတာကိုလည်း ငြင်းဆန်ထားပါတယ်။
တချိန်တည်းမှာပဲ ICJ နိုင်ငံတကာတရားရုံးကနေ ရိုဟင်ဂျာလူနည်းစုတွေအကို အကာအကွယ်ပေးဖို့ ကြားဖြတ်အစီအမံတွေ ချမှတ်ထားတာကိုလည်း လိုက်နာဆောင်ရွက်ဖို့လည်း သူက တိုက်တွန်း ပါတယ်။
“ ICJ နိုင်ငံတကာတရားရုံးကနေ ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံတွေကို မြန်မာအစိုးရအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုပါတယ်။ ”
ပဋိပက္ခတွေဖြေရှင်းပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာ လူနည်းစုအခွင့်အရေးတွေက မဖြစ်မနေ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံသားဖြစ်မှုဥပဒေအပါအဝင် ဥပဒေရေးရာနဲ့ မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အပြင်၊ အမျိုးသားလက္ခဏာသစ်တရပ်ကို ပေါ်လွင်စေပြီးတော့ မတူကွဲပြားမှုတွေအပေါ် နားလည်လက်ခံတဲ့ ပညာရေးတရပ်ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်လို့လည်း ထောက်ပြပါတယ်။ နက်နက်ရှိုင်းရှိုင်းကွဲပြားမှုဖြစ်နေတာတွေကို ကုစားဖို့ဆိုရင် အသွင်ကူးပြောင်းရေး တရားမျှတမှုရှာဖွေရေး လုပ်ငန်းစဉ်တွေက အထောက်အကူဖြစ်နိုင်တယ်လို့လည်း ကုလမဟာမင်းကြီးက ပြောခဲ့ပါတယ်။
ကုလ မဟာမင်းကြီးရဲ့ ဒီအစီရင်ခံစာအပေါ် နိုင်ငံအတော်များများက ဆွေးနွေးရာမှာ ICJ နိုင်ငံတကာတရားရုံးက ချမှတ်ခဲ့တဲ့ ကြားဖြတ်အရေးပေါ်အစီအမံကို လိုက်နာဖို့ မြန်မာအအစိုးရကို တိုက်တွန်းကြပါတယ်။ တရုတ်အပါအဝင် အိမ်နိးချင်းနိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ချုပ်ဆိုထားတဲ့ သဘောတူညီချက်အတိုင်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ တိုက်တွန်းကြပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်လာတဲ့ AA ရခိုင်လက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကြောင့် ဒေသခံတွေ အခြေအနေပိုဆိုးလာတာကိုလည်း စိုးရိမ်တဲ့အကြောင်းထောက်ပြကြပါတယ်။ ဗြိတိသျှ သံကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်က အခြေအနေသစ်တွေကြောင့် ဒေသခံတွေကို နောက်ထပ် ကန့်သတ်ချုပ်ခြယ်မှုတွေမလုပ်ဖို့ တိုက်တွန်းပါတယ်။
“ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်လာတာတွေကို UK အနေနဲ့ စိုးရိမ်မိပါတယ်။ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှု ပြန်ရုပ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်လာတဲ့အခြေအနေသစ်တွေကြောင့် ရိုဟင်ဂျာ၊ ရခိုင်နဲ့ အခြားလူမျိုးတွေအပေါ် ကန့်သတ်မှုတွေ မလုပ်သင့်ပါဘူး။”
အခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲ၊ လက်ရှိဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အတိတ်ကာလမြန်မာနိုင်ငံရဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့၊ မြန်မာနိုင်ငံအနာဂတ်ကို ပုံဖော်နိုင်ဖို့ အရေးကြီးတဲ့ အခွင့်အလမ်းတွေဖြစ်တယ်လို့ ကုလ မဟာမင်းကြီး Michelle Bachelet က ပြောခဲ့ပါတယ်။ ဖိနှိပ်မှုတွေနဲ့ ပဋိပက္ခတွေ နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့နောက် လူ့အဖွဲ့အစည်းကို တည်ဆောက်တဲ့အခါမှာ တန်းတူညီမျှမှုအပေါ်မူတည်ဖို့၊ ခွဲခြားဆက်ဆံမှုမရှိပဲ အပြန်အလှန် လေးစားအသိအမှတ်ပြုဖို့ဆိုတာတွေ အရေးပါတယ်ဆိုတာကိုလည်း သတိပေးသွားပါတယ်။
Your browser doesn’t support HTML5
...................
(unicode)