ထိုင်းရောက် ပြည်တော်ပြန် ဒုက္ခသည်တွေ အခြေအနေ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ မှ မြန်မာနိုင်ငံသား များ အား ကြိုဆိုလက်ခံခြင်း အခမ်းအနား မြဝတီမြို့ ပြန်လည်ကြိုဆို လက်ခံရေးစခန်း (MOI)

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ မိမိဆန္ဒနဲ့ပြန်ချင်တဲ့ဒုက္ခသည် ၆၅ဦးကို ပထမဦ်းဆုံး အနေနဲ့ တရားဝင်နေရပ်ရင်း ကို ပြန်လည်ပို့ဆောင်တဲ့ အစီအစဉ်ကို အောက်တိုဘာလ၂၅ရက်နေ့က ထိုင်း မြန်မာနယ်စပ်မှာ အခမ်းအနား လုပ်ပြီး ပို့ဆောင်ခဲ့ပါတယ်။ ဒီထဲက ရန်ကုန်မြို့ကိုပို့ဆောင်ခံရတဲ့ ဒုက္ခသည် ၁၇ဦးကတော့ လူမူဝန်ထမ်း ကယ်ဆယ်ရေးနဲ့နေရာပြန်လည်ချထားရေး ဝန်ကြီးဌာန ကနေ စီစဉ်ပေးထားတဲ့ ဂိုဒေါင်တခုမှာနေထိုင်ရတဲ့အတွက် စားသောက်ရေး နဲ့ နေထိုင်ရေးကိစ္စတွေမှာ အဆင်ပြေမှုမရှိဘူးလို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် UNHCR နဲ့ မြန်မာနိုင်ငံဘက်က အစိုးရတာဝန်ရှိသူတွေနဲ့ အတူမြန်မာနိုင်ငံက UNHCR တို့ပူပေါင်းဆောင်ရွက်ပြီး ထိုင်းမြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၆၅ဦးကို နေရပ်ရင်းပြန်ပို့ခဲ့ပါတယ်။

အဲဒီ့ဒုက္ခသည် ၆၅ဦးကို ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ် ရန်ကုန်တိုင်းအတွင်းကို ပို့ဆောင်ခဲ့တာပါ။ ဒီထဲက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်တဲ့ ဒုက္ခသည် ၁၇ဦး ကိုတော့ ရန်ကုန်မြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ အတွက် နေထိုင်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ကိစ္စတွေက ရေရေရာရာ မရှိသေးဘူး ဆိုပြီး နိုဖိုးဒုက္ခသည်စခန်းမှာ ၈နှစ်ကျော်နေထိုင်ခဲ့ရတဲ့ ဒေါ်ခင်စန်းရီကပြောပါတယ်။

" အခု ကျမတို့ မနက်ငါးနာရီလောက်ကို လူကယ်ပြန်စခန်းက ဂိုဒေါင်ကြီး တခုထဲမှာပေါ့နော်။ ကားနှစ်စီး ဖင်ထိုးပြီး အထုတ်အပိုးတွေ ချခိုင်းတယ်။ အဲ့ဒီ့ကတည်းက ချပစ်ခဲ့ပြီးကတည်းက နောက်ကြောင်းကို ပြန်မကြည့်တော့ဘူး။ ကျမတို့ မနက်မိုးမလင်းကတည်းက ကလေးတွေ စားဖို့သောက်ဖို့ မုန့်ပဲသားရေစာလည်း မရှိဘူး။ ထွက်ဝယ်ဖို့ကလည်း ထွက်ဝယ်ခွင့်က မပြုဘူး။ နောက် ရေသောက်ဖို့လည်း ရေမရှိတော့ ကိုယ့်ဘာသာနဲ့ကိုယ်ရေဗူးတလုံး ငါးရာနဲ့လှမ်းမှာပြီး သူများထမ်းလာပို့တဲ့ဟာကို သောက်ရတယ်။ ထမင်းကျတော့လည်း ကျမတို့ စောင့်နေရတယ်။ ၁၁နာရီခွဲ၊ ၁၂နာရီ တစ်ချက်တီးနားရောက်တော့မှ ထမင်းထုပ်တွေ လာပို့တယ်။ ဘယ်လိုခေါ်မလဲ တာဝန်ရှိသူတွေ တယောက်မှ မလာပဲနဲ့ ကျမတို့ ဒီအတိုင်းကြီး နေနေရတယ်။ ကျမတို့အနာဂတ်က ဘယ်လိုလဲ မရေရာဘူး။ ဘာကို ဘယ်လိုပုံဖော်ရမှန်းကို မသိဘူးဖြစ်နေတယ်။ ကျမတို့ နေစရာ အိမ်လည်း မရှိဘူး။

ရန်ကုန်ကပဲ ထွက်ပြေးရတယ်။ ရန်ကုန်ကိုပဲ ပြန်လာတယ်။ အဲ့တာကို ကျမတို့ကိုပုံစံချထားတာ ကျမတို့ တော်တော်စိတ်မကောင်းဖြစ်တယ်။ ဝမ်းလည်းနည်းတယ်။ ရှက်လည်းရှက်တယ် ကျမ။ "

