ICC ကို ငြင်းမယ့်အစား နိုင်ငံတကာ ယုံကြည်မှုရအောင် လုပ်ပြသင့်

ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံး

ဘင်္ဂလားဒေရှ်ဘက် သိန်းချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့ဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးအနေနဲ့ စုံစမ်းစစ်ဆေးဖို့ စီရင်ပိုင်ခွင့်ရှိကြောင်း ICC တရားသူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်ဖို့ ပြည်သူကရွေးချယ်လိုက်တဲ့ အရပ်သား အစိုးရ လက်ထက် တိုင်းပြည် ပုံရိပ်ကို ကျဆင်းစေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါ တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ကုလအပါအဝင် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ၊ စွပ်စွဲချက်တွေအပေါ် မြန်မာအစိုးရနဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ငြင်းချက်ထုတ်နေမယ့်အစား လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှု တွေမှာ အပြု သဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုတိုး လုပ်ဆောင်သင့်တယ်ဆိုပြီးလည်း အကြံပြုကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်း တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေအတွင်း မြန်မာနိုင်ငံကနေ အိမ်နီးချင်းဘင်္ဂလားဒေရှ်ဘက် သိန်းချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေး ခဲ့ကြရတဲ့အခြေအနေထိရောက်ခဲ့ရတဲ့ အပေါ် ICC နိုင်ငံတကာရာဇဝတ် ခုံရုံးအနေနဲ့ စီရင်ပိုင်ခွင့်ရှိကြောင်း အမှုမစစ်မီ ကြိုတင် ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့က ပြီးခဲ့တဲ့ ကြာသပတေးနေ့ စက်တင်ဘာလ (၇) ရက် နေ့က ဆုံးဖြတ်ချက်ချခဲ့တာကို ကုလသမဂ္ဂရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Adama Dieng ကလည်းကြိုဆိုလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဖိနှိပ်ညှင်းပမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် တရားမျှတမှုရဖို့ မျှော်လင့်ချက် အလင်းရောင်လည်း ဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

အခုလို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့ စီရင်ပိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက အခိုင် အမာ ပယ်ချလိုက်ပြီး မြန်မာနိုင်ငံဟာ Rome Statue ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံ တခု မဟုတ်တာကြောင့် ICC ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာလုပ်ဆောင်ဖို့ လုံးဝ တာဝန်မရှိဘူးလို့လည်း နိုင်ငံတော် သမ္မတရုံးက စက်တင်ဘာလ ၇ ရက်နေ့ထုတ် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ရခိုင်မြောက်ပိုင်းအရေး အခုလို မြန်မာနိုင်ငံအပေါ် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ စစ်ဆေးဖို့ ဆုံးဖြတ်ချက် ချလိုက်တာဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်ဖို့ ပြည်သူကရွေးချယ်လိုက်တဲ့ အရပ်သား အစိုးရလက်ထက် တိုင်းပြည်ရဲ့ပုံရိပ်ကို ထိခိုက်စေသလို နိုင်ငံ့ခေါင်းဆောင်တွေရဲ့ပြည်ပခရီးစဉ်တွေ အတွက် လည်း အခက်အခဲဖြစ်လာစေမယ်လို့ နိုင်ငံရေးလေ့လာအကဲခတ်နေတဲ့ သတင်းစာဆရာဦးစည်သူအောင်မြင့်က ရှုမြင်ပါတယ်။

“ICC ကတော့ အခုလောလောဆယ် အကြိုကြားနာမှုမှာ ခုံရုံးတင်လို့ ရတယ်ဆိုပြီးတော့ ဖြစ်သွားပြီပေါ့နော်။ ဖြစ်သွားပြီဆိုတော့ ပထမတခုကတော့ တိုင်းပြည်အတွက် မကောင်းဘူးပေါ့၊ တိုင်းပြည်အတွက် မကောင်းဘူး။ အဲဒီမှာပါတဲ့ တပ်မတော်ခေါင်းဆောင်တွေ ဘာတွေအတွက်လည်း မကောင်းဘူး။ ဆိုတော့ တိုင်းပြည်ပုံရိပ်ကျတာပေါ့။ ဖြစ်ပြီးသွားတာကတော့ ဘယ်သူမှ တားဆီးလို့လည်း မရဘူးလေ။ အစိုးရအနေနဲ့လည်း ဒီဥစ္စာနဲ့ပတ်သက်လို့ သူ့အနေနဲ့ လက်မခံဘူးဘာညာ ပယ်ချတယ်ဆိုပေမယ့်လည်း ဟိုက တဘက်က သူ့တို့ဖာသာသူတို့ လုပ်တာလေ။ အဲ့တော့ ဒီပုံရိပ်မကောင်းတဲ့ကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ သေချာပြန်ပြီးတော့ ပြင်ဆင်ဖို့လိုတယ်။ အဲဒါ တချက်"

"…နောက်တချက်က မြန်မာနိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အခါကျတော့ ဒီဥစ္စာက တရားခွင်ထဲကိုတော့ ရောက်သွားမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခုနတုန်းကလို ICC မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေကို သွားဖို့ကြတဲ့အခါကျလို့ရှိရင် အခက်အခဲတွေရှိလာနိုင်တယ်။ ဘာအမှားအယွင်းတွေရှိသလဲ- သုံးသပ်ပြီးတော့မှ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် ပေါ်လစီအသစ်တွေနဲ့ ပြန်ပြီးလုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါက အများကြီး သင်ခန်းစာယူရမယ့်ကိစ္စပါ။”

