အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရရဲ့ စစ်တပ်နဲ့ အနီးကပ်ဆက်ဆံပြီး အကူအညီပေးတာမျိုးတွေ မလုပ်ဘူးဆိုတဲ့ အချက်တွေ အပါအဝင် ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ မူကြမ်းကို အမေရိကန် အောက်လွှတ်တော် အမတ်တွေက စက်တင်ဘာလ ၉ ရက်နေ့တုန်းက ဆွေးနွေးခဲ့ကြပါတယ်။ အခုလို မြန်မာအစိုးရ စစ်တပ်နဲ့ ဆက်ဆံရေးအပေါ် ကန့်သတ်တာဟာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုပါ ထိခိုက်နိုင်တယ်လို့ မြန်မာသမ္မတရုံးက အကြီးတန်းအရာရှိတဦးက တုံ့ပြန်လိုက်ပါတယ်။
ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးမှာ အာဏာရှင်အကြွင်းအကျန် လုပ်ရပ်တွေ ဆက်ရှိနေဆဲဆိုရင်တော့ ကူညီပေးနေတာတွေကို ပြန်စဉ်းစားရမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်တွေက သုံးသပ်ပါတယ်။ အမေရိကန် လွှတ်တော်အမတ်တွေရဲ့ ဆွေးနွေးမှုတွေအပေါ် တုံ့ပြန်ချက်တွေကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အပြောင်းအလဲတွေ လုပ်လာပေမဲ့ အခုနောက်ပိုင်းမှာ အားရစရာ မရှိတာကြောင့် အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အကူအညီပေးမှုမျိုးတွေ ဆက်လက် မလုပ်ဆောင်ဖို့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ အမေရိကန်အမတ်တွေက အမေရိကန် လွှတ်တော်မှာ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ဒီအချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ သမ္မတရုံး အကြီးတန်းအရာရှိတဦးကတော့ အမေရိကန် လွှတ်တော်အမတ်တွေရဲ့ ပြောဆိုချက်ကို ပယ်ချလိုက်ပါတယ်။ အခုလို ဆောင်ရွက်ချက်ဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်အတွင်းက နိုင်ငံရေးအားပြိုင်မှုဖြစ်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ အခုလို လုံခြုံရေးအရ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ လျစ်လျူရှုဖို့ တိုက်တွန်းတာတော့ မေးခွန်းထုတ်စရာ ကောင်းတယ်လို့ ပြောပါတယ်။
“နံပါတ်တစ်အချက်ကတော့ သူတို့ရဲ့ internal politics ပေ့ါနော် အမေရိကန်က နိုဝင်ဘာမှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့်ကာလအတွက် ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန် Joseph Crowley တို့ ဘာတို့ဆိုတာက အစဉ်တစိုက်ပေါ့နော် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ negative ရှုထောင့်ကနေ လုပ်လာတဲ့သူတွေပေါ့နော်။ ဒီအိုဘားမားရဲ့ foreign policy မအောင်မြင်ဘူးဆိုတာ ပြသချင်တဲ့ သဘောနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို သူတို့က ပိုပြီးတော့ ယုတ်လျော့အောင် အဲ့လိုလုပ်တယ်လို့ မြင်ပါတယ်။ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်သင့်ဘူးဆိုပြီးတော့ ပြောတဲ့စကားက ချမှတ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒ အထူးသဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ strategy နောက်တခုက policy ဒါတွေက မကိုက်ညီဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံကို လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကူညီပေးဖို့၊ လုပ်ပေးဖို့ ကန့်ကွက်တယ်ဆိုတော့ ဒီပြောသွားတဲ့ပေါ့နော် ကန့်ကွက်တယ်ဆိုတော့ ပြောသွားတဲ့၊ ကန့်ကွက်တဲ့ congress က အမတ်တွေပေါ့နော် နောက် သူတို့ကို ကိုယ်စားပြုတဲ့ ပါတီတွေ၊ နောက် သူတို့ကို ကိုယ်စားပြုတဲ့ institution တွေရဲ့ အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ရပ်တည်ချက် မေးခွန်းထုတ်စရာ ဖြစ်နေတယ်။”
၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ်ကစလို့ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲကျင့်သုံးပြီးနောက်မှာ အစိုးရရဲ့ ခြေလှမ်းတွေဟာ မြန်မာကို လိုက်လျောလွန်းတယ်ဆိုပြီး အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်တွေက စောင့်ကြည့် ဝေဖန်နေတာပါ။ အမေရိကန် လွှတ်တော်ဘက်က မြန်မာစစ်တပ်ကို အကူအညီ မပေးသင့်ဘူးလို့ ကန့်သတ်တာဟာ မဖြစ်သင့်ဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာအကဲဖြတ် ဦးတင်မောင်သန်းက ရှုမြင်ပါတယ်။
