နှစ်ရှည်ထောင်ဒဏ် အကျဉ်းကျခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချီးမြှင့်လိုက်တဲ့ ကုလသမဂ္ဂ UNESCO ရဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ဆုကြောင့် သူတို့နှစ်ဦး လွတ်မြောက်ရေး ပိုပြီး ထိရောက်မှုတွေ ရှိစေမယ်လို့ မြင်ကြောင်း CPJ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အတွက် သူတို့နှစ်ဦး သတ္တိရှိရှိ ကြိုးပမ်းအားထုတ်မှုကို ကမ္ဘာက လေးစားဂုဏ်ပြုတဲ့ အနေနဲ့ ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေး ခုံသမာဓိ အဖွဲ့ကလည်း ဧပြီလ (၁၀) ရက်နေ့က ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံဆက်ပြီးပြောပြမှာပါ။
နိုင်ငံတကာမှာ သတင်းလွတ်လပ်ခွင့် အတွက် အန္တရာယ်တွေ ကြားကနေ သတ္တိရှိရှိ ကြိုးပမ်းလုပ်ဆောင်၊ ကာကွယ်နေသူတွေကို ရွေးချယ်ပြီး ကုလသမဂ္ဂ လက်အောက်ခံ UNSECO ကနေ ၁၉၉၇ ခုနှစ်ကနေ စတင်ပြီး Guillermo Cano ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ဆုကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
အခု ၂၀၁၉ ခုနှစ်အတွက် အင်းစိန် အကျဉ်းထောင်မှာ ထောင်ဒဏ် (၇)နှစ် စီ ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို UNESCO အဖွဲ့ကြီးက ဒီဆုကို ပေးအပ် ချီးမြှင့်ခဲ့တာဟာ အလွန်အရေးပါကြောင်း နယူးယောက်အခြေစိုက် CPJ နိုင်ငံတကာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကြီးရဲ့အာရှရေးရာ ညွန်ကြားရေးမှူး Steve Butler က ဗွီအိုအေကို ပြောပါတယ်။
“ ဒီလို ဂုဏ်ပြု ချီးမြှင့်တာဟာ အလွန် အရေးကြီးပါတယ်။ UNESCO လို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေလဲဆိုတာလူတွေကို သတိပေးနေတာ ဖြစ်ပါတယ်။ ရိုက်တာ သတင်းထောက် နှစ်ယောက် အနေနဲ့သူတို့ အလုပ် သူတို့အံမခန်း လုပ်ခဲ့တာပါ။ မြန်မာ စစ်တပ်ရဲ့ရက်စက်ဖိနှိပ်မှုတွေ အကြောင်း ထုတ်ဖေါ်ရေးသားခဲ့တဲ့ အတွက် ရလဒ်အနေနဲ့နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထား ရပါတယ်။ ဒါကြောင့်လည်း UNESCO ကပေးတဲ့ သတင်းလွတ်လပ်ခွင့် ဆုဟာ အလွန် အရေးကြီးပြီး အရေးပါ ပါတယ်။”
မအင်ကြင်းနိုင် ။။ အခုလို UNESCO ကပေးတဲ့ အရေးပါတဲ့ ဆုကြောင့် သူတို့နှစ်ဦး လွတ်မြောက်ရေးမှာ အထောက်အကူ ပြုနိုင် မပြုနိုင် ဘယ်လိုမြင်လဲရှင့်။
