အမေရိကန် အောက်လွှတ်တော်မှာ ဥက္ကဋ္ဌ Kevin McCarthy ကို မဲခွဲဖယ်ရှားခဲ့ပြီးနောက် သူ့နေရာမှာ အစားထိုးမယ့်သူကိုရွေးချယ်ဖို့ ဒီနေ့ ရီပတ်ဘလစ်ကန်အမတ်တွေ တံခါးပိတ်စတင် ဆွေးနွေးကြပါလိမ့်မယ်။ အောက်လွှတ်တော်မှာ ဥက္ကဋ္ဌရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ အပေါ် ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်မှာ အများစုအဖြစ် ကပ်ပြီးအသာစီးရထားတဲ့ ရီပတ်ဘလစ်ကန် အမတ်တွေ ဆွေးနွေးကြမှာပါ။
Louisiana ပြည်နယ်အမတ် Steve Scalise နဲ့ အောက်လွှတ်တော်တရားရေးကော်မတီဥက္ကဋ္ဌ Jim Jordan တို့က အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာကို ဝင်ပြိုင်မယ်လို့ တရားဝင် ကြေညာထားပါတယ်။ အမေရိကန် အောက်လွှတ်တော်မှာ ဥက္ကဋ္ဌ နေရာလစ်လပ်နေတဲ့အတွက် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး အစ္စရေးနယ်မြေထဲကို ဟားမတ်စ် စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီး အစ္စရေးကို စစ်ရေးအရ အကူအညီပေးဖို့ ကိစ္စတွေ ရှိနေတဲ့အတွက် အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ရေးကို အမြန်ဆုံး တက်သုတ်ရိုက် ဆောင်ရွက်မယ့်ပုံရှိနေပါတယ်။
အလားတူဘဲ ဒီမိုကရက်ပါတီက အမတ်တွေလည်း ဒီကနေ့ တွေ့ဆုံပြီး ဒီမိုကရက်ပါတီက လူနည်းစုခေါင်းဆောင် Hakeem Jeffries ကို အားလုံးက တခဲနက်ထောက်ခံကြောင်း ပြသကြမှာ ဖြစ်ပါတယ်။
အမတ်နေရာ ၄၃၅ ယောက်ရှိတဲ့ အောက်လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌဖြစ်ဖို့ ထောက်ခံမဲ ၂၁၈ မဲလိုပါတယ်။ ဖယ်ရှားခံရတဲ့ ဥက္ကဋ္ဌဟောင်း Kevin McCarthy တုန်းက ၁၅ ကြိမ်တိုင်တိုင် မဲခွဲပြီးမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့တာကြောင့် အကြိမ်ကြိမ် မဲခွဲရနိုင်တယ်လို့လည်း မျှော်လင့်ထားကြပါတယ်။
Your browser doesn’t support HTML5