ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို စစ်ကောင်စီက ထပ်မံပြင်ဆင်လိုက်တာဟာ ပုဂ္ဂလိကရုပ်သံလိုင်းတွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေ ထုတ်လွှင့်ဖို့အခက်အခဲဖြစ်သွားစေသလို သတင်းမီဒီယာတွေအပေါ် ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ဖို့ ပြင်ဆင်လာတာဖြစ်တယ်လို့ သတင်းသမားတွေ၊ ဥပဒေပညာရှင်တွေက သုံးသပ်ကြပါတယ်။
နိုဝင်ဘာလ (၁)ရက်နေ့ က စစ်ကောင်စီပြင်ဆင် ပြဌာန်းလိုက်တဲ့ ရုပ်သံနဲ့ အသံထုတ်လွှင့်ခြင်း ဥပဒေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။
ဒီဥပဒေပြင်ဆင်ချက်မှာ အဓိကအားဖြင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အပြောင်းအလဲ လုပ်ထားပြီး၊ ငွေဒဏ်မှာလည်း ကျပ်သိန်း သုံးရာကနေ ငါးရာအထိတိုးမြှင့်လိုက်တဲ့အပြင် သုံးနှစ်ကနေ ငါးနှစ်အထိ ထောင်ဒဏ်ကိုပါ ထည့်သွင်းထားပြီး ပြစ်ဒဏ်နှစ်ရပ်လုံး ကိုပါ ချမှတ်မှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
အရင်က အင်တာနက်ကနေ ထုတ်လွှင့်ရင် ပြဿနာမရှိပေမယ့် အခု ဥပဒေ ပြင်ဆင်ချက်အရ လိုင်စင်မရှိတဲ့ ပုဂ္ဂလိကမီဒီယာတွေအနေနဲ့ အင်တာနက် အသုံးပြု ထုတ်လွှင့်ခွင့်မရအောင် ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ နော်ဝေးအခြေစိုက် မြန်မာ့ ဥပဒေရေးရာကျွမ်းကျင်သူ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။
"ဥပဒေအဟောင်းမှာက အင်တာနက်မှတဆင့် ထုတ်လွှင့်ချက်တွေ အကြုံးမဝင်စေရဆိုတာ ပါတယ်။ ယခုဥပဒေမှာတော့ အင်တာနက်က ထုတ်လွှင့်ပြသခြင်းဆိုတဲ့ စကားရပ် ပါမလာတဲ့အတွက် ကျနော်တို့ အင်တာနက်ကနေပြီးတော့ အခုမီဒီယာတွေ တော်တော်များများက လွှင့်ထုတ်နေကြတဲ့ အစီအစဉ်တွေမှာ လိုင်စင်မရှိဘူးဆိုရင်အင်တာနက်ကနေတောင် လွှင့်ထုတ်လို့မရတော့တဲ့ အခြေအနေဖြစ်တယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။"
စစ်ကောင်စီရဲ့ ပြင်ဆင်ချက် ဥပဒေကိုကြည့်ရင် မီဒီယာတွေအပေါ်မှာ ပြင်းပြင်းထန်ထန်အပြစ်ပေးနိုင်ဖို့ ရည်ရွယ်တာတွေ့ရတယ်လို့လည်း ဦးမင်းလွင်ဦးကပြောပါတယ်။
"မီဒီယာတွေအပေါ်မှာ ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ဖို့အတွက် ပြင်ဆင်ပြဌာန်းတဲ့ ဥပဒေလိုပဲ ကျနော်မြင်ပါတယ်။ ယခင်တုန်းကတော့ ငွေဒဏ်ပဲ အမြင့်ဆုံးချမှတ်တာလေ။ အခု ဒဏ်ငွေတွေမကတော့ပဲ ထောင်ဒဏ်သုံးနှစ်ကနေ ငါးနှစ်အထိ ချမှတ်နိုင်တယ်ဆိုတာ ပါလာတယ်။ နောက်တခါ သိန်းသုံးရာကနေ ငါးရာအထိ ဒဏ်ငွေရော၊ ပြစ်ဒဏ်ရော အတူကျခံစေဆိုတာ ပါလာတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းရှင်တွေအတွက် အရင်တုန်းကလို ငွေဒဏ်နဲ့ မပြီးတော့ပဲ ထောင်ဒဏ်ပါရင်ဆိုင်ရမယ့် အခြေအနေမျိုး ကြုံတွေ့လာရတယ်လို့ ကျနော်တို့မြင်ပါတယ်။"
မူရင်း ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ဒီဥပဒေမှာ ပါတဲ့အချက်တွေကို အဓိကရေးဆွဲသူတွေထဲမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွတ် ပါဝင်ခဲ့တယ်လို့ သတင်းသမားအများစုက သုံးသပ်ခဲ့ကြပါတယ်။ မီဒီယာတခုလုံးကို ထိန်းချုပ်နိုင်ရေး ဥပဒေတွေကို အသေးစိတ်ရေးဆွဲခဲ့သလို စစ်တပ်အရာရှိဟောင်းတွေ ခန့်အပ်ရေးသေချာအောင်လည်း စီမံခဲ့တာတွေ့ရတယ်လို့ မကြာသေးခင် လတွေအတွင်း အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ ကမာရွတ်သတင်းမီဒီယာ တည်ထောင်ခဲ့သူ ကိုနေသန်မောင်က ဗွီအိုအေကိုပြောပါတယ်။ ဒါပေမယ့် အခု စစ်ကောင်စီက ပြင်ဆင်လိုက်တဲ့ ရည်ရွယ်ချက်ကိုကြည့်ရင် အရင် ဥပဒေအရ ရုပ်သံလွှင့်ကောင်စီမထူထောင်ရသေးတဲ့အတွက် ဥပဒေချိုးဖောက်မယ်ဆိုရင် တိုက်ရိုက်အရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့် ပေးလိုက်တာလို့ မြင်ကြောင်း ကိုနေသန်မောင်က ပြောပါတယ်။
