မြန်မာဘာသာရေး လွတ်လပ်ခွင့် အခြေအနေ ကန်စိုးရိမ်

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် ကွန်ကရက်လွှတ်တော်။

မြန်မာအပါအဝင် နိုင်ငံတချို့ကို IRF ခေါ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေနဲ့ငြိစွန်းတဲ့ စိုးရိမ်ဖွယ် နိုင်ငံတွေအဖြစ် ပြန်လည်သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကွန်ဂရက်လွှတ်တော်ကို အကြောင်းကြားလိုက်ပါတယ်။ မြန်မာ၊ တရုတ်၊ အီရစ်ထရီးယား (Iritria)၊ အီရန်၊ မြောက်ကိုရီးယား နဲ့ ဆူဒန်တို့ကို IRF ဥပဒေအရ သမ္မတ က အခုလိုသတ်မှတ်လိုက်တာပါ။

အခုလို သတ်မှတ်ဖို့ဆုံးဖြတ်တာဟာ ကွန်ဂရက်လွှတ်တော်က နှစ်စဉ်တင်သွင်းရတဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာအပေါ် အခြေပြုဆုံးဖြတ်ခဲ့တာ ဖြစ်တယ် လို့ နိုင်ငံခြားရေးပြောခွင့်ရ John Kirby ကဆိုပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ အခုလက်ရှိ မြန်မာနိုင်ငံဒီမိုကရေစီဖြစ်ထွန်းမှု တနည်းနည်းနဲ့ ဆက်စပ်မှုရှိတယ်-မရှိဘူးဆိုတာ သူမသိဘူးလို့လဲ အခုလို ပြောသွားပါတယ်။

"ဒီလိုသတ်မှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုအပေါ် ဘယ်လိုရိုက်ခတ်လာမလဲ ဆိုတာကို နောက်ရက်ပိုင်းအတွင်း ထုတ်ပြန်မယ်"လို့လဲ ပြောကြားသွားပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင် USCIRF ရဲ့ ဧပြီလ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာတော့ မြန်မာနိုင်ငံမှာ လူနည်းစုဘာသာဝင်တွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ချိုးဖေါက်ခံနေရတာတွေ ပပျောက်အောင် အရပ်သားအစိုးရ သစ်က လုပ်ဆောင်ဖို့လိုကြောင်း တိုက်တွန်း ထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေက အထူးသဖြင့် ရိုဟင်ဂျာ အပါအဝင် လူနည်းစု မူဆလင်တွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေပေါ် ကန့်သတ်မှုတွေ ရှိတာကြောင့် ဒါတွေကို ပြန်လည် သုံးသပ်ဖို့ကိုလဲ USCIRF ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။