အမေရိကန် သတင်းသမား Danny Fenster ကို စစ်ကောင်စီက လွှတ်ပေးလိုက်တဲ့ အကြောင်းအရင်းမှာ သူနဲ့ မြန်မာစစ်ခေါင်းဆောင် နှစ်ဦးကြား အပြန်အလှန်ယုံကြည်တဲ့ ဆက်ဆံရေးကြောင့်ဖြစ်တယ်လို့ Fenster ကို လွှတ်ပေးဖို့ စေ့စပ်ညှိနှိုင်းရာမှာ ကူညီခဲ့တဲ့ အမေရိကန် သံတမန်ဟောင်း Bill Richardson က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
မနေ့က နယူးရောက်လေဆိပ်ကို Bill Richardson နဲ့ အတူရောက်လာတဲ့ Danny Fenster ကတော့ မြန်မာနိုင်ငံအတွက် အလုပ်တွေဆက်လုပ်ဖို့ရှိပေမယ့် ပြည်တွင်းကိုတော့ ပြန်သွားမှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။
မြန်မာနိုင်ငံကနေ မနေ့က အမေရိကန်ပြည်ထောင်စု နယူးရောက်ကို ပြန်လည် ရောက်ရှိလာတဲ့ အမေရိကန်သံတမန်ဟောင်းလည်းဖြစ် နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ Bill Richardson က မြန်မာစစ်ခေါင်းဆောင်နဲ့ ဆက်ဆံရေးအောင်မြင်မှုကြောင့် သူ့ခရီးစဉ် ရလာဒ်တွေရှိခဲ့တာနဲ့ ပတ်သက်လို့ အခုလို ပြောသွားပါတယ်။
“ကျနော်နဲ့ စစ်ဦးစီးချုပ်ကြား ယုံကြည်မှုအတိုင်းအတာ တခုတော့ရှိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ သူ့ကို ကျတော် လေးလေးစားစား ဆက်ဆံတယ်။ သူကလည်း ကျနော်ကို လေးလေးစားစားဆက်ဆံပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရသေးတဲ့၊ စားနပ်ရိက္ခာတွေ လိုအပ်နေတဲ့၊ COVAX ကပေးမယ့် ကိုဗစ်ကာကွယ်ဆေးတွေ မရသေးတဲ့ (၅၅) သန်းသော မြန်မာပြည်သူတွေကို ကူညီဖို့ ခင်ဗျားတို့ အစိုးရအနေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အတူလက်တွဲ အလုပ်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာကြရအောင်လို့ ကျနော်ပြောခဲ့ပါတယ်။ အဲဒီလိုပြောပြီး နှစ်ပတ်အတွင်း အခွင့်အလမ်းတွေပွင့်လာခဲ့ပြီး တိုးတက်မှု တချို့ရခဲ့ပါတယ်။”
ဒါပေမဲ့လည်း သူ့ရဲ့ခရီးစဉ် အဓိက အကြောင်းအရင်းဖြစ်တဲ့ မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အကူအညီပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေကိစ္စမှာ ရည်မှန်းတဲ့အတိုင်းဖြစ်မလာပေမဲ့ Danny Fenster နဲ့ Richardson Foundation က မြန်မာနိုင်ငံခြေစိုက် ဝန်ထမ်းတဦးဖြစ်သူ မအေးမိုးတို့ ကို စစ်ကောင်စီကလွှတ်ပေးလိုက်တာကိုတော့ အောင်မြင်မှုရလဒ်အဖြစ် Bill Richardson က အခုလိုပြောသွားပါတယ်။
“မြန်မာနိုင်ငံအတွင်း အကူအညီပေးရေးကိစ္စမှာ တိုးတက်မှု အနည်းငယ်လောက်ပဲ လုပ်ခဲ့ပေမယ့် Danny Fenster နဲ့ မြန်မာတဦးဖြစ်တဲ့ မအေးမိုးတို့ လွတ်မြောက်အောင် ကျနော်တို့ လုပ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံသားတဦးကိစ္စ သက်သက်မဟုတ်ပါဘူး။ အခြားလူအားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။”
