တကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ ဘိန်းထုတ်လုပ်မှု လျော့ကျလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) အစီရင်ခံစာထဲမှာ ရေးသားဖော်ပြထားပေမဲ့လည်း မြန်မာပြည်နယ်စပ် တိုင်းရင်းသား ဒေသတွေမှာတော့ အခုဆိုရင် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း UNODC နဲ့ ပူးပေါင်းပြီး ဘိန်းကင်းစင် ပပျောက်ရေးအတွက် စီမံကိန်းချ လုပ်ဆောင်နေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီစီမံကိန်းဟာ ထိရောက်မှု မရှိဘူးလို့လည်း မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှု လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာဆိုရင် ဒီနှစ်ပိုင်းမှာ ဘိန်းဈေးနှုန်း ဈေးတက်သွားတဲ့အတွက် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် ဒီနှစ်မှာ ရာသီဥတု အခြေအနေကြောင့် ဘိန်းထွက်ရှိမှု ပိုမိုများပြားလာတယ်လို့ ရှမ်းပြည် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ဦးခွန်စိုင်းက ပြောပါတယ်။
“ဘိန်းပိုများများ ထွက်တယ်ဆိုတာ ၂၀၁၁ ခုနှစ် ရာသီကျတော့ သိပ်ကောင်းတယ်။ ပထမပိုင်းမှာ မိုးတော်တော်ရွာတယ် ဆိုပေမဲ့ နောက်ပိုင်းကျတော့ ဆီးနှင်းတွေ ကျတယ်။ အဲဒီအခါကျတော့ အထွက်နှုန်းတွေ ပိုကောင်းလာတယ်ပေါ့ဗျာ။”
ရှမ်းပြည်နယ်ဘက်မှာဆိုရင် ဘိန်းဈေးတွေ ဆတိုး မြင့်တက်လာတဲ့အတွက် အခု ဇွန်လပိုင်းမှာ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဘက်မှာ ဘိန်းစိုက်ပျိုးမှုတွေ အရင်ကထက် ပိုမိုများလာတယ်လို့ ရှမ်းပြည် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ဦးခွန်စိုင်းက ပြောပါတယ်။
အလားတူ လားဟူဒေသဘက်မှာဆိုရင် ဒေသခံ အာဏာပိုင်တွေကနေ ဖိအားပေးပြီး ဘိန်းစိုက်ပျိုးခိုင်းတယ်လို့ ပြည်ထောင်စု လားဟူ ဒီမိုကရေစီအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးကျဖူးလိုက အခုလို ပြောပါတယ်။
“ကျနော်တို့ လားဟူပိုင်းမှာ ဆိုရင်တော့ ဘိန်းစိုက်တာက အကြီးအကျယ် စိုက်တယ်။ နအဖကနေပြီးတော့ မစိုက်လို့ မရဘူး။ လူတိုင်း စိုက်ရမယ်ဆိုတဲ့ အမိန့်နဲ့ စိုက်တာ၊ မစိုက်တာကျတော့ ခင်ဗျားတို့ တာဝန်ပဲ။ အရင်တုန်းက ကျနော်တို့ ဘိန်းမစိုက်ကြပါဘူး။ အခုဟာက မစိုက်ရင်လည်းပဲ အခွန်ပေးရမယ့်သဘော အခြေအနေ ရောက်နေတာ။ အဲဒါကြောင့် လူတိုင်းဟာ ဘိန်းစိုက်တာကတော့ နည်းတယ်လို့ မပြောပါနဲ့။ ပိုတောင် များများနေတယ် အခုဟာ။”
ဘိန်းပိုမိုစိုက်ပျိုးလာတဲ့ အခြားအကြောင်း တခုကတော့ အခုဆိုရင် ဘိန်းစိမ်းဈေးနှုန်းဟာ အရင်ကထက် ပိုမို ဈေးကောင်းလာတယ်လို့ ပြည်ထောင်စု လားဟူ ဒီမိုကရေစီအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးကျဖူးလိုက အခုလို ဆက်ပြောပါတယ်။
“ဈေးကလည်းပဲ အများကြီး ကောင်းပါတယ်။ အရင်တုန်းကကျတော့ ဘိန်းတပိဿာကို ၁,၀၀၀၊ ၂,၀၀၀ ပေါ့လေ။ အခုဟာကတော့ ဈေးနှုန်းတွေလည်း တက်သွားတယ်။ ဘိန်းစိမ်းပဲ ၂၀,၀၀၀ ကျော် ၃၀,၀၀၀ နီးပါး။ ဒါက တောထဲမှာ ပြောတာနော်။ အရောင်းအဝယ်လုပ်တဲ့ နေရာမှာတော့ ဘယ်လောက်လဲ မသိပါဘူး။”
