လန်ဒန် နိုင်ငံခြားသတင်းထောက်အဖွဲ့က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို သတင်းသမားဆု ချီးမြင့်

“Journalist of the Year” အကောင်းဆုံး သတင်းသမားဆုကို ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို ရွေးချယ် ချီးမြှင့်ကြောင်း ကြေညာနေတဲ့ ဗြိတိန်နိုင်ငံက နာမည်ကျော် စာရေးဆရာ၊ ဟာသ သရုပ်ဆောင် လည်းဖြစ်၊ ဆုပေးပွဲမှာ အခမ်းအနားမှူးလည်းဖြစ်တဲ့ Rory Bremner

နှစ်ပေါင်း ၁၃၀ ကြာရှိနေပြီဖြစ်တဲ့ လန်ဒန်အခြေစိုက် Foreign Press Association (FPA) နိုင်ငံခြား သတင်းထောက် အဖွဲ့က ကမ္ဘာတလွှားမှာရှိတဲ့ သတင်းထောက်တွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဂုဏ်ပြုဆုထဲမှာ ၂၀၁၈ ခုနှစ်အတွက် ဂုဏ်သိက္ခာ အကြီးမားဆုံး သတင်းသမားဆုကို မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချီးမြှင့်လိုက်ပါတယ်။

နိုဝင်ဘာလ (၂၇)ရက်နေ့က လန်ဒန်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေပါ တက်ရောက်တဲ့ FPA ဆုပေးပွဲအခမ်းအနားမှာ ထောင်ထဲမှာ ထိမ်းသိန်းခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ဝိုင်းဝန်း ကာကွယ်ပေးကြဖို့ FPA အဖွဲ့ကြီးက တိုက်တွန်းခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

FPA နိုင်ငံခြားသတင်းထောက် အဖွဲ့က နှစ်စဉ်ချီးမြှင့်တဲ့ သတင်းမီဒီယာဆုတွေကို ကမ္ဘာ့သတင်းမီဒီယာလောကမှာ “Oscars of Journalism” သတင်းပညာ အကယ်ဒမီဆုတွေလို့ တင်စားခေါ်ဝေါ် အသိအမှတ်ပြုခံရသလို၊ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုပေးပွဲ အခမ်းအနား တခုလည်းဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆုအမျိုးအစားတွေထဲမှာ အင်မတန်မှ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုဖြစ်တဲ့ “Journalist of the Year” အကောင်းဆုံး သတင်းသမားဆုကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို ရွေးချယ် ချီးမြှင့်ခဲ့တာပါ။ သူတို့ကို ဘာကြောင့် ဆုချီးမြှင့်ခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံက နာမည်ကျော် စာရေးဆရာ၊ ဟာသ သရုပ်ဆောင် လည်းဖြစ်၊ ဆုပေးပွဲမှာ အခမ်းအနားမှူးလည်းဖြစ်တဲ့ Rory Bremner က အခုလို ပြောသွားပါတယ်။

“ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်း သုတ်သင်မှုတွေကို စစ်တပ်က ကျူးလွန်ခဲ့ကြောင်း ရိုက်တာ သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နှစ်ဦးက တင်ပြခဲ့ကြတဲ့အတွက် မြန်မာစစ်တပ်ဟာ တကမ္ဘာလုံးရဲ့ ပြစ်တင် ရှုတ်ချမှုတွေကို ခံခဲ့ရပါတယ်။ အဲဒီသတင်းကို တင်ပြခဲ့ကြတဲ့အတွက် သူတို့ ၂ ဦးဟာ အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် (၇) နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ကြရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် မေးခွန်းထုတ်ခဲ့ကြတဲ့ သူတို့နှစ်ဦးကို အဲဒီလို ထောင်ဒဏ် ချမှတ်လိုက်တဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝိုင်းဝန်း ဝေဖန်ခဲ့ကြပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက အင်းဒင်ကျေးရွာမှာ မြန်မာလုံခြုံရေးတပ်တွေက မွတ်စလင်ရွာသား (၁၀)ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုအကြောင်း သူတို့နှစ်ဦး စုံစမ်းဖေါ်ထုတ် ရေးသားနေချိန် ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ အခုဆိုရင် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာ တနှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။

Detained Reuters journalist Kyaw Soe Oo and Wa Lone are escorted by police as they leave after a court hearing in Yangon, Myanmar, August 20, 2018.

