နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ Reuters သတင်းထောက် ၂ ယောက်ထဲက ကိုဝလုံးရဲ့ အမှုကို တနင်္လာနေ့က စတင်ကြားနာစစ်ဆေးခဲ့ပါတယ်။ သူတို့ဖမ်းဆီးခံရတဲ့နေ့က ရဲတပ်ဖွဲ့ဝင်တယောက်က ကိုဝလုံးကို ၂ ကြိမ်ထက်မနည်းဆက်သွယ်ပြီး အဲဒီနေ့မှာ မဖြစ်မနေ တေ့ွဆုံဖို့ ချိန်းဆိုခဲ့တယ်လို့ ကိုဝလုံးက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ သတင်းထောက်တွေရဲ့ အမှုနဲ့ပါတ်သက်လို့ ပထမဆုံးအကြိမ် ကိုယ်တိုင် ထွက်ဆိုခဲ့ချက်တွေနဲ့ ပတ်သက်လို့ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။
ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာနားမှာ မွတ်ဆလင် ၁၀ ဦးအသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ပါတ်သက်လို့ သတင်းစုံစမ်းနေစဉ်မှာ အဖမ်းဆီးခံခဲ့ရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စွဲချက်တင်ဖို့ July လ ၉ ရက်နေ့က တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ကိုဝလုံးကို တနင်္လာနေ့က စတင်ကြားနာစစ်ဆေးပါတယ်။ ဒီအမှုနဲ့ပါတ်သက်လို့ ကိုဝလုံးကိုယ်တိုင် ပထမဆုံးအကြိမ်သူ့ရဲ့ ထွက်ဆိုချက်တွေကို တရားရုံးကို တင်ပြခွင့်ရခဲ့တာပါ။ သူတို့အဖမ်းခံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်နိုင်လင်းက သူ့ဆီကို ၂ ကြိမ်ထက်မနည်း ဖုန်းနဲ့ဆက်သွယ်ပြီး အဲဒီနေ့ ရုံးချိန်နောက်ပိုင်းမှာ မဖြစ်မနေ တွေ့ဆုံဖို့ ချိန်းဆိုခဲ့တယ်လို့ ကိုဝလုံးက တရားရုံးကို ပြောကြားခဲ့ပါတယ်။
ဒါကြောင့် သူနဲ့ ကိုကျော်စိုးဦးတို့ ရန်ကုန်မြို့စွန်က စားသောက်ဆိုင်တခုမှာ ဒုတပ်ကြပ်နိုင်လင်းနဲ့ နောက်ရဲတယောက်တို့ကို တွေ့ဆုံစကားပြောခဲ့ကြတာဖြစ်တယ်လို့ပြောပြပါတယ်။ သတင်းထောက် ကိုဝလုံးတို့အနေနဲ့ အင်းဒင်မှာဖြစ်ခဲ့တာနဲ့ပါတ်သက်လို့ သတင်းစုံစမ်းနေချိန်ဖြစ်လို့ အဲဒီကိစ္စ သတင်းအချက်အလက် သိရဖို့တွေ့ခဲ့တာဖြစ်ပြီး ရဲတွေဆီက ဘာစာရွက်စာတမ်းမှ လိုချင်လို့ မဟုတ်ဘူးလို့လည်း ကိုဝလုံးက တရားခွင်မှာပြောခဲ့တဲ့အကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။ သူတို့ စကားပြောနေစဉ်မှာပဲ ဒုတပ်ကြပ်နိုင်လင်းက စာလိပ်တလိပ်ပေးပြီး ဓါတ်ပုံရိုက်ယူဖို့ ပြောပေမဲ့ အရမ်းမှောင်နေတာကြောင့် ဓါတ်ပုံ မရိုက်ဖြစ်ဘူးလို့ ကိုဝလုံးက ပြောပြပါတယ်။ ခဏအကြာ ဒုတပ်ကြပ်နိုင်လင်းက စကားပြောနေရာက ရုတ်တရက်ထွက်သွားခဲ့ပြီး သူတို့အနေနဲ့ စာရွက်စာတမ်းတွေကို ဖွင့်မကြည့်ရသေးဘဲ စားသောက်ဆိုင်ကနေ စထွက်ချိန်မှာပဲ အဖမ်းခံခဲ့ရတာကို ကိုဝလုံးက တရားရုံးမှာ တနင်္လာနေ့က ထွက်ဆိုခဲ့ပါတယ်။
ဒုတပ်ကြပ်နိုင်လင်းကို လွန်ခဲ့တဲ့ ၂ လက တရားရုံးမှာ စစ်ဆေးခဲ့တုန်းက သူ သတင်းထောက်တွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညက တေ့ွဆုံခဲ့တယ်ဆိုတာကို အတည်ပြုပြောပေမဲ့ စာရွက်စာတမ်း တစုံတရာ ပေးခဲ့တယ်ဆိုတာကို ငြင်းဆန်ခဲ့သလို သူ့ကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းခဲ့တယ်ဆိုတဲ့အချက်ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့သတင်းရေးဖို့ သတင်းထောက်တွေဖက်က သူအပါအဝင် အခြားရဲတွေကိုပါ ဆက်သွယ်ခဲ့တယ်လို့လည်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။