အစိုးရအနေနဲ့ အခုလို ငြင်းချက်ထုတ်နေမယ့်အစား ရခိုင်ပြည်နယ်အရေး ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အလုပ်နဲ့သက်သေပြဖို့လိုသလို နှစ်ဖက်အသိုင်းအဝိုင်းကြား ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်ပေးဖို့ -ဆုံးရှုံးနစ်နာ ခဲ့ရသူတွေအတွက် တရားမျှတရှိအောင် ဆောင်ရွက်ပေးဖို့လိုတယ်လို့ ကုလအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်က အကြံပြုပါတယ်။

“မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီး တရားစီရင်ခွင့် ရှိတယ်ဆိုတဲ့ တရားရေးဆိုင်ရာ စီရင်ချက်တခု ချတာပဲ ဖြစ်တယ်လေ။ ဒီ ICC ကိစ္စကတော့ တငွေ့ငွေ့နဲ့ဖြစ်နေတာကြာပြီပေါ့လေ။ အဲဒီတော့ ကျနော့အမြင်ကတော့ ဖြင့်ရင် ကိုယ့်ဘက်ကနေ အလုပ်နဲ့သက်သေပြဖို့ လိုအပ်ပါတယ်။ ဥပမာဆိုလို့ရှိရင် ကျနော်တို့ရခိုင်ပြည်နယ်မှာ နှစ်ဘက်လူ့အဖွဲ့အစည်းကို တဘက်ကလာတဲ့လူတွေကို ပြန်လက်ခံပါမယ်လို့ တစိုက်မတ်မတ် ပြောနေတဲ့ အခါမှာ ရောက်ရှိလာတဲ့လူတွေနဲ့ ဟိုမှာ ရှိနေသေးတဲ့လူတွေနဲ့ နောက်ပြီးတော့ နောက်တဘက် လူ့အဖွဲ့အစည်းနဲ့က သဟဇာတဖြစ်ရေးဆိုတာ အင်မတန် အရေးကြီးပါတယ်။ အဲဒီတော့ အဲဒီလုပ်ငန်းစဉ်ကို သေချာ စိတ်ပါဝင်စားစွာနဲ့ စတင်လုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ ”

ရခိုင်မြောက်ပိုင်းမှာ နိုင်ငံတကာနဲ့ကုလသမဂ္ဂက ရိုဟင်ဂျာလို့သုံးနှုန်းပြီး မြန်မာအစိုးရက မူဆလင်ဒုက္ခသည် တွေလို့ ခေါ်ဝေါ်တဲ့ ဒုက္ခသည်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေအပေါ် တပ်မတော်ဘက်ကလည်း စုံစမ်းစစ်ဆေးနေသလို အစိုးရဘက်က လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်တွေ ဖွဲ့ပေးနေပေမယ်။ ဒါပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင်-ဒီစုံစမ်းစစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာမှုရှိစွာချပြဖို့လိုသလို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လည်း ဒီ့ထက်ပိုပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းမှုတွေနဲ့ လက်တွဲဆောင်ရွက်ဖို့လိုတယ်လို့လည်း မြန်မာ့အရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အနေဲ့ပေါ့လေ - နိုင်ငံတကာရဲ့လိုလားချက်တွေ၊ တောင်း ဆို ချက်တွေနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင် ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဆိုလိုချင်တဲ့သဘောကတော့ နိုင်ငံတကာရဲ့အဖွဲ့အစည်းတွေက တိုက် ရိုက် စုံစမ်းစစ်ဆေးတဲ့အဖွဲ့တွေ ဝင်တာမျိုးမဟုတ်ရင်တောင်မှ လက်ရှိ မြန်မာနိုင်ငံက လုပ်နေတဲ့ ၊ နောက်ပြီးတော့ မြန်မာနိုင်ငံအစိုးရက ကမကထပြုပြီးတော့ ဆောင်ရွက်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေ မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပါဝင်နိုင်မှုကို ဖွင့်ပေးနိုင်ဖို့ အတိုင်းအတာတခုအထိ လိုအပ်မယ် လို့မြင်တယ်။ ရခိုင်အရေးအပါအဝင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုဟာလည်းပဲ အင်မတန်မှ အရေးကြီးတယ်လို့ အဲဒီလို သုံးသပ်ပါတယ်။”

ရခိုင်ပြည်နယ်နဲ့စပ်လျဉ်းပြီး လူ့အခွင့်အရေးနဲ့ တခြားဆက်စပ်ကိစ္စရပ်တွေမှာ ချိုးဖောက်မှုတွေကို စုံစမ်းဖို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းထားတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံဟာ ကိုယ့်နယ်မြေထဲက ဘယ်လို ရာဇဝတ်မှုမျိုး၊ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးကိုမဆို စုံစမ်းစစ်ဆေးဖို့ လုပ်ချင်စိတ်ရော လုပ်နိုင်စွမ်းပါရှိတယ်လို့ မြန်မာအစိုးရရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါပေမဲ့လို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေဖြစ်တဲ့ UNDP ကုလသမဂ္ဂဖွံဖြိုးရေးအေဂျင်စီနဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ MOU နားလည်မှုစာချွန်လွှာ ရေးထိုးပြီး သုံးလ ကြာရှိသွားပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ကြည့်ရှုခွင့်မရသေးပဲ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း UNHCR ပြောခွင့်ရပုဂ္ဂိုလ် Babar Baloch က မနေ့ သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ICC ကို ငြင်းမယ့်အစား နိုင်ငံတကာ ယုံကြည်မှုရအောင် လုပ်ပြသင့်