မြန်မာ့အရေး ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ ချဉ်းကပ်ပုံ ဘယ်လိုပြောင်းကြမလဲ

Myanmar ASEAN Summit

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမတိုင်မီ ရက်တွေမှာတော့ ကချင်ပြည်နယ်၊ ဖားကန့်အနီး အနန့်ပါကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းတွေလွှမ်းမိုးနေတာ တွေ့ရပါတယ်။ အဲဒီလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ၆၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ သေဆုံးသူတွေထဲမှာ KIA အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေ၊ ကချင်အနုပညာရှင်တွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံအရပ်သားတွေ ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က အင်းစိန်ထောင် ဗုံးပေါက်ကွဲမှု၊ ကရင်ပြည်နယ်အတွင်း တိုက်ခိုက်မှုနဲ့ ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ဖေါ်ပြပြီး ဒီအကြမ်းဖက်မှုတွေကြောင့် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းချက်တွေအပေါ် ထိခိုက်စေနိုင်တဲ့အကြောင်း အောက်တိုဘာ ၂၅ ရက်နေ့ထုတ်ပြန်ကြေညာချက်ကို VOA က ဖေါ်ပြခဲ့ပါတယ်။

အကဲခတ်တွေကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးမှာ အလုပ်မဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ကြမယ့်အပြင်၊ အခြားရွေးချယ်စရာ နည်လမ်းတွေကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးကြလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုထူးခြားချက်တွေများ ထွက်ပေါ်လာပါသလဲလို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးကို မေးတော့ အခုလိုပြောပါတယ်။

"အာဆီယံအစည်းအဝေးရဲ့ဆုံးဖြတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေကို လေ့လာကြည့်တဲ့အခါ အခု ဒီအစည်းအဝေးက နောက်လမှာပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ မြန်မာနဲ့ပတ်သက်ပြီး ပြင်ဆင်တဲ့ အစည်းအဝေးလို့ သိရတယ်။ အချက် ၅ ချက်ပါတဲ့ ဘုံသဘောတူညီချက်တွေကိုပဲ ဆက်ပြီးတော့ ကိုင်ဆွဲသွားမယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်တွေကို အကောင်အထည် ဖော်တဲ့အခါမှာ ပိုပြီးတိကျ၊ ပိုပြီးလက်တွေ့ကျပြီးတော့ အချိန်အကန့်အသတ်လည်း ပါရှိတဲ့ အကောင်အထည်ဖော်မှုတွေကို အကောင်အထည် ဖော်သွားမယ်ဆိုတာမျိုး သိရပါတယ်။ အချက် ၅ ချက်ပါတဲ့ ဘုံသဘောတူညီချက်အတိုင်းပဲ ပိုပြီးတော့ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သုံးသပ်လို့ ရပါတယ်”

မြန်မာ့အရေးအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အကဲခတ်တွေ မျှော်လင့်ထားသလို ဘာမှထူးထူးခြားခြား ထွက်ပေါ်မလာခဲ့ပါ ဘူး။ အာဆီယံအဖွဲ့ကြီးရဲ့သဘောတူဆုံးဖြတ်ချက်တွေဟာ Consensus လို့ခေါ်တဲ့ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီမှုအပေါ် အခြေခံထားပါတယ်။ တစ်နိုင်နိုင်ငံက သဘောမတူရင်၊ ကန့်ကွက်ရင် ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကလည်း အကွဲကွဲအပြာပြားပါ။ နိုင်ငံရေးစနစ်၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေလည်း မတူညီကြပါဘူး။ ဒီတော့ ဆုံးဖြတ်ချက်တစ်ခုကျဖို့၊ တစ်နည်းအားဖြင့် Consensus ရဖို့အင်မတန်ခက်ပါတယ်။ ဒါပေမဲ့ ရှားရှားပါးပါး မြန်မာ့အရေးမှာတော့ အဖွဲ့ဝင်နိုင်ငံအားလုံး လက်ခံသဘောတူ၊ Consensus ဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက် ရရှိခဲ့ပါတယ်။ အဲဒီ ဘုံသဘောတူညီချက် ၅ ချက် ရရှိခဲ့တဲ့၊ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက် သဘောတူညီခဲ့တာပါ။ အဲဒီလို စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် တက်သဘောတူခဲ့ပေမဲ့ ဘုံသဘောတူညီချက်တွေကို လေးစား လိုက်နာအကောင်အထည် မဖော်တဲ့အတွက် အာဆီယံအဖွဲ့ကြီး အခက်တွေ့နေတာပါ။ ဒါကြောင့်လဲ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီဟာ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လေးစားမှု မရှိဘူးလို့ ပြီးခဲ့တဲ့ ဩဂုတ်လက ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဝန်ကြီးကတော့ အာဆီယံရဲ့ Consensus ပုံစံကြီးကို မဖြစ်မနေ ပြန်လည်သုံးသပ်ဖို့လိုပြီ။ဒါ့အပြင် မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ချက်ကိုလည်း ပိုကောင်းမွန်တဲ့ အစီအစဉ်တစ်ခုခုနဲ့ အစားထိုးဖို့လိုအပ်နေပြီလို့ ထောက်ပြပြောဆိုခဲ့တာ တွေ့ရပါတယ်။

