ခရစ္စမတ်ကာလမှာတောင် လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်ခွင့်အတွေးကို စော်ကားတဲ့ စစ်ပွဲတွေဖြစ်နေ

Pope Francis delivers his traditional Christmas Day Urbi et Orbi message at the Vatican

တချို့က အာဏာကို ငတ်မွတ်လောဘ တက်ကြတဲ့အတွက် ကိုယ့်အိမ်နီးချင်းတွေကိုတောင် ပြန်စားသုံးချင်နေကြတယ်လို့ ခရစ္စမတ်အကြိုမှာ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis က အခုလို ပြောကြားလိုက်ပါတယ်။

“တိရိစ္ဆာန်တွေက သူတို့နေရာလေးမှာပဲ သူတို့စားသုံးကြပေမဲ့၊ ကျွန်တော်တို့လောကက ယောကျ်ား၊ မိန်းမတွေဟာ အာဏာနဲ့ ဓနဥစ္စာ ငတ်မွတ်ကြတာကြောင့် သူတို့ရဲ့အိမ်နီးချင်း၊ သူတို့ညီအစ်ကိုမောင်နှမတွေကို စားသုံးနေကြပါတယ်။ ဒီကနေ့မှာတောင် စစ်ပွဲပေါင်း ဘယ်လောက်များစွာ နေရာများစွာမှာ လူသားရဲ့ ဂုဏ်သိက္ခာနဲ့ လွတ်လပ်ခွင့်တွေကို အထင်သေးစွာနဲ့ စော်ကားနေကြပါသလဲ။ အမြဲတမ်းလိုပဲ၊ လူသားရဲ့ လောဘဒဏ်ကို ခံကြရသူတွေက အားနည်းသူတွေနဲ့ ချို့ငဲ့ကြတဲ့သူတွေပါ” လို့ ပုပ်ရဟန်းမင်းကြီးက ပြောသွားခဲ့တာပါ။

ယူကရိန်းမှာတော့ ရုရှားကို အံတုလို့ တစ်ဦးကို တစ်ဦး ထွေးပွေ့ရင်း၊ ခရစ်စမတ်ကို ကျော်ဖြတ်သွားကြဖို့ သမ္မတ Volodymyr Zelenskiy က ခရစ်စမတ် အကြိုညမှာ ပြောကြားလိုက်ပါတယ်။

“လုံးဝဥဿုံ အမှောင်ကျနေရင်တောင်မှ တစ်ဦးကိုတစ်ဦး ရှာကြပြီး၊ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကြမှာပါ။ အနွေးဓါတ်မရဘူးဆိုရင်လည်း၊ တစ်ဦးကိုတစ်ဦး နွေးထွေးအောင် အချိန်ကြာကြာ ထွေးပွေးထားကြမှာပါ” လို့ မနေ့ စနေနေ့ညက တိုင်းပြည်ကို ပြောကြားတဲ့ ဗွီဒီယိုမိန့်ခွန်းမှာ Zelenskiy က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှားက လျှပ်စစ်ဆိုင်ရာအခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အတွက် နေရာအများအပြားမှာ လျှပ်စစ်ပြတ်တောက်နေတာကြောင့် ယူကရိန်းပြည်သူ အများအပြားဟာ အပူဓါတ်မရဘဲ၊ အမှောင်ထဲမှာ အအေးဒဏ်ကို ရင်ဆိုင်ရင်း ခရစ္စမတ်ကို ကျော်ဖြတ်နေကြရတာပါ။ အလင်းရောင်အနည်းငယ်နဲ့ ခရစ္စမတ်သစ်ပင်ကို နောက်ခံထားပြီး၊ အမှောင်ညထဲမှာ သမ္မတ Zelenskiy က အခုလို ဗွီဒီယို မိန့်ခွန်းပြောကြားတာကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းအများစုဟာ ရှေးရိုးစွဲ ရုရှားတွေလိုပဲ ခရစ္စမတ်ကို ဇန်နဝါရီလ ၇ ရက်နေ့မှ ကျင်းပလေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ရုရှားနဲ့ မတူအောင် အစဉ်အလာကိုစွန့်ပြီး တခြားခရစ်ယာန်တွေလိုပဲ ဒီဇင်ဘာ ၂၅ နေ့မှာ ခရစ္စမတ်ပွဲကို ဆင်နွှဲလိုက်ကြပါတယ်။

===== Unicode ====





