ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပစ်မှတ်ထား ကြံစည်နေတယ်လို့ သံသယရှိသူ လူမှောင်ခိုသမား ၁၂ ယောက်ကို ဘင်္ဂလားဒေ့ရှ် ရဲတွေက သောကြာနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ရိုဟင်ဂျာအမျိုးသမီး နှစ် ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကလေးငယ် တဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး ဒါကာမြို့တော်မှာ သောကြာနေ့က စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင်းမှာရော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရှိနေကြတဲ့ ရိုဟင်ဂျာတွေကို လူကုန်ကူးသူတွေက အသုံးချဖို့ ကြံစည်နေတယ်လို့ ကုလသမဂ္ဂစုံစမ်းရေးမှူး Yanghee Lee က သတိပေးနေချိန်မှာပဲ အခုလို ဖမ်းဆီးမှုတွေ ပေါ်ထွက်လာတာပါ။ ဒီ လူမှောင်ခိုသမားတွေဟာ ဒုက္ခသည်တွေကို သိမ်းသွင်းပြီး မလေးရှားနဲ့ အရှေ့အလယ်ပိုင်းဒေသကို ပို့ပေးနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိတဦးကပြောကြောင်း ရိုက်တာသတင်းဌာနက ဖေါ်ပြပါတယ်။
လူတဦးဆီက အမေရိကန်ဒေါ်လာ ၃,၀၀၀ နဲ့ ညီမျှတဲ့ တာကာ နှစ် သိန်းခွဲစီ ရယူပြီး သူတို့ သုံးဦးကို မှတ်ပုံတင်အတုတွေ ထုတ်ပေးထားတယ်လို့လည်း ဆိုပါတယ်။ သူတို့ သိမ်းသွင်းထားတဲ့ ရိုဟင်ဂျာတွေ ဒီထက်ပိုများလိမ့်မယ်လို့လည်း အဆိုပါ အရာရှိက ပြောပါတယ်။
လူကုန်ကူး ဂိုဏ်းတွေဟာ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေအပေါ် အမြတ်ထုတ်နေကြပြီး ရိုဟင်ဂျာအများအပြားဟာ ပြီးခဲ့တဲ့လတွေအတွင်း မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကို လှေစီးသွားရောက်ခဲ့ကြတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်အရာရှိတွေရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5