မြန်မာအစိုးရအနေနဲ့ ရခိုင်အရေးကိစ္စကို ဖြေရှင်းတဲ့နေရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ အပါအဝင် တခြားနိုင်ငံတွေနဲ့လည်း နိုင်ငံတနိုင်ငံချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ လိုအပ်သလို နိုင်ငံတကာကို ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်တဲ့နေရာမှာလည်း သတင်းမီဒီယာတွေကနေလည်း အခုထက်ပိုပြီး ထိထိရောက်ရောက်လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာမွတ်စလင်တွေထွက်ပြေးခဲ့တဲ့ ရခိုင်ပဋိပက္ခစတင်ဖြစ်ပွားခဲ့တာဟာ အခုဆိုရင် ၁ နှစ်ရှိသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်သြဂုတ်လ ၂၅ ရက်နေ့က ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို တိုက်ခိုက်ခဲ့လို့ ဒါကို မြန်မာအစိုးရက နယ်မြေ ရှင်းလင်းလုပ်ရာမှာ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ဒီဒုက္ခသည် တွေကို ပြန်လက်ခံဖို့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ၂ နိုင်ငံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး ဒုက္ခသည်တွေ ပြန်လက်ခံဖို့ စတင်လုပ်ဆောင်နေပေမယ့်၊ လူ့အခွင့်အရေးအဖွဲ့တွေအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ မြန်မာနိုင်ငံအပေါ် ဆက်လက်ဖိအားတွေပေးနေကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပဋိပက္ခကိုပြေလည်အောင်ဖြေရှင်ဖို့ ဘာတွေလုပ်ဖို့လိုသလဲဆိုတဲ့အပေါ်မှာတော့ ရှမ်းတိုင်းရင်းသာများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က အခုလို ပြောပါတယ်။
“အစိုးရပိုင်းက နိုင်ငံတကာတွေနဲ့ပိုပြီး ထဲထဲဝင်ဝင် ဝင်ထွက်နိုင်ရင် ပိုကောင်းမယ်လို့ထင်တယ်။ အခုက ဒီပြဿနာက မထင်ဘဲနဲ့ နိုင်ငံတကာ ပြဿနာဖြစ်လာတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းပြည်အတွက်လည်း ပထမဦးစားပေး ဖြေရှင်းရမယ့် ကိစ္စမျိုးလို ဖြစ်လာတယ်။ ဆိုတော့-နိုင်ငံတကာဆိုတော့ သူ့ထက်ပိုပြီးတော့ လုပ်နိုင်ရင် ပိုကောင်းမယ်လို့ ကျနော် ထင်ပါတယ်။”
မြန်မာအစိုးရအနေနဲ့ ရခိုင်အရေးကိစ္စကိုဖြေရှင်းဖို့အတွက် မကြာသေးခင်က ကွယ်လွန်သွားပြီဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အပြင် မကြာသေး ခင်ကလည်း ဖိလစ်ပိုင်ဒု-နိုင်ငံခြားရေးဝန်ကြီးဟောင်းဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦးပါဝင်တဲ့ ကော်မရှင် တရပ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရအနေနဲ့ ရခိုင်ပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အခုထက် ပိုပြီးပူးပေါင်းဆောင်ရွကို့လိုအပ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။
