[[Zawgyi/Unicode]]
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်တွင်းက ပင်လယ်ကမ်းခြေမှာ အိဒ်ပွဲတော်သွားရောက် ဆင်နွှဲတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၅၀ ကျော် ဘင်္ဂလားဒေ့ရှ်ရဲတွေက ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အခုလို ရာချီ ထိန်းသိမ်းခံထားရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေကို ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးတာဝန်ခံတွေနဲ့ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ထိန်းသိမ်းထားတဲ့စခန်းကနေ သွားပြန်ခေါ်ထုတ်ခဲ့ကြရပါတယ်။ နှစ်ရှည်လများ အပြင်ထွက်ခွင့်ပိတ်လှောင်ခံထားရတဲ့ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေဟာ အခုလို ဘာသာရေးပွဲတော် အထိမ်းအမှတ်နေ့တွေမှာ လွတ်လပ်စွာပျော်ရွှင်လိုတဲ့အတွက် ရတဲ့နည်းလမ်းတွေနဲ့ ခေတ္တခဏ ထွက်ခွာကြတာသာဖြစ်တယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တဦးကပြောပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ ရမ်မန်ဒမ်ဥပုသ်လရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် အိဒ်ဘာသာရေးပွဲတော်အချိန်အခါမှာ သိန်းချီခိုလှုံနေထိုင်ရာ ရိုဟင်ဂျာမူဆလင်တွေအများစုနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးက ဒုက္ခသည်တချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသထဲက ပင်လယ်ကမ်းခြေတခုဆီ သွားရောက်ဆင်နွှဲပျော်ကြတဲ့အချိန် ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ အိဒ်ပွဲတော်ကာလကျင်းပနေတဲ့ ဒုတိယနေ့မှာပဲ ပင်လယ်ကမ်းခြေမှာ အိဒ်ပွဲတော်လာဆင်နွှဲတဲ့ ရိုဟင်ဂျာ ၄၅၀ ကျော်ကို ဗုဒ္ဓဟူးညက ကော့ဇ်ဘဇားဒေသထဲကမြို့ ဝင်ရောက်စစ်ဆေးချိန် ဖမ်းဆီးထိန်းသိမ်းလိုက်တယ် လို့ ဘင်္ဂလားဒေ့ရှ်ရဲ ပြောခွင့်ရ Rafiqul Islam က ဒီကနေ့ ကြာသပတေးနေ့မှာ AFP သတင်းဌာနကို ပြောပါတယ်။ အိဒ်ပွဲတော်ကာလ ကော့ဇ်ဘဇားကို ခရီးသွား သန်းချီ လာရောက်လည်ပတ်နေချိန် လုံခြုံရေးစည်းမျဉ်းစည်းကမ်းတွေ တိုးမြှင့်ချထားပြီး စစ်ဆေးနေခိုက် အခုလိုဖမ်းဆီးရမိတာလို့လည်း ဘင်္ဂလားဒေ့ရှ်ရဲလုံခြုံရေးတွေကပြောပါတယ်။
တကယ်တော့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ လုံခြုံရေးစစ်ဆေးရေးဂိတ်တွေနဲ့ အဆင့်ဆင့်ပိတ်ဆို့တားဆီးထားတဲ့ သူတို့ခိုလှုံနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေကနေ တရားဝင် ထွက်ခွာခွင့်မရှိပါဘူး။ ဒီလိုလုံခြုရေးတင်းကျပ်တဲ့ ဒုက္ခသည်စခန်းတွေထဲကနေ ရိုဟင်ဂျာရာနဲ့ချီ ပင်လယ်ကမ်းခြေဘက် ဘယ်လိုသွားရောက်ဆင်နွှဲခဲ့ကြသလဲ- ဘယ်လိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသလဲဆိုတာကို ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအောင်မြိုင်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။