" သူက ဥပဒေသာပြဌာန်းလိုက်တယ်၊ Mother law သာဖြစ်တယ်။ နည်းဥပဒေမရှိဘူး။ အဲတော့ နည်းဥပဒေမရှိတော့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ကောင်စီမရှိတော့၊ ဒီနေရာမှာ ကောင်စီမရှိဘူးဆိုတာ နည်းဥပဒေမရှိလို့ဖြစ်တယ်။ အဲဒါကို အာဏာသိမ်းစစ်ကောင်စီက ဒီဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း တခုခုအရေးယူရမယ်ဆိုရင် ကောင်စီကနေ ဖြေရှင်းရမယ်။ အခု အဲဒီကောင်စီမရှိတဲ့အခါကျတော့ အဲဒါကို ဖျက်ပြီး ရဲကနေ အရေးယူပိုင်ခွင့်ရှိတဲ့ ပုဒ်မ ဥပဒေဖြစ်တယ်ဆိုပြီး သူ့သဘောနဲ့ သူပြင်လိုက်တာဖြစ်တယ်။"
ဒါအပြင် ဒီဥပဒေပြင်ဆင်ချက်အရဆိုရင် MRTV နဲ့ မြဝတီက လွဲပြီး ဖျော်ဖြေရေးအစီအစဉ်တွေကိုပဲ ထုတ်လွှင့်နေတဲ့ ပုဂ္ဂလိက ရုပ်သံလိုင်းတွေကိုတောင် အချိန်မရွေး အကြောင်းပြချက်မျိုးစုံနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ ကိုနေသန်မောင်က ပြောပါတယ်။
"ဒီပုဂ္ဂလိက မီဒီယာတွေက အာဏာသိမ်းမှုနဲ့ ကြုံတွေ့ရတဲ့အခါမှာ တော်တော်များများက သတင်းတွေမလုပ်ပဲ ဖြုတ်ချလိုက်ပြီးတော့ ဖျော်ဖြေရေးတွေပြတယ်။ အဲဒီအခါမှာလည်း ထွက်ထားပြီးသာ ဗွီဒီယို ကား အဟောင်းတွေကိုပဲပြတော့ အခုဟာက CDM လုပ်နေပြီး၊ တချို့က လက်နက်ကိုင်တော်လှန်ရေးနယ်မြေမှာ လုပ်ကိုင်နေတဲ့ အနုပညာရှင် ရာနဲ့ချီရှိတော့ အဲဒီလူတွေပါနေတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေတောင်လွှင့်လို့မရဘူး။ အကန့်အသတ်ကကြီးသွားတယ်။ ဒီကြားထဲ ဥပမာ- မင်းမော်ကွန်းနဲ့ အိန္ဒြာကျော်ဇင်ပါတဲ့ ဗွီဒီယိုကို Channel K က လွှင့်မိခဲ့ရင် သူက အဲဒီနေရာကို စောင့်ပြီးတော့ကို ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ပုံစံမျိုးရှိတယ်။ ဆိုလိုတာက ဘယ်သူမှ မလုံခြုံတော့ဘူး။ ကျနော်ထင်တယ်။ SkyNet၊ Forever အပါအဝင် ကျန်တဲ့ ပုဂ္ဂလိက ရုပ်သံလုပ်ပိုင်ခွင့်ရှိတဲ့သူတွေက ဒီအချိန်မှာ သတိကြီးကြီးထားသင့်တယ်။ ကျနော် တယောက်တည်း အမြင်ကတော့ မလွှင့်နဲ့တော့၊ တိုင်းပြည်က စီးပွားပျက်နေပြီ။ တိုင်းပြည်ကို မှန်မှန်ကန်ကန်သတင်းမပေးနိုင်ဘူးဆိုရင် CDM လုပ်လိုက်တော့။ အဲဒါအကောင်းဆုံးပဲလို့ ကျနော်မြင်တယ်။"
မနေ့ နိုဝင်ဘာလ (၂) ရက်နေ့က ကျရောက်တဲ့ သတင်းသမားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးနေတာတွေအဆုံးသတ်ရေး နိုင်ငံတကာနေ့ အထိမ်းအမှတ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ (UNESCO) ကကြေညာချက်ထုတ်ပြန်တဲ့အထဲမှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေအပေါ် တိုက်ခိုက်မှု၊ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေဟာ အလွန်စိုးရိမ်စရာကောင်းပြီး သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေကြောင်း ဖေါ်ပြထားပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ မီဒီယာလုပ်ငန်းတွေအပေါ် စစ်အာဏာပိုင်တွေက စနစ်တကျ ထိန်းချုပ်ကန့်သတ်တဲ့ မူဝါဒတွေနဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်းနဲ့ သတင်းသမားတွေ အပါအဝင် မတရား ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း UNESCO က တောင်းဆိုထားပါတယ်။
----------------------------------------