“နံပါတ်တစ်က ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ပါ-လို့ အတန်တန် ပြောနေတာ။ သူတို့ ရခိုင်ပြည်နယ်ကို သွားချင်တိုင်းသွားလို့မရဘူးဗျ။ အဟန့်အတားတွေ ရှိတယ်-တဲ့။ အဲဒါ ဘယ်လို လုပ်ကြမလဲ။ ဟိုတလောက MOU တခုထိုးတယ်-နော်။ ကုလသမဂ္ဂဆိုတာ လက်နက်ကိုင် အဖွဲ့လည်း မဟုတ်ဘူးလေ။ ရန်သူလည်း မဟုတ်ဘူးလေ်- ဟုတ်လား။ ကူညီချင်တာပဲ။ တခြား INGO တွေ ထည့်ပြောမနေနဲ့၊ အဲဒီတော့- အရပ်သား အစိုးရနော်၊ တပ်ကို ထည့်တောင် မပြောသေးပါဘူး။ ကုလသမဂ္ဂနဲ့ မပူးပေါင်းချင်ဘူး ဆိုလို့ရှိရင် ဘယ်သူနဲ့ ပူးပေါင်းမလဲ၊”
မေး။ ။ ဒါပေမယ့် အခု အစိုးရဘက်က ကော်မရှင်တွေဖွဲ့ပြီးတော့ လုပ်နေတာတွေ မထိရောက်ဘူးလား။
ဒေါက်တာခင်ဇော်ဝင်း။ ။ မထိရောက်ပါဘူး၊ လုံးဝ မထိရောက်ပါဘူး။
မေး။ ။ ဘာဖြစ်လို့ မထိရောက်ဘူးလို့ ပြောတာလဲ။
ဒေါက်တာ ခင်ဇော်ဝင်း။ ။ ပြည်တွင်းမှာရော ပြည်ပမှာရော အလကား အချိန်ကုန်တာပဲ။ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ရော၊ ကော်မရှင်အနေနဲ့ရော ဘယ်လိုမှ လေးစားစရာ၊ ယုံကြည်ကိုးစားစရာ မရှိပါဘူး။
မေး။။ ။ ဒါပေမယ့် ဆရာ- ဒီကော်မရှင်မှာ ---
ဒေါက်တာခင်ဇော်ဝင်း။ ။ ကိုဖီအာနန်ကြီးလည်း ဆုံးသွားရှာပြီလေ။
မေး။ ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်လို ပုဂ္ဂိုလ်မျိုးလည်း ပါတယ်။ ပြီးတော့ နိုင်ငံတကာ က အခု ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ပါတဲ့ ကော်မရှင်တွေ လုပ်တယ်ဆိုတဲ့ အခါ ကျ တော့ ဒီဥစ္စာကရော အများ လေးစား လက်ခံနိုင်လောက်တဲ့ အနေအထားမျိုး မရှိဘူးလား။
ဒေါက်တာ ခင်ဇော်ဝင်း။ ။ မရှိဘူး၊ ကိုယ့်အနေနဲ့ကတော့ ကုလသမဂ္ဂက အတိုက်အခံတွေ.. မစ်ရှင်တုန်းကလည်း သူ့အနေနဲ့ No လို့ ပြောတယ်။ လုံခြုံရေးကောင်စီ လာတုန်းကလည်း No လို့ ပြောတယ်။ မစ္စ် ယန်ဟီလီး လာတုန်းကလည်း No လို့ ပြောတယ်။ အဲဒီအခါတွေကျမှ ကိုယ့်ဖာသာ ကိုယ် လုပ်ပါ့မယ်ဆိုပြီးတော့ လုပ်မယ့် ကော်မရှင်နဲ့ ပါဝင်တဲ့လူတွေက နိုင်ငံတကာမှာ မပြောပါနဲ့ ဒီ ပြည်တွင်းမှာရော ဒီလူတွေကို လေးစားလောက်စရာ ရှိလို့လား။ အရင်က စစ်အစိုးရဆိုရင် ထားလိုက်ပါတော့။ အခု တက်လာတဲ့အစိုးရက နိုင်ငံတကာ အတွေ့အကြုံတွေ ဒီလောက်ကြီး မရှိဘူးလား။
မေး။ ။ အခုကပြောတဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ပြောတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အပြင် တခြားရော ဘာတွေလုပ်ဖို့ လိုတယ်လို့ မြင်ပါသလဲ။