“စခန်းအသီးသီးကပါတယ်လို့ ကျနော်တို့သိရတယ်။ သူ့နည်းသူဟန်နဲ့ထွက်သွားကြတာပေါ့နော်။ အရင်ဆိုရင် စစ်ဆေးရေးဂိတ်ရှိတယ်။ အခုက အိဒ်ပွဲတော်နေ့ဆိုတော့ စစ်ဆေးရေးဂိတ်မှာလည်း လူက သိပ်မရှိဘူး။ အဲ့ဒီ့ကော့ဇ်ဘဇားကမ်းခြေမှာ ဒုက္ခသည်စခန်းအသီးသီးကနေ ကလေးလေးတွေရော၊ အမေတွေရော၊ အမျိုးသားတွေရော သူတို့သွားပြီးတော့ ကမ်းခြေနေရာအသီးသီးမှာ သွားလည်နေကြတာပေါ့နော်။ အဲ့ဒီ့မှာတင် ကော့ဇ်ဘဇားရဲကနေ သူတို့ကို ဖမ်းဆီးထိန်းသိမ်းပြီးတော့ ကုတုပလောင်မှာ Transit Center ဆိုတာရှိတယ်။ အဲ့ဒီ့ကိုပို့ပေးလိုက်တာပေါ့နော်။ အဲ့ဒီ့ကနေတဆင့် သူတို့ကို စခန်းတာဝန်ခံတွေကနေပေါ့နော် Camp In charge တွေပေါ့ သူတို့ကနေ တဆင့် လွှတ်ပေးနေပြီလို့သိရပါတယ်။”
အခုဆိုရင်တော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို UNHCR ဒုက္ခသည် များဆိုင်ရာ ကုလမဟာမင်းကြီးရုံးနဲ့ စခန်းတာဝန်ရှိသူတွေက သူတို့ကို ချုပ်နှောင်ထားတဲ့ စခန်းတွေကနေ ဘတ်စ်ကားတွေနဲ့သွားရောက်ခေါ်ဆောင်နေတယ်လို့လည်း ဦးအောင်မြိုင်က ပြောပြပါတယ်။
လူဦးရေ တသန်းနီးပါး ခိုလှုံနေထိုင်ရာ လူနေထူထပ်လွန်းလှတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေထဲမှာပဲ နှစ်နဲ့ချီ ပိတ်လှောင်ခံထားရသလိုဖြစ်နေပြီး ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပျော်ရွှင်လွတ်လပ်မှုဆိုတာ မရှိသလောက်ရှားပါးလွန်းတာမို့ အခုလို အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ အိဒ်ပွဲတော်ကာလမှာ ရတဲ့နည်းလမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် မိသားစုဝင်တွေ လူငယ်တွေက အနီးဝန်းကျင်က ပင်လယ်ကမ်းခြေဆီ သွားရောက်ခဲ့ကြတာဖြစ်တယ်လို့လည်း ဦးအောင်မြိုင်က ရှင်းပြပါတယ်။
“တနေရာတည်းမှာပဲ တပြုံကြီးနေရတာ။ လူဦးရေကလည်း အရမ်းထူထပ်လွန်းတဲ့အခါကျတော့ လူတွေမှာ သွားစရာ လာစရာ မလွတ်လပ်ဘူးပေါ့နော်။ ပြီးတော့ အလုပ်အကိုင်အခွင့် အလမ်း ပညာသင်ယူခွင့်လည်း မရှိဘူး။ အဲ့လို မလွတ်လပ်တော့ ပွဲနေ့တွေ ပွဲတော်ဆိုရင် လူငယ်တွေက ပျော်ပျော်ပါးပါးနေချင်တာပေါ့။ ဒီမှာနေရတာက ရာသီဥတုကလည်း ပူပြင်း၊ ဒုက္ခသည်စခန်းတွေထဲက တဲလေးတွေမှာ ပလက်စတစ်အမိုးအကာအောက်မှာ ပူပူလောင်လောင်ဖြစ်နေတော့ ပွဲတော်နေ့ဆိုတော့ ပျော်ပျော်ပါးပါး လည်ပတ်ချင်ကြတာပေါ့နော်။”
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့လတွေက ရိုဟင်ဂျာစခန်းထဲက ဘာသာရေးစာသင်ကျောင်းတချို့နဲ့ ဈေးဆိုင်ခန်းတချို့အပါအဝင် အဆောက်အဦး ၃,၀၀၀ ကို ဘူဒိုဇာမြေထိုးစက်တွေ သုံးပြီး ဖြိုချဖျက်ဆီးခဲ့ပါသေးတယ်။ အခုလိုနေထိုင်ခိုလှုံရာစခန်းတွေထဲမှာ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရပေမဲ့ သူတို့ရဲ့နေရပ်ရင်းမြန်မာနိုင်ငံကို ပြန်နိုင်ရေး မျှော်လင့်ချက်ကတော့ နည်းပါးနေပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ လက်ရှိစစ်အာဏာသိမ်းခံထားရဆဲ မြန်မာနိုင်ငံဘက်မှာလည်း ဒုက္ခသည်တွေကို ပြန်လည်လက်ခံနိုင်ရေးအစီအစဉ်တွေကလည်း နှောင့်နှေးနေဆဲဖြစ်ပါတယ်။
Your browser doesn’t support HTML5
===========
[[Unicode]]
===========