ဒါကြောင့် ဘာအပြစ်မှ ကျူးလွန်ခြင်းမရှိတဲ့ သတင်းထောက်တွေကို ဖိနှိပ်ဖမ်းဆီးထားတဲ့အတွက် သူတို့ကို ခုခံကာကွယ်ပေးဖို့ လိုအပ်ကြောင်း ဆုပေးပွဲအခမ်းအနားမှာ Rory Bremner က အခုလိုပြောသွားပါတယ်။

“ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတဲ့ သတင်းထောက်တွေကို ခုခံ ကာကွယ်ပေးဖို့ လိုအပ်တယ် ဆိုတာ ကျနော်တို့အနေနဲ့ အထူးတလည် ပြောနေဖို့ မလိုပါဘူး။ သူတို့ကို ပြင်းထန်စွာ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကတော့ သူတို့ရဲ့ဆုကို လက်ခံရယူနိုင်ဖို့ ဒီအခမ်းအနားကို ရောက်မလာနိုင်ကြပါဘူး။ ဒါကြောင့် သူတို့ကိုယ်စား သူတို့ရဲ့မိခင် သတင်းဌာနဖြစ်တဲ့ ရိုက်တာသတင်းဌာနက တာဝန်ရှိသူက လက်ခံပေးပါလိမ့်မယ်။”

FPA ကချီးမြှင့်တဲ့ ဆုအမျိုးအစားတွေထဲမှာ အကောင်းဆုံး သတင်းသမားဆုအပြင် ရုပ်သံ၊ ရေဒီယို၊ Podcast၊ အင်တာနက် ဝက်ဘ်ဆိုဒ် မှာ တင်ဆက်နေတဲ့ သတင်းတွေအပါအဝင်၊ သတင်းစာ၊ မဂ္ဂဇင်းနဲ့ မှတ်တမ်းဗွီဒီယို၊ သိပ္ပံနည်းပညာ၊ စီးပွားရေး၊ အနုပညာ၊ အားကစား စတဲ့ သတင်းဖေါ်ပြမှုတွေနဲ့ပတ်သက်လို့ ကဏ္ဍအလိုက် ဆုအမျိုးအစားပေါင်း ၁၄ မျိုးလောက် ပါဝင်ပါတယ်။

မနေ့က လန်ဒန်မှာ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားကို ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသား Charles၊ စပိန်ဘုရင် Felipe VI၊ ဂျော်ဒန်မိဖုရား Rania Al-Abdullah၊ အီတလီဝန်ကြီးချုပ်ဟောင်း Mario Monti စတဲ့ နာမည်ကျော် ကမ္ဘာ့ ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

၂၀၁၈ခုနှစ်အတွင်း ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့နှစ်ဦးကို ပူးတွဲပြီးချီးမြှင့်ခဲ့တဲ့ နိုင်ငံတကာဆုတွေထဲမှာ အခု လန်ဒန်အခြေစိုက် FPA နိုင်ငံခြား သတင်းထောက် အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၈ခုနှစ်အတွက် အကောင်းဆုံးသတင်းသမားဆုအပါအဝင်၊ အမေရိကန်အခြေစိုက် Asia Society က ချီးမြှင့်တဲ့ Osborn Elliott အကောင်းဆုံးသတင်းပညာဆု၊ Pen American သတင်းလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့ရဲ့ Barbey Freedom To Write လွတ်လပ်စွာ သတင်းရေးသားခွင့်ဆိုင်ရာဆု၊ နောက် စာနယ်ဇင်းပိုင်း ရဲစွမ်းသတ္တိအတွက် James Foley Medill ဆု၊ ရိုက်တာသတင်းဌာနက ချီးမြှင့်တဲ့ Baron ဆု၊ အမေရိကန် National Press Club ရဲ့ Aubuchon သတင်းလွတ်လပ်ခွင့်ဆု၊ One World Media က ချီးမြှင့်တဲ့ International Journalist of the Year ၂၀၁၈ ခုနှစ် နိုင်ငံတကာ သတင်းသမားဆု တို့ပါဝင်ပါတယ်။

သူတို့နှစ်ဦးကို (၇)နှစ်စီ ထောင်ဒဏ် စီရင်ချက် ချမှတ်ခံထားရတာနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနကနေ ရန်ကုန်တိုင်းတရားရုံးချုပ်မှာ ဒီလအစောပိုင်းက အယူခံတင်ထားတာကို တိုင်းတရားရုံးက ပြီးခဲ့တဲ့သတင်းပတ်က လက်ခံခဲ့တဲ့အတွက် အယူခံကို ကြားနာစစ်ဆေးဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ ရုံးချိန် အချိန်အတိမသိရသေးပါဘူး။

Your browser doesn’t support HTML5

လန်ဒန် နိုင်ငံခြားသတင်းထောက်အဖွဲ့က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို သတင်းသမားဆုချီးမြင့်