အထူးသဖြင့် ဒုက္ခသည်တွေနေရပ်ရင်းပြန်နိုင်ရေး ကိစ္စတွေမှာ ဒုက္ခသည်ကော်မတီ ဘက်ကပြောတာကတော့ ဒုက္ခသည်တွေဟာ လူဂုဏ်သိက္ခာရှိစွာ နဲ့ ပြန်ချင်ကြတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေနေရပ်ရင်းကို ပြန်နိုင်ရေးအတွက်တိကျကောင်းမွန်တဲ့အစီစဉ်တွေ အာမခံချက်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရေးအပါအဝင် လုံခြုံရေးနဲ့နေထိုင်ရေးကိစ္စတွေ အားလုံးကို အစီစဉ်တကျရေးဆွဲဖို့အတွက် ဒုက္ခသည်တွေဘက်က တောင်းဆိုခဲ့ကြပြီး အများစု ကတော့ ဒီလိုအခြေအနေတွေ မဖြစ်လာသေးတဲ့အတွက် နေရပ်ကိုပြန်ဖို့အတွက် တွန့်ဆုတ်နေကြဆဲဖြစ်ပါတယ်။ ပထမဦးဆုံး အသုတ်အနေနဲ့ နေရပ်ရင်းပြန်ဖို့အတွက် စာရင်းပေးထားသူ ၉၀ကျော် ရှိပေမဲ့ တကယ်ပြန်တဲ့အခါမှာတော့ ၆၅ဦးပဲပြန်ကြတာပါ။

အထူးသဖြင့် ဆယ်စုနှစ် ၃ခုလောက်ထိ နှစ်ရှည်နေထိုင်ကြရတဲ့ ဒုက္ခသည်တွေ အနေနဲ့ အိုးအိမ်တွေ စွန့်ခွါခဲ့ရတာကြောင့် နေထိုင်စရာကို စီစဉ်ပေးဖို့အတွက် လိုလားနေကြပါတယ်။

" တနေ့ကို စားစားရိတ်အဖြစ် တယောက်ကို သုံးထောင်နှုန်းပေးမယ်ဆိုတာလည်း အဲ့တာလည်း ဘာမှ မကြားရဘူး။ ကျမတို့ ဒုက္ခသည်တွေက ပြန်လာတဲ့သူတွေကို ဘယ်လိုလဲ အလေးမထားတာလား။ ဂရုပဲမစိုက်တာလား ဒီအတိုင်းပဲ ပါလာတဲ့ ဗူးတွေ ခွက်တွေ ပလုံးတွေရှိတဲ့ အထုပ်တွေထဲက စောင်တွေဆွဲထုတ်ပြီးတော့ အိပ်နေကြတာ အခု။ သူတို့ဆီက ဘာမှ ထုတ်ပေးတာမရှိဘူး။ သူတို့ပြောတာက ရှိနေတဲ့ အမျိုးတွေ ရှိရင် ရှိတဲ့အိမ်ကို လိုက်ပို့ပေးမယ့်ပုံဖြစ်နေတယ်။ အမျိုးတွေမှာလည်း သူ့အိမ်နဲ့ သူ့မိသားစု သူ့အသိုင်းဝိုင်းနဲ့လေ။ ကိုယ်ကပြန်သွားတဲ့ မိသားစုအသိုင်းအဝိုင်းနဲ့ ဘယ်လိုလုပ် တအိမ်တည်းမှာ နှစ်စုံ၊ သုံးစုံ နေလို့ရမလဲ။ ရန်ကုန်အနေအထားကလည်း သိတဲ့အတိုင်းပဲ ဘယ်လိုအိမ်က ကျယ်ကျယ်ရှိမလဲ။"

ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ခုရှိပြီး ဒုက္ခသည်တသိန်းခွဲကျော် ခိုလှုံနေထိုင်နေကြပါတယ်။ အခုလိုပဲဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းကို မိမိဆန္ဒအလျောက်ပြန်နိုင်ဖို့အတွက် UNHCRကတော့ ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင်ဌာနတွေကို ဖွင့်လှစ်ထားမှာဖြစ်ပြီ ဒုက္ခသည်တွေဘက်က စာရင်းပေးသွင်းနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမဲလည်း ဒုက္ခသည် အများစုကတော့ သူတို့ဘဝအတွက် ခိုင်လုံတဲ့အာမခံချက်ရှိတဲ့ အစီစဉ်တွေ မရှိပဲနဲ့ နေရပ်ရင်းပြန်နိုင်ဖို့က အခက်အခဲရှိနေတယ်လို့လည်း ဒုက္ခသည်တွေဘက်ကပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ထိုင်းရောက် ပြည်တော်ပြန် ဒုက္ခသည်တွေ အခြေအနေ