အဖမ်းဆီးခံ Reuters သတင်းထောက်၂ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့တယ်လီဖုန်းတွေကိုသိမ်းယူပြီး အချက် အလက်တွေကိုရှာတဲ့ကိစ္စဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဆိုင်ရာ အမှုဖြစ်တာကြောင့် ရှာဖွေဝရမ်း မလိုအပ်ဘူး လို့ တရားလိုပြသက်သေက တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။ သတင်းထောက်၂ဦးကတော့ သူတို့ကို အပြစ်မရှိ အပြစ်ရှာ နေတယ်လို့ဆိုပါတယ်။ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ တနင်္လာနေ့က ရုံးထုတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုကျော် အောင်လွင်က ပြောပြပါလိမ့်မယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့တရားစွဲဆိုခံထားရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တနင်္လာနေ့တုံးက ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၁ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ တရားလိုပြသက်သေဖြစ်တဲ့ နေပြည် တော် နည်းပညာဌာန ရဲမှုခင်းတပ်ဖွဲ့က ရဲမှုးအောင်ကျော်ဆန်းက သတင်းထောက်၂ ဦးရဲ့တယ်လီဖုန်းတွေကို သက်သေ အဖြစ်သိမ်းဆည်းခဲ့တဲ့ကိစ္စမှာ ရှာဖွေဝရမ်းရှိဖို့မလိုအပ်ဘူးလို့တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။ ဒီအမှုဟာ နိုင်ငံတော်လျှို့ ဝှက်ချက်အက်ဥပဒေအမှုဖြစ်တာကြောင့် သက်သေခံပစ္စည်းရှာဖွေသိမ်းဆည်းရေး၊ ဖမ်းဆီးရေးနဲ့ စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်ဖို့ ဝရမ်းမလိုအပ်ဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့မေလ၂၁ရက်အကြိမ်၂၀မြောက်ရုံးထုတ်ခဲ့တုန်းက သတင်းထောက် ၂ဦးရဲ့တယ်လီဖုန်းထဲကနေရတဲ့ အချက်အလက်စုစုပေါင်း ၂၃ခုကို တရားလိုဘက်က တရားရုံးကိုတင်ပြခဲ့ပြီးအဲဒီအထဲမှာ အစိုးရရဲ့လျှို့ဝှက်စာရွက်စာတမ်းတွေ၊ မာန်အောင်ကျွန်းခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနဲ့သက်ဆိုင်တဲ့စီမန်ကိန်းတွေ၊ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု စတာတွေပါဝင်ပါတယ်။ တရားရုံးကလည်း အဲဒီတင်ပြချက်တွေကို လက်ခံခဲ့ပါတယ်။ Reuters သတင်းထောက်၂ဦးရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကတော့ အခုလိုတရားလိုပြသက်သေရဲ့ တင်ပြတဲ့ အချက်အလက်တွေဟာ သက်သေအထောက်အထား အနေနဲ့ မတင်ပြသင့်ဘူးလို့ ချေပပါတယ်။ အကြောင်း ကတော့ သတင်းထောက်၂ဦးအဖမ်းခံခဲ့ရပြီးနောက်ပိုင်းကျမှ ဒီ အချက်အလက်တွေ သူတို့ရဲ့တယ်လီဖုန်းထဲကို ဝင်လာ တာလည်းဖြစ်နိုင်တာမို့ သေချာမှုမရှိပဲ သက်သေအဖြစ်တရားရုံး ကိုမတင်ပြသင့်ဘူးလို့ဆိုပါတယ်။ တနင်္လာနေ့ရုံးထုတ်ပြီးတရားရုံးကနေပြန်ထွက်လာတဲ့ သတင်းထောက်ကိုဝလုံးက လည်း သူတို့ရဲ့တယ်လီဖုန်းထဲကနေ ရှာဖွေတွေ့ရှိတယ်ဆိုတဲ့အချက်အလက်တွေဆိုတာကို သူတို့မသိဘူးလို့ဆိုပါတယ်။
"ဒီနေ့သူတို့ထွက်ဆိုချက်တွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဖုန်းတွေထဲမှာ တွေ့တယ်ဆိုတဲ့ဟာတွေက တကယ်တမ်း ကျနော်တို့ ဘာမှမသိပါဘူး။ ဒီစာရွက်တွေက သူ့အလိုလို ဖုန်းထဲမှာ Messenger ထဲမှာရောက်နိုင်တာပဲလေ။ နောက်တချက်ကတော့ အခုသူတို့တင်ပြတဲ့အချက်အလက်တွေ အားလုံးလည်း ပြီးခဲ့တဲ့အပတ်က သိပြီးသားဖြစ်ပါတယ်။ အစိုးရနဲ့ဆိုင်တဲ့အချက်အလက်တွေဆိုရင် သတင်းသမားတွေ ဘာအချက်အလက်မှ မယူရဘူး။ ဘာအချက်အလက်မှ မရေးရဘူးဆိုတဲ့ သဘောမျိုး။ ကျနော်တို့ ဒီအမှုနဲ့ဘာမှကို မဆိုင်ပဲနဲ့ အညှိုးတကြီးနဲ့ ကျနော်တို့အပေါ်မှာ အပြစ်မကျ ကျအောင်လုပ်နေတယ်လို့ပဲပြောချင်ပါတယ်။"
တနင်္လာနေ့က တရားရုံးကစစ်ဆေးမှုကို ဥရောပသမဂ္ဂ၊ ပြင်သစ်နဲ့ဒိန်းမတ်နိုင်ငံတွေရဲ့ သံတမန်တွေလည်း တက်ရောက် လေ့လာခဲ့ကြပါတယ်။ Reuters သတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို မေလ၂၉ရက် ဒီကနေ့ လည်းထပ်ပြီး တရားရုံးထုတ်ဖို့ရှိပါသေးတယ်။ သူတို့၂ဦးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇန်န ဝါရီလမှာ ရုံးတင် စစ်ဆေးမှုတွေစလုပ်ခဲ့တာပါ။ သူတို့ကိုအရေးယူထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအရ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ်၁၄နှစ်အထိ ကျခံရနိုင်ပါတယ်။ ဒီသတင်းထောက်၂ဦးဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့တွေ၊ သတင်းအဖွဲ့အစည်းတွေနဲ့ အစိုးရတချို့က မြန်မာအစိုးရကို အပြစ်တင်ဝေဖန်နေကြတာပါ။ သူတို့ ၂ဦးကိုချက်ချင်းပြန်လွှတ်ပေးဖို့လည်းတောင်းဆိုနေကြပါတယ်။ အမေရိကန်အခြေစိုက် Pen American သတင်း လွတ်လပ်ခွင့်စောင့်ကြည့်ရေးအဖွဲ့က အခုလထဲမှာပဲ Reuters သတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို Barbey Freedom to Write လွတ်လပ်စွာသတင်းရေးသားခွင့်ဆိုင်ရာ ဆုချီးမြင့်ခဲ့ပါတယ်။
Your browser doesn’t support HTML5