ဒါပေမဲ့ ရဲတပ်ဖွဲ့ဖက်က တရားလိုပြသက်သေတယောက်ဖြစ်တဲ့ ဒုရဲမှုးမိုးရန်နိုင်ကို April လမှာ စစ်ဆေးခဲ့စဉ်တုန်းက Reuters သတင်းထောက် ၂ ယောက်ကို ထောက်ချောက်ဆင် ဖမ်းဆီးဖို့ ရဲအရာရှိတစ်ဦးက ခိုင်းစေခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုထားတာဖြစ်ပါတယ်။
ကိုဝလုံးက သူတို့စားသောက်ဆိုင်က ထွက်ချိန်မှာ ဖမ်းဆီးခံရတာလို့ တနင်္လာနေ့က တရားရုံးကိုပြောပါတယ်။ ဒါပေမဲ့ ရဲတပ်ဖဲ့ွဖက်က တရားလိုပြ သက်သေတွေကတော့ ယာဉ်တွေကိုပိတ်ဆို့ပြီး ရှောင်တခင် စစ်ဆေးချိန်မှာ လှို့ဝှက် စာရွက်စာတမ်းတွေနဲ့ သတင်းထောက်တွေကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားကြပါတယ်။ အင်းဒင်ကိစ္စသတင်းစုံစမ်းနေချိန်မှာ ၂ ဖက်မျှတဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ကို သူ့ဖက်က ဆက်သွယ်ခဲ့တာဖြစ်တယ်လို့ ကိုဝလုံးက တရားရုံးကအထွက်မှာ သတင်းထောက်တွေကို ခုလိုပြောပါတယ်။
"ဒီအမှတ်၈ လုံခြုံရေးတပ်ဖွဲ့ဝင် ဆက်သွယ်ခဲ့တယ်ဆိုတာက သတင်းသမားကျင့်ဝတ်အရ ကျနော်တို့ သတင်းတွေရေးတဲ့အခါမှာ သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကနေပြီးတော့ ဒီကိစ္စမှာ ပါဝင်နေတယ်ဆိုရင် ဘက်မျှအောင်ကျနေ်ာတို့ မဖြစ်မနေကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်တယ် ဆိုတာကို ထွက်ဆိုခဲ့ပါတယ်။"
သတင်းသမားကျင့်ဝတ်အညီဆောင်ရွက်နေတဲ့ သတင်းထောက်တွေအပေါ် တရားမျှတစွာ ဆောင်ရွက်ပေးစေချင်တယ်လို့လည်း ကိုဝလုံးက ပြောကြားခဲ့ပါတယ်။
"ကျနော်တို့အနေနဲ့ ပြောချင်တာက ကျနော်တို့သတင်းသမားတွေသည် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ရခိုင်ကိစ္စအပါအဝင် ဘယ်ကိစ္စပဲဖြစ်ဖြစ် တရားဥပဒေချိုးဖောက်တဲ့ကိစ္စတွေမှာ သတင်းသမားကျင့်ဝတ်အညီဆောင်ရွက်ခဲ့တာဖြစ်တယ်။ ကျနော်တို့အနေနဲ့လည်း အခုလိုအမှုတွေရင်ဆိုင်နေရတဲ့အခါမှာ ကျနော်တို့အပေါ်မှာ သတင်းသမားတွေဆောင်ရွက်တဲ့ကိစ္စကို မျှမျှတတဖြစ်အောင်ကျနော်တို့ ဆောင်ရွက်ပေးစေချင်တယ်။ တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ဖြစ်အောင်လည်း ကျနော်တို့အပေါ်မှာဆောင်ရွက်ပေးစေချင်တယ်။"
Reuters သတင်းထောက်တွေ ဖော်ထုတ်ရေးသားခဲ့တဲ့ မောတောမြို့နယ် အင်းဒင်ကျေးရွာနားက မွတ်ဆလင် ၁၀ ဦး ဥပဒေမဲ့ အသတ်ခံရတဲ့ကိစ္စမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ပါတယ်လို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ခဲ့ပြီး ဒီကိစ္စနဲ့ပါတ်သက်လို့ အရာရှိနဲ့ စစ်သား ၇ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုဝလုံးလိုဘဲ နိုင်ငံတော်လှို့ဝှက်ချက်အက်ဥပဒေ ၃ (၁) (ဂ) နဲ့စွဲချက်တင်ခံထားရတဲ့ Reuters သတင်းထောက် ကိုကျော်စိုးဦးရဲ့ အမှုကိုတော့ ဒီကနေ့ July လ ၁၇ ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှာ တနင်္လာနေ့က ကြားနာပွဲကိုလည်း နိုင်ငံခြားသံတမန်တွေ လာရောက် လေ့လာခဲ့ကြပါတယ်။ Reuters သတင်းထောက်တွေရဲ့ အမှုဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်မှုနဲ့ တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရှိသလဲဆိုတာကို မီးမောင်းထိုးပြနေတဲ့ အမှုအဖြစ် အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ သတင်းလွတ်လပ်ခွင့် ဆောင်ရွက်သူတွေက ပြောကြပါတယ်။
Your browser doesn’t support HTML5