တကယ်တမ်းမှာတော့ Bill Richardson ရဲ့ တိုတောင်းတဲ့မြန်မာခရီးစဉ် နှစ်ကြိမ်လုံး အမေရိကန်နိုင်ငံခြားရေးဌာနတလျောက်လုံးအဆက်အသွယ်ရှိခဲ့ပေမယ့် Danny Fenster လွတ်မြောက်ရေးကိစ္စ မပြောဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက သူ့ကို တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း Richardson က အခုလိုပြောပါတယ်။
“ပထမတကြိမ်ခရီးစဉ်မှာ သူတို့ပြောတာက- လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စနဲ့ ပတ်သက်တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် သူတို့ ထောက်ခံပါတယ်။ ဒါပေမယ့် Danny ကိစ္စကိုတော့ မပြောပါနဲ့။ ဒီကိစ္စကို မဆွေးနွေးပါနဲ့ လို့ ပြောပါတယ်။ ဒါကိုလည်း ကျနော် အလေးထားပါတယ်။ ဒါပေမဲ့ ကျနော်တို့ကြားဆွေးနွေးရာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်လို့ တိုးတက်မှုတွေရှိလာတာကို ကျနော်မြင်ခဲ့တဲ့အတွက် Danny နဲ့ မအေးမိုးတို့ လွတ်မြောက်ဖို့ ကျနော်ရအောင်ဆွေးနွေးခဲ့တာပါ။”
အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ Danny Fenster လွတ်မြောက်ရေးအတွက် အခြားနည်းလမ်းတွေနဲ့ ကြိုးစားနိုင်မယ်လို့ မြင်ပေမယ့် သူ့ကတော့ အခွင့်ရတုန်း မြန်မာစစ်ခေါင်းဆောင်ကို ရအောင်ပြောဆိုခဲ့တာဖြစ်တယ်လို့ Bill Richardson က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ ဘာတွေဆွေးနွေးခဲ့သလဲဆိုတဲ့အပိုင်းမှာတော့ နှစ်ဦးကြား သီးသန့်ပြောဆိုခဲ့တာတွေဖြစ်တဲ့အတွက် ပြောပြလို့ မရနိုင်ဘူးလို့ Bill Richardson က ဆိုပါတယ်။
အင်းစိန်အကျဉ်းထောင်မှာ ခြောက်လနီးပါး အကျဉ်းကျခံရပြီးနောက် လွတ်မြောက်လာခဲ့တဲ့ Danny Fenster ကတော့ နယူးရောက်မြို့ JFK အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အင်္ဂါနေ့မနက်ပိုင်းက Bill Richardson နဲ့ အတူ ရောက်လာချိန်မှာ မြန်မာနိုင်ငံအတွက် အလုပ်တွေ ဆက်ပြီးလုပ်ဆောင်ဖို့ရှိကြောင်း သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။
"အလုပ်က မပြီးသေးဘူး။ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလိုပဲ ဒီမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ လိုပါတယ်။ အဲဒီလူတွေအားလုံးနဲ့ ကျနော် ပြန်ဆက်သွယ်ချင်ပါတယ်။ နယ်စပ်ဖက်ကို ရောက်သွားတဲ့ သူငယ်ချင်းတွေအများကြီးရှိပါသေးတယ်။ နောက်ဘာဆက်ဖြစ်မလဲဆိုတာ အဖြေရှာဖို့ ကြိုးစားနေပါတယ်။”
ပြီးခဲ့တဲ့ သောကြာနေ့က ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရပြီးနောက် လွတ်မြောက်လာခဲ့တဲ့ အမေရိကန်စာနယ်ဇင်းသမား Danny Fenster ကတော့ သူလွတ်လာတဲ့အပေါ်မှာ မယုံကြည်နိုင်အောင်လောက် ဖြစ်ခဲ့ပြီး ဝိုင်းဝန်းကူညီသူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5
----------------------