Steve Butler ။ ။အချက်နှစ်ချက် ရှိပါတယ်။ သူတို့မှာ အပြစ်မရှိကြောင်း တင်သွင်းထားတဲ့ အယူခံကို နိုင်ငံတော် တရားရုံးချုပ်က ကြားနာခဲ့ပြီးပြီ ဆိုတော့ ဘယ်တော့ ဆုံးဖြတ်ချက် ချမလဲဆိုတာ တော့ မသိသေးပါဘူး။ ဒါပေမဲ့ သူတို့နှစ်ဦး အကျိုးဆောင် ရှေ့နေတွေရဲ့လေ ျှာက်လဲ ချက်ကြောင့် တရားစီရင်ချက် အပြောင်းအလဲ ဖြစ်လာ မလားဆိုတဲ့ အချက် ရှိနေပါတယ်။ အဲဒီလို ဖြစ်မလားဘူး ဆိုရင် နောက်တချက် ဖြစ်နိုင်တဲ့ အလားအလာ ကတော့ မြန်မာ နှစ်သစ်ကူးကာလမှာ အစိုးရက နှစ်စဉ် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အချိန်ကို ကြည့်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျိုးအမြတ်ဆိုတာမျိုး မရှိတဲ့ UNESCO အဖွဲ့အစည်းက ချီးမြှင့်တဲ့ ဆုကို အများက တန်ဖိုးထား လေးစားကြပါတယ်။
အီသီယိုးပီးယား နိုင်ငံမှာ ကျင်းပမယ့် မေလ (၃)ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့အခမ်းအနားမှာ Guillermo Cano သတင်း လွတ်လပ်ခွင့်ဆု ကို ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး ဆုကြေးငွေအဖြစ်အမေရိကန် ဒေါ်လာ ၂ သောင်းခွဲ လက်ခံ ရရှိမှာဖြစ်ပါတယ်။ အခုလိုUNESCO ကနေ ကိုဝလုံးနဲ့ကိုကျော်စိုးဦး တို့ကို ဒီနှစ်အတွက် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ဆု ပေးအပ်ချီးမြှင့်ခဲ့တဲ့ အပေါ် ဂုဏ်ယူကြောင်းနဲ့ သူတို့နှစ်ဦး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြင်သစ်အခြေစိုက် RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကလည်း ဧပြီလ (၁၀)ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Guillermo Cano ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ဆုကို ရိုက်တာ သတင်းထောက် နှစ်ဦး မတိုင်ခင် ကွယ်လွန်သူ သတင်းစာဆရာကြီး ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်မှာ UNESCO က ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။
၁၉၈၆ ခုနှစ်က ကိုလံဘီယာနိုင်ငံ Bogota မြို့မှာ မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှုတွေကို တစိုက်မတ်မတ် စုံစမ်းဖေါ်ထုတ် ရေးသားခဲ့တဲ့ ကိုလံဘီယာ သတင်းအယ်ဒီတာ Guillermo Cano Isaza ဟာ သူ့ရဲ့ သတင်းစာတိုက် ရှေ့မှာပဲ ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး ဘယ်သူတွေရဲ့လက်ချက်ဖြစ်သလဲ ဆိုတာ ကိုလံဘီယာ အစိုးရက အရေးယူ အပြစ်ပေး နိုင်ခဲ့ခြင်း မရှိတဲ့အပြင် Guillermo Cano Isaza အသတ်ခံရပြီးနောက် တနှစ်အကြာမှာ သူ့ရဲ့ သတင်းစာတိုက်လည်း ဗုံးခွဲ ဖျက်စီး ခံခဲ့ရပါတယ်။
ဒါကြောင့်လည်း မူးယစ်ရာဇာတွေ အကြောင်း၊ သူတို့ဂိုဏ်းတွေ အကြောင်း သတ္တိရှိရှိ ရေးသားဖေါ်ထုတ်ခဲ့တဲ့ အတွက် အသတ်ခံခဲ့ရတဲ့ ကိုလံဘီယာ သတင်းအယ်ဒီတာ Guillermo Cano Isaza ကို ဂုဏ်ပြုတဲ့ အနေနဲ့၁၉၉၇ ခုနှစ် မေလ (၃)ရက်နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် နေ့မှာ ကုလသမဂ္ဂ UNESCO အဖွဲ့ကြီး ကနေ သူ့နာမည်နဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆု ပေးခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5