ဒေါက်တာ ခင်ဇော်ဝင်း။ ။ …. ကောင်းကောင်း လိုတာပေါ့ကွာ။ ဖြစ်တာက ဘယ်လောက်ပဲ ကောင်း တဲ့ ကုမ္ပဏီကြီးတွေကိုပဲ ငှားငှား။ နိုင်ငံတကာက ကုမ္ပဏီကြီးတွေကိုပဲ ငှားငှား။ ထိပ်ကနေ အကုန်လုံး ကို ချုပ်ကိုင်ထားတယ်။ အောက်က ပုဂ္ဂိုလ်တွေ အကုန်လုံးကို ချုပ်ကိုင်ထားတယ်။ ငါ ဒါလုပ်မှာ၊ ငါလုပ်ဆိုမှ လုပ်ဆိုရင် မဖြစ်ဘူးကွ၊ သိတယ်မို့လား။ Delegation နည်းနည်း ပေးရမယ်။
ရခိုင် ပဋိပက္ခကြောင့် ရိုဟင်ဂျာမွတ်စလင်တွေ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဆိုပါတယ်။အမေရိကန်အပါအဝင် နဲ့ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေဟာ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုဖြစ်တယ်လို့ သတ်မှတ် ခဲ့ကြပြီး ဒီပြဿနာကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွဲှပြောင်းပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အားနည်းချက်တွေရှိပြီး ဒီထက်မက ထိထိရောက်ရောက်လုပ်ဆောင်သင့်တယ်လို့ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။
“နိုင်ငံတကာကနေပြီး လူသိများတဲ့၊ လူတွေလေးစားတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ပြီး ကော်မရှင်တွေဖွဲ့တယ်၊ အကြံပေးခိုင်းတယ်။ အဲဒီအပိုင်းတွေ ရှိတာပေါ့။ ဒါပေမယ့် နိုင်ငံချင်း နိုင်ငံချင်း ဆက်သွယ်ပြီး လုပ်တာက ဒိထက်ပို ထိရောက်မယ်လို့ ကျနော်ထင်တယ်။ ဥပမာ OIC တို့လိုမျိုးကို တိုက်ရိုက် ဆက်သွယ် လိုက်မယ်၊ ကြားထဲက တယောက်ယောက်နဲ့ ဆက်သွယ်မယ်။ ကျနော်တို့ဘက်က အဖြစ်မှန်တွေကို ရှင်းပြမယ်။ အဲဒီလိုမျိုးဆို ပိုပြီးတော့ ထိရောက်မယ်လို့ ထင်တယ်။ အဓိက-က ကျနော်တို့ဆီမှာက မီဒီယာ အားနည်းနေတာဗျ။ ကျနော်တို့ဘက်က ထုတ်တဲ့မီဒီယာတွေက အင်္ဂလိပ်လို ကမ္ဘာက ဖတ်တတ်တဲ့မီဒီယာတွေ သိပ်မရှိသလောက်ဖြစ်နေတယ်။ ..ဆိုတော့ ကျနော်တို့ ဖတ်ရသလောက်ဆိုရင် မီဒီယာ တော်တော်များများက တဘက်ကိုပဲ ရောက်နေတယ်။ ကိုယ့်ဘက်က အခြေအနေကို သိပ်နားမလည်ဘူး၊ အဲလိုမျိုး ဖြစ်နေတယ်။ ဒီဘက်မှာလည်း အများကြိး၊ အဲဒါတွေကို ….က သိပ်မသိခဲ့ဘဲ ဟိုဘက်က ဘင်္ဂလီတွေ ထိတာကိုပဲ အများဆုံး ပြောနေကြတာကိုး။ သူတို့ကို ကျနော်တို့က ကောင်းကောင်းမွန်မွန် ရှင်းပြနိုင်တယ်ဆိုရင် အဲဒီလို ဖြစ်မှာမဟုတ်ဘူး။”
ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှာရှိတဲ့ အဲဒီဒုက္ခသည်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေကြပေမယ့်၊ မြန်မာအစိုးရကတော့ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံဘဲ၊ ရခိုင်ပြည်နယ်တွင်းက မွတ်စလင်တွေဖြစ်တယ်လို့သာအသိအမှတ်ပြုထားပါတယ်။
Your browser doesn’t support HTML5