လွန်ခဲ့တဲ့ သီတင်းပတ်က ဒိုက်ဦးမြို့နယ်အတွင်း ဖြတ်သန်းသွားတဲ့ ကြွက်အုပ်တွေဟာ အခုအခါမှာ ပဲခူးတိုင်း ဘုရားကြီးမြို့အနီးထိ ပျံ့နှံ့ရောက်ရှိလာပြီး စပါးပျိုးခင်းတွေကို စားသောက် ဖျက်ဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကြွက်အုပ်တွေဟာ ပဲခူးရိုးမဘက်က ဆင်းလာတာ ဖြစ်တယ်လို့ ဒေသခံ အများစုက ယူဆပြီး ဒီလိုဖြစ်တာဟာ တောင်ပေါ်ဒေသမှာ ကျွန်းနဲ့ ရာဘာပင်တွေ စိုက်ဖို့ အကြီးအကျယ် တောရှင်းတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
အခုလို ကြွက်တွေ အုပ်စုလိုက် ပြောင်းရွှေ့နေကြတာကတော့ ညအချိန်တွေမှာ ဖြစ်လေ့ရှိပြီး ရန်ကုန်၊ မန္တလေး အမြန်လမ်းမကြီးပေါ် ဖြတ်သန်းတဲ့အခါ ကားကြိတ်မိလို့ သေတာတွေလည်း အများအပြား ရှိနေပါတယ်။ လွန်ခဲ့တဲ့ အပတ်တွေက သောင်းချီတဲ့ ကြွက်တွေဟာ ဒိုက်ဦးမြို့နယ် မရမ်းချောင်းကျေးရွာ အုပ်စုဘက်ကို ဖြတ်သန်းသွားခဲ့ရာက အခုအခါ ပဲခူးမြို့နယ် ဘုရားကြီးမြို့အနီးထိ ပျံ့နှံ့လာနေတယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။
“ကြွက်တွေက ဒီ ပဲခူးမြစ် ချောင်းကြီးကို ဖြတ်ပြီးတော့ ကူးလာကြတယ်။ အကောင်ရေကတော့ သူတို့မှန်းတာ ၆၀၀,၀၀၀ နဲ့ ၁,၀၀၀,၀၀၀ အကြား မှန်းတယ်။ အဲဒီကောင်တွေက ပြီးခဲ့တဲ့ ၁၅ ရက်၊ ရက် ၂၀ လောက်က ဒီ ရန်ကုန်၊ မန္တလေး အမြန်လမ်းပေါ့နော် အသစ်ပေါ့၊ ကွန်ကရစ်လမ်းကြီးကို ဖြတ်ပြီးတော့ အခု ဒီဘက်ကို ရောက်လာတာပေါ့နော်။ ကျနော်တို့ ဘုရားကြီးနဲ့ဆိုရင် အရင်တုန်းက ၁၄-၅မိုင်လောက်ဝေးတဲ့ ဘောနီတို့ ဘာတို့ကို ဖြတ်လာတာက အခု တမိုင်လောက် အနီးနားထိ ရောက်လာပြီပေါ့။ ပဲသီးကုန်းတို့၊ သပြေရိုးတို့၊ ဝင်္ကဘော်တို့ အဲဒီကျေးရွာတွေ ရောက်လာပြီခင်ဗျ။”
ကားလမ်းမတွေပေါ် ဖြတ်သန်းတဲ့အခါ ကြွက်တွေ များပြားလွန်းတာကြောင့် တချို့ကားတွေက ဖြတ်မသွားရဲဘဲ ရပ်ဆိုင်း စောင့်ကြည့်နေရတာ ရှိသလို တချို့ကားတွေက ကြွက်တွေကို ဖြတ်ကြိတ်သွားပါတယ်။ အဲဒီကြွက်သေ သွားရောက်ကောက်ယူတဲ့ သူတွေဟာ ဂုံနီအိတ်နဲ့ ၃-၄လုံးလောက် ရကြတယ်လို့လည်း ပြောပါတယ်။ ဒေသခံတွေကတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက နေ့စဉ်လို ဖြတ်သွားတဲ့ ကြွက်တွေဟာ မရှိဘူးဆိုရင် ၅၀၀,၀၀၀ နဲ့ ၁,၀၀၀,၀၀၀ ကြားထိ ရှိနိုင်မယ်လို့ ခန့်မှန်းပါတယ်။
အခုအခါ ကြွက်တွေ ရောက်လာတာကြောင့် ဘုရားကြီးမြို့အနီးက လယ်တွေ ပျက်ဆီးကုန်တယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
“ကျနော်တို့ ဒီမှာ စပါးကျဲခင်းတွေ ရှိတာပေါ့။ ဒီစပါးကျဲခင်းတွေကို ကြွက်တွေက ဝင်ရောက် ဖျက်ဆီးတာပေါ့။ အကုန်လုံး စားသွားတာပေါ့။ စပါးကျဲခင်းတွေဆို စပါးတစေ့မှ မကျန်ဘူး စားသွားတယ်ခင်ဗျ။ အခုဆိုရင် ဘုရားလေး ကျေးရွာနားက ရထားလမ်းဘေးက ကျဲခင်းတွေဆို ကုန်သလောက် ဖြစ်သွားပါပြီ။”