ပအိုဝ့်လူမျိုးတွေ နေထိုင်တာ များပြားတဲ့ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်ဘက်က မဲနယ်တောင်ဘက်မှာလည်း ဒေသခံ တောင်ယာစိုက်ပျိုးရေး သမားတွေဟာ အခုဆိုရင် ဘိန်းကို အများအပြား ပြောင်းလဲ စိုက်ပျိုးနေကြပြီလို့ ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“မဲနယ်တောင်သာ တဝိုက်မှာ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးကတည်းက ဘိန်းတွေ ဒေသခံတွေ ပြန်စိုက်လာတော့ အဲဒီမှာရှိတဲ့ ရန်သူတပ်တွေလည်းပဲ အကောက်ခွန်ယူပြီးတော့ စိုက်ခွင့်ပြုတာပေါ့ဗျာ။ အဲဒါနဲ့ သူတို့က အေးအေးဆေးဆေး စိုက်ကြတယ်။ အရင်တုန်းက တောင်ယာလုပ်တဲ့သူတွေ၊ သနပ်ဖက် လုပ်တဲ့သူတွေ အားလုံးလိုလိုလောက်ဟာ အခုဆိုရင် ဝင်ငွေပိုကောင်းတဲ့ ဘိန်းကိုပဲ စိုက်ကြတယ်လို့ သိရတယ်။ ဘိန်းကတော့ ဝယ်လက်က အားကောင်းတယ်လေ။ ပိုအကျိုးအမြတ်ရှိတယ် ဆိုပြီးတော့ စိုက်ကြတယ်နဲ့ တူပါတယ်ခင်ဗျာ။”
ဘိန်းစိုက်ပျိုးရေးမှာ ထိပ်တန်းရောက်နေတဲ့ အာဖဂန်နစ္စတန် နိုင်ငံကတော့ အပင်ရောဂါ ဖြစ်ပွားခဲ့လို့ အထွက်နှုန်း လျော့ကျသွားပေမဲ့ မြန်မာနိုင်ငံ ဘိန်းအထွက်နှုန်းကတော့ မြင့်တက်သွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) အစီရင်ခံစာထဲမှာ ရေးသား ဖော်ပြထားပါတယ်။ ဒီရေးသားဖော်ပြချက်ဟာ မှန်ကန်မှု မရှိသလို မြန်မာအစိုးရ အနေနဲ့လည်း UNODC နဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို စီမံကိန်းချ လုပ်ဆောင်နေတယ်လို့ နေပြည်တော် ပြည်ထဲရေးဌာန အမည်မဖော်လိုသူ မူးယစ်ဌာန တာဝန်ခံတဦးက အခုလို ပြောပါတယ်။
“UNODC က တိုင်းတာတဲ့ ကိန်းဂဏန်းနဲ့ သူတို့ပြောတာပဲ။ အာဖဂန်နစ္စတန်မှာ ဘိန်းထုတ်လုပ်မှု ကျပြီး ဗမာပြည်မှာ တက်တယ် ဆိုတာက မဟုတ်ပါဘူး။ အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးမှုဟာ မကျပါဘူး။ ဘိန်းထွက်ရှိမှုသာ ကျသွားတာပါ။ ကျနော်တို့ UNODC နဲ့ ပူးပေါင်းပြီးတော့ အစားထိုး စိုက်ပျိုးရေး အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။ ၉၉ ကစပြီးကြည့်ရင် စိုက်ပျိုးမှုနှုန်းတွေ ကျသွားတာဟာ အောင်မြင်တဲ့ သဘောပါပဲ။ လက်ရှိ တတိယ ၅ နှစ် စီမံကိန်း ရောက်နေပါပြီ။”
နေပြည်တော် ပြည်ထဲရေးဌာန အမည်မဖော်လိုသူ မူးယစ်ဌာန တာဝန်ခံတဦး ပြောဆိုခဲ့တာပါ။
မြန်မာအစိုးရကနေ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့အတွက် ၁၉၉၉ ကနေ ၂၀၀၄ ခုနှစ်အထိ ၁၅ နှစ် စီမံကိန်း ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကို လက်တွေ့ အကောင်အထည် ဖော်ဆောင်တဲ့ နေရာမှာ ထိရောက်မှု မရှိဘူးလို့ ရှမ်းပြည် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ဦးခွန်စိုင်းက ပြောပါတယ်။
“နောက်ဆုံး ၄ နှစ်ပဲ ကျန်တော့တာပေါ့။ ဒီ ၄ နှစ်ထဲမှာ ရှမ်းပြည်ထဲမှာ ဆိုရင်လည်း အများကြီး ဆက်စိုက်နေတယ်။ အစိုးရက သူတို့ ပပျောက်စေချင်လို့ရှိရင် လုံး၀ မင်းတို့ စိုက်ခွင့်မရှိဘူး ဆိုလို့ရှိရင် သူတို့ ပြောလို့ရတာပေါ့။ အခုဆိုရှိ BGF ဖြစ်လာတဲ့ ဦးစခုန်တိန့်ယိန်းတို့ အဖွဲ့ဆိုလို့ရှိရင် ခင်ဗျားတို့ ၂၀၁၄ ခုနှစ်အထိ စိုက်ခွင့်ရှိတယ်တဲ့။ ၂၀၁၄ ခုနှစ်မှာ ရပ်ရမယ်၊ အဲဒီလိုပြောတယ်။ ၀ ဆိုရင်လည်း အဲဒီအတိုင်းပဲ။ ၂၀၀၅ ခုနှစ်အထိ အကြီးအကျယ်စိုက်တယ်။ ၂၀၀၅ ခုနှစ်ကျတော့ တခါတည်း ရပ်ခိုင်းလိုက်တာပဲ။ နအဖအနေနဲ့ သူတို့က ရပ်ခိုင်းလိုက်ဆိုလည်း သူလည်း တကယ်တမ်း ရပ်ခိုင်းနိုင်တာပေါ့ဗျ။”
ဘိန်းစိုက်နှုန်း များပြားလာတာနဲ့အမျှ ဘိန်းသုံးစွဲမှုနှုန်းဟာလည်း မြင့်တက်လာနေတယ်လို့ ဦးခွန်စိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှုဟာဆိုရင် ၂၀၁၀ ပြည့်နှစ်အတွင်း အရင်တနှစ်ကထက် ၂၀% လောက် တိုးလာသလို ၂၀၀၆ ခုနှစ်ကစလို့ နှစ်စဉ် တိုးလာနေပြီး ဘိန်းထုတ်လုပ်မှု အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကထက် ၂ ဆကျော် တိုးလာတယ်လို့လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။