ဆယ်နှစ်ကျော်ကြာအောင် ထွက်ပြေး တိမ်းရှောင်နေတဲ့ ဆာဘီးယား ထိပ်တန်း ဗိုလ်ချုပ်ကြီး ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ကြာသပတေးနေ့ အစောပိုင်းမှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဘဲလ်ဂရိတ်မြို့တော်က ဆားဘီးယား စစ်ရာဇဝတ် ပြစ်မှုဆိုင်ရာ တရားခုံရုံးဆီ ပို့လိုက်ပါတယ်။
The Hauge မြို့မှာ အခြေစိုက်တဲ့ စစ်ရာဇဝတ် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂ တရားခုံရုံးကနေ အလိုရှိနေတဲ့ မလာဒစ်ရှ်ကို ဆာဘီးယား မြောက်ပိုင်း ကျေးရွာတခုက တရားရုံးဆီ ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ လူတွေကို အစုအဝေးလိုက် သတ်ပစ်မှု၊ ၁၉၉၀ ပြည့်နှစ် အစောပိုင်း ကာလတွေတုန်းက ဖြစ်ခဲ့တဲ့ ဘော့စနီးယား ပဋိပက္ခအတွင်း ဆာ့ဘ်လူမျိုး မဟုတ်တဲ့ လူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေနဲ့ The Hague တရားခုံရုံးက သူ့ကို အလိုရှိနေတာ ဖြစ်ပါတယ်။
မလာဒစ်ရှ်ကို The Hague တရားခုံရုံးဆီ လွှဲပြောင်းပေးဖို့ လိုအပ်ချက်တွေ အားလုံးနဲ့ ကိုက်ညီခြင်း ရှိ၊ မရှိ ဆိုတာကို ဆာဘီးယန်း တရားခုံရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ဖို့ရာ ၇ ရက်ထက်ပိုပြီး မကြာဘူးလို့ ဆာဘီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားခုံရုံးကို မလာဒစ်ရှ်က အသိအမှတ်မပြုဘဲ သူဟာ စုံစမ်းစစ်ဆေးခံရဖို့အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ခိုင်မာမှု မရှိဘူးလို့ သူ့ရဲ့ရှေ့နေဖြစ်သူ မီလိုစ် ဆယ်လ်ဂျစ်ချ် (Milos Saljic) က တရားသူကြီးတွေကို ပြောခဲ့ပါတယ်။