ဒေသခံတွေက ကြွက်တွေကို ရိုက်နှက်သတ်ဖြတ်တာ၊ အဆိပ်ကျွေး သတ်တာတွေ ရှိပေမဲ့ နှိမ်နင်းလို့ မနိုင်အောင် ဖြစ်နေပြီး အခုအခါ ဒိုက်ဦးနဲ့ ပဲခူးကြားက ကျေးရွာတွေမှာ ပျံ့နှံ့ ရောက်ရှိနေတယ်လို့ ပြောပါတယ်။ ကျောက်တံခါး၊ ဖြူး စတဲ့ မြို့ဘက်တွေမှာလည်း ပဲခူးရိုးမဘက်ကနေ ကားလမ်းကို ဖြတ်ပြီး ကြွက်တွေ ပြောင်းရွှေ့တာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ကြွက်တွေ ပြောင်းရွှေ့တာဟာ ပဲခူးရိုးမနဲ့နီးတဲ့ ဒေသတွေမှာ အဖြစ်များပြီး ညောင်လေးပင်ဘက်မှာတော့ ကြွက်တွေ ရောက်လာတာ မရှိဘူးလို့ ညောင်လေးပင် ဒေသခံတယောက်က ပြောပါတယ်။
“ကျနော်သတိထားမိတာက ပဲခူးရိုးမနဲ့ နီးတဲ့ မြို့နယ်တွေမှာ ဖြစ်တာဗျ။ ပဲခူးဆိုရင်လည်း အင်းတကော်ဘက်က ပဲခူးရိုးမရဲ့ တောင်ဘက် အဖျားပေါ့နော်။ ဒိုက်ဦးဆိုရင်လည်း ဒိုက်ဦးမြို့နယ်ရဲ့ အနောက်ဘက်အစွန် ရွာလေးတွေက ပဲခူးရိုးမနဲ့ ကပ်နေတယ်။ ကျနော်တို့ မြို့နယ်ကျ ပဲခူးရိုးမနဲ့ သွားမကပ်ဘူး။ ကျနော်တို့ မြောက်ဘက်ကျတဲ့ ကျောက်တံခါးမြို့နယ်ကျ ပဲခူးရိုးမနဲ့ သွားကပ်တယ်။ အဲဒီကြွက်တွေက ဆင်းလာတယ်လို့ပဲ ပြောရမယ်။ တောင်ပေါ်က ဆင်းလာတာဗျ။ ကျနော်တို့ ညောင်လေးပင် မြို့နယ်ထဲမှာတော့ အဲဒါမျိုး မတွေ့ရဘူးဗျ။”
ဒိုက်ဦးမြို့နယ်က စိုက်ပျိုးရေးဌာန အရာရှိကတော့ ဒီလို ကြွက်တွေ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့တဲ့သတင်းကို ကြားသိရတယ်လို့ ပြောဆိုပြီး သူတို့အဖွဲ့တွေ ကွင်းဆင်းစစ်ဆေးနေတာ ၄-၅ ရက်ရှိပေမဲ့ ကြွက်တွေကို အများအပြား မတွေ့ရဘူးလို့ ဆိုပါတယ်။ အခုအခါ မြန်မာ့စိုက်ပျိုးရေးဌာန ရုံးချုပ်အပြင် တိုင်းနဲ့ မြို့နယ်ရုံးတွေကပါ ပူးပေါင်း စစ်ဆေးတာတွေ ပြုလုပ်နေပြီး ကြွက်နှိမ်နင်းရေး လုပ်ငန်းအတွက်လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
အခုလို ကြွက်တွေ အစုလိုက် ပြောင်းရွှေ့တာကတော့ ပဲခူးရိုးမ တောင်ပေါ်မှာ ကျွန်းနဲ့ ရာဘာစိုက်ခင်းတွေ အများအပြား စိုက်ပျိုးဖို့အတွက် တောရှင်းနေတာကြောင့် ကြွက်တွေ နေစရာ၊ စားစရာ ခက်ခဲပြီး အခုလို ပြောင်းရွှေ့တာ ဖြစ်နိုင်တယ်လို့ စိုက်ပျိုးရေးဌာနက အရာရှိက သုံးသပ်ပါတယ်။
၂၀၀၆ ခုနှစ် အတွင်းကတော့ ချင်းပြည်နယ်တောင်ပိုင်း ဒေသဘက်မှာ ဝါးသုဉ်းတာကြောင့် ကြွက်တွေ အများအပြား လာရောက်ပြီး ဒေသခံ ပြည်သူတွေ အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရဖူးသလို လွန်ခဲ့တဲ့နှစ် စပါးရိပ်သိမ်းချိန်မှာ နာဂစ်ဒဏ်ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် ဒေသဘက်မှာလည်း ကြွက်အုပ်တွေ ကျတာကြောင့် စပါးတွေ ပျက်စီးခဲ့ရပါတယ်။