The Diplomatic Magazine ကတော့ အာဆီယံအနေနဲ့ Consensus ချဉ်းကပ်မှုကနေပြောင်းလဲပြီး ပိုမိုကြားဝင်ဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းကို လိုက်မလား။ ဒါမှမဟုတ် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းတာမျိုး လုပ်မလားဆိုတာဟာ အာဆီယံအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ အာဆီယံအဖွဲ့ထဲမှာကလည်း သဘောထားတွေက အမျိုးမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုပြီးထိရောက်စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ နိုင်ငံရေးအရ ဦးဆောင်လှုပ်ရှား (Proactive) တဲ့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဝေဖန်ထောက်ပြကြတာတွေလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက အခုလို ရှင်းပြပါတယ်။

"ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျွန်တော်တို့ တက်ရောက်ဖို့ ကြိုးစားခဲ့တာ ရှိပါတယ်။နောက် အာဆီယံနဲ့ပတ်သက်ရင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမျိုးမျိုးချဉ်းကပ် ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အရင်က အာဆီယံ Chair ရော၊ လက်ရှိအာဆီယံ Chair ရော၊ ရှေ့နှစ်အာဆီယံ Chair ဖြစ်လာမယ့် နိုင်ငံတွေနဲ့ရော ထိတွေ့ပြီး၊ ပြောဆိုတာတွေ ရှိပါတယ်။ အာဆီယံထဲက ကျွန်တော်တို့ မိတ်ဆွေနိုင်ငံတွေနဲ့လည်း ဆက်သွယ်ပြီး ကျွန်တော်တို့သဘောထား၊ အတွေးအမြင်၊ သုံးသပ်ချက်တွေကို သိအောင်ကြိုးစားဆောင်ရွက်တာတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဘာလဲဆိုတော့ အာဆီယံနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေ ထုတ်ပြန်ရတာ အခက်အခဲရှိပါတယ်။ အများအမြင်မှာတော့ အာဆီယံနိုင်ငံတွေအပေါ်မှာ ကျနော်တို့ အားထုတ်မှုအားနည်းတဲ့ သဘောမျိုး ဝေဖန်တာတွေ ရှိပါတယ်။ အမြဲတမ်း ကျွန်တော်တို့အသံတွေ အာဆီယံနိုင်ငံတွေရောက်အောင်၊ အာဆီယံခေါင်းဆောင်တွေ ကြားသိအောင်ကြိုးစားဆောင်ရွက်နေပါတယ်”

မြန်မာ့အရေး ထိရောက်စွာဖြေရှင်းနိုင်ဖို့ဆိုရင် အာဆီယံအနေနဲ့ ချဉ်းကပ်ပုံပြောင်းလဲသင့်ပြီလို့ ဝေဖန်ကြပါတယ်။ ဘယ်လို ချဉ်းကပ်ပုံ ပြောင်းကြမလဲ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က တော့ နိုင်ငံတစ်နိုင်ငံချင်းစီ မြန်မာအပေါ်ဖိအားပေးတာတွေဟာ ထိရောက်မှုမရှိဘဲ၊ အခြေအနေတွေက အဆပေါင်းများစွာ ပိုဆိုးလာနေတဲ့အတွက် နိုင်ငံတကာညွန့်ပေါင်းဖွဲ့ပြီး ဖိအားပေးဖို့ လိုအပ်နေပြီ။ အဲဒီလို နိုင်ငံတကာညွန့်ပေါင်းဖွဲ့ပြီး ဆောင်ရွက်နိုင်ရင် မြန်မာ့အရေးဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဗီတိုသုံးပယ်ချတာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်လို့ VOA ကိုပြောကြားခဲ့တာ တွေ့ရကြောင်းပါ။

===== Unicode =====









