ရိုဟင်ဂျာ ဌာနေပြန်ရေး အခြေနေ

ကုတုပလောင် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။

ရိုဟင်ဂျာတွေ မူလနေရပ်မှာ ပြန်လည်အခြေချနိုင်မယ့်အခြေနေမျိုး မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့က ပြောဆို လိုက်ပါတယ်။ နိုင်ငံသားဖြစ်မှု အပါအဝင်၊ အခြေခံ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေဆဲဖြစ်ပြီး စိုးရိမ်ဖွယ် အခြေအနေတွေကြောင့် ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေးဘူးလို့ ပြောဆိုတာပါ။ မြန်မာအစိုးရ အနေနဲ့ ဥပဒေနဲ့အညီ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် နေတယ်လို့ သုံးသပ်သူတချို့က မြင်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နယ်စပ် ထွက်သွားကြတာ ဒီသြဂုတ်လထဲမှာ (၂) နှစ်ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေ အခုချိန်ထိ မူလနေရပ်ကို မပြန်နိုင်သေးတာဟာ အစိုးရနဲ့စစ်တပ်က ရိုဟင်ဂျာပြဿနာကို ကိုင်တွင်ဖြေရှင်းပေးလိုစိတ် မရှိတာကြောင့်ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့ဲဖြစ်တဲ့ BROUK (Burmese Rohingya Organization UK) အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ဝေဖန်လိုက်ပါတယ်။

“ကျနော်တို့ ရိုဟင်ဂျာတွေရဲ့ ကျေးရွာတွေမှာ ကျနော်တို့ ပြန်ချင်တယ်။ ဘယ်သူမှ အကျဉ်းစခန်းတွေမှာ မနေချင်ဘူး။ နောက်တခုကျတော့ အခု ရိုဟင်ဂျာ ငါးသိန်းလောက်ရှိတယ်။ ဒီရိုဟင်ဂျာတွေက သူတို့ရဲ့ လယ်ယာမြေတွေမှာလည်း သွားလို့မရဘူး။ သူတို့ ကျောင်းတက်ခွင့်လည်း မရှိဘူး။ သူတို့ကို နိုင်ငံသားအခွင့်အရေး အပြည့်အဝလည်း မရှိဘူး။ ပြီးတော့ သွားလာခွင့်တွေလည်း ပိတ်ပင်ထားတယ်။ ပြီးတော့ UN facts finding mission ကလည်း ရခိုင်ဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုက ရိုဟင်ဂျာတွေက အခုထိ ခံနေရတုန်းပဲ။ သူတို့ ထောက်ပြ ပြောဆိုထားပါတယ်။ အဲဒါတွေ ကြည့်ချင်းအားဖြင့် ကျနော်တို့အနေနဲ့ ဘယ်လိုနည်းနဲ့မှ ပြန်မယ့်အခြေအနေ မရှိဘူးခင်ဗျ။ NLD အစိုးရရော စစ်တပ်ရော သူတို့မှာ ရိုဟင်ဂျာအပေါ်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ ဘာတခုမှ ဆန္ဒအပြည့်အဝ မရှိဘူးဆိုတဲ့ဟာ ကျနော်တို့ ဒီနေ့ တွေ့ရပါတယ်။”

ရိုဟင်ဂျာပြသနာကို မြန်မာအစိုးရက ကိုင်တွင်ဖြေရှင်းလိုစိတ် မရှိဘူးဆိုတဲ့ စွပ်စွဲချက်ဟာ ယုတ္တိမရှိဘူးလို့ အမေရိကန်မှာနေထိုင်တဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။

“စစ်မှန်တဲ့ဒုက္ခသည်တွေ ပြေးသွားတဲ့လူတွေကို လက်ခံရေးအတွက် ဆွေးနွေးမှုတွေ ညှိနှိုင်းမှုတွေ၊ တခါ နေစရာ ထိုင်စရာတွေကို ကူညီဆောက်ပေးမယ်ဆိုတဲ့ နိုင်ငံတွေလည်း သဘောတူညီမှုတွေ လုပ်နေပါတယ်။ အဲတော့ အစိုးရဘက်က အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်။ အဲလိုမလုပ်ဘူး ဆန္ဒမရှိဘူးဆိုတဲ့ စွပ်စွဲချက်ကတော့ ကျနော်ကတော့ ယုတ္တိမတန်ဘူးဘဲ ထင်တယ်ခင်ဗျ။”

ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံ နေရာချထားပေးဖို့ မြန်မာအစိုးရက ၂၀၁၈ နိုဝင်ဘာမှာ ပထမဆုံးအကြိမ်နဲ့ ဒီနှစ် ၂၀၁၉ သြဂုတ်လ ၂၂ ရက်မှာ ဒုတိယအကြိမ် လုပ်ဆောင်ခဲ့ပေမယ့် ဘယ်သူတဦးတယောက်မှ ပြန်လာခြင်း မရှိပါဘူး။

ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ရေးကိစ္စမှာ နိုင်ငံတကာ တာဝန်ရှိသူတွေအနေနဲ့ မြန်မာအစိုးရအပေါ် အခုထက်ပိုပြီး ထိရောက်တဲ့ ဖိအားတွေ ပေးဖို့ လိုတယ်လို့ BROUK အဖွဲ့ ဦးထွန်းခင်က ပြောပါတယ်။

“အစိုးရက ကျနော်တို့ကို NVC ကတ် ပေးမယ်ဆိုပြီးတော့ အမှောင်ချနေတာပေါ့နော်၊ NLD အစိုးရက။ ကျနော်တို့အနေနဲ့ ဘယ်လိုနည်းနဲ့မှ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ကျနော်တို့ကို ပြန်မပေးသေးသရွေ့၊ နိုင်ငံတကာ အကာအကွယ် မပေးသရွေ့ ကျနော်တို့ ဘယ်လိုနည်းနဲ့မှ ပြန်လို့ရမယ် မဟုတ်ဘူး ဆိုတာကို ထောက်ပြထားတာပဲ။ ရိုဟင်ဂျာတွေ မိမိနေရပ်ဒေသကို ပြန်တဲ့နေရာမှာ နိုင်ငံတကာကနေ ထိရောက်တဲ့ ဖိအားပေးမှု ရှိမှပဲ ရိုဟင်ဂျာတွေက မိမိနေရပ်၊ ဌာနေဒေသကို ပြန်လို့ရမယ့် အနေအထားမှာ ရှိပါတယ်။”

မြန်မာအစိုးရကတော့ ဥပဒေနဲ့အညီ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတာ မြင်ရတယ်လို့ ဒေါက်တာတင့်ဆွေက ထောက်ပြပါတယ်။

“သူတို့တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေဟာ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီလို့ရှိရင်တော့ ဒီအစိုးရက ဆောင်ရွက်ပေးမယ်လို့ ကျနော်က ယုံကြည်ပါတယ်။ နောင် အနာဂတ် လုံခြုံရေး ကာကွယ်ရေးဆိုတဲ့ ကိစ္စတွေကတော့ ကြိုတင်ပြီးတော့ အာမခံချက်ပေးထားလို့ မရတဲ့ကိစ္စလို့ ကျနော် မြင်ပါတယ်။ နောက်တခါ နိုင်ငံသားဖြစ်မှုကလည်း နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ညီတဲ့လူတွေကို ခွင့်ပြုမယ်လို့ ပြောထားပြီးသား။ ဥပဒေနဲ့ ညီရင်တော့ နိုင်ငံသားဖြစ်မှုကို အစိုးရက ပေးမှာပါပဲ။ မှန်ကန်တဲ့လူ ဆိုရင်တော့ နိုင်ငံသားဖြစ်ခွင့်တို့ နေထိုင်ခွင့်တို့ စသဖြင့် ဒါတွေကတော့ ရှိလာနိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် စွပ်စွဲချက်တွေဟာ ခိုင်မာမှု အတော်အားနည်းတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်နေသလို လက်ခံနေရာချထားရေး ကိစ္စမှာလည်း UNHCR/UNDP စတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA မွတ်ဆလင်အကြမ်းဖက်အဖွဲ့က ရဲကင်းစခန်းတွေကို ဝင်တိုက်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း ရိုဟင်ဂျာ (၇) သိန်းကျော် ဘင်္ဂလားဒေ့ရှ်နယ်စပ် ထွက်သွားတယ်လို့ ကုလသမဂ္ဂအဖွဲ့ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာ ဌာနေပြန်ရေး အခြေနေ