“ကျနော့်သဘောဆိုရင်တော့ အကူအညီ ပေးဖို့ သင့်တယ်လို့ ထင်ပါတယ်။ လက်ရှိ ကမ္ဘာမှာ စဉ်းစားနေတဲ့ နိုင်ငံတကာက စဉ်းစားနေတဲ့ အနေအထားကိုလည်း နားလည်ကြည့်ဖို့ အများကြီး လိုလာတယ်။ အဲ့ဒီအတွက် ကျနော်တို့ ပညာပေးတဲ့ကိစ္စကအစပေါ့နော် အထောက်အကူတွေ လိုတယ်။ အဲ့ဒါက စစ်တပ်ကိုမှ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အကူအညီပေးတယ်ဆိုတဲ့ နေရာမှာလည်းပဲ အရပ်ဖက်အဖွဲ့အစည်းတွေကို ပေးရတာလည်း ပါပါတယ်။ ဒါကတချက်။ ဒုတိယတချက်က ဘာလဲဆိုရင် ဒီ ဒီမိုကရေစီ အကူးအပြောင်းမှာ အရပ်ဖက်၊ စစ်ဘက် ဆက်ဆံရေးဟာ အရေးကြီးပါတယ်။ ဆိုတော့ မြန်မာပြည်က အရပ်ဖက်မှာရော လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဘယ်လောက်အထိ သိနားလည်သလဲလို့ ကြည့်လိုက်လို့ရှိရင် အားနည်းချက်တွေ ကျနော်တို့ အများကြီး တွေ့ရတယ်။ လုံခြုံရေးကဏ္ဍကြီးတခုလုံးကို ပြုပြင်ပြောင်းလဲဖို့က လိုအပ်နေတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အကူအညီတွေက အင်မတန်မှကို အရေးကြီးပါတယ်။”
တဘက်မှာတော့ အမှန်တကယ်သာ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲနေတယ်ဆိုရင် အကူအညီ ပေးနိုင်ပေမဲ့ အာဏာရှင် အကြွင်းအကျန် လုပ်ရပ်တွေ ဆက်ရှိနေသေးရင်တော့ အကူအညီပေးမှုတွေကို ပြန်စဉ်းစားရမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။
“ဒီလိုဗျ ကျနော်တို့က အင်မတန် ရှင်းပါတယ်။ ပြုပြင်ပြောင်းလဲရေးကို မှန်မှန်ကန်ကန် လုပ်ရင် အဲ့ဒါဆိုရင် ပူးပေါင်းဆောင်ရွက်ပေးရမယ်၊ အားပေးအားမြှောက်လည်း လုပ်ရမယ်။ ဒါက ရှင်းတယ်။ နောက်တခုကကျတော့ မမှန်မကန် နည်းလမ်းတွေ ကျန်ရှိနေမယ်၊ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်နိုင်သေးဘူးဆိုရင်လည်း သူ့အတွက် ဖိအား တစုံတရာပေးဖို့အတွက် ယန္တရားတခုကတော့ လိုတာပဲလေ။ မှန်ကန်တဲ့ပြောင်းလဲရေးတွေ မလုပ်ကြဘဲနဲ့နော် အာဏာရှင်ရဲ့ အကြွင်းအကျန်တွေ၊ ပုံသဏ္ဍာန်တွေ၊ လုပ်နည်းလုပ်ဟန်တွေ ကျန်နေသေးမယ်ဆိုရင်တော့ နိုင်ငံတကာရဲ့ ကန့်သတ်မှု၊ တားမြစ်မှုတွေနဲ့ ကြုံရမယ်။ သူ့ဘက်က မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်တယ်ဆိုရင်လည်း ဖြေလျှော့မှုတွေ ပေးရမှာဖြစ်တယ်။”
အခု ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေ မူကြမ်းကိုတော့ အောက်လွှတ်တော်ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဌ ရီပတ်ဗလစ်ကန်ပါတီ အမတ် Steve Chabot နဲ့ နယူးယောက်ပြည်နယ် အောက်လွှတ်တော် ဒီမိုကရက်ပါတီအမတ် Joseph Crowley တို့က ဦးဆောင် တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရဘက်က အခုလို လိုက်လျောမှုတွေ ရှိခဲ့ပေမဲ့လို့လည်း မြန်မာဘက်ကတော့ ပြောင်းလဲလာတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရဘူးလို့လည်း Mr. Chabot က ပြောပါတယ်။
ဥပဒေကြမ်းထဲမှာတော့ မြန်မာအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ထားဖို့၊ စစ်တပ်က ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေအချာ လျစ်လျူရှုမထားဖို့နဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီလို အခြေအနေတွေ မရှိသေးတဲ့အတွက် အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ကူးလူး ဆက်ဆံရေး မလုပ်ဖို့၊ မြန်မာစစ်တပ်ကို မကူညီဖို့ ဒီဥပဒေကြမ်းမှာ ကန့်သတ်ထားတာလို့ ဒီဥပဒေကြမ်းကို ဦးဆောင်တင်သွင်းသူ Mr. Chabot က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိချိန်တုန်းကတော့ ဒီမိုကရေစီ ကူးပြောင်းနေတယ်လို့ ပြောဆိုထားတဲ့ မြန်မာအစိုးရရဲ့ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ရှိသင့်တယ်လို့ ထောက်ပြခဲ့သလို၊ မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကလည်း အခုလိုပဲ ထောက်ပြ ပြောဆိုခဲ့ဖူးပါတယ်။