ကျောက်တော်မြို့ မဟာမုနိဒုက္ခသည်စခန်းမီး အိမ်ခြေ ၂၀၀ ကျော် လောင်ကျွမ်း

ကျောက်တော် မဟာမုနိစစ်ဘးဒုက္ခသည်စခန်း မီးလာင်သွားပုံ (CJ)

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မဟာမုနိ စစ်ဘေးဒုက္ခသည်စခန်းမှာ ဒီကနေ့ မနက်ပိုင်းက နေအိမ် ၂၀၀ ကျော်အထိ မီးလောင်သွားတယ်လို့ စခန်းတာဝန်ရှိသူတွေကပြောပါတယ်။ နေအိမ်မီးလောင်သွားတဲ့ စစ်ဘေးဒုက္ခသည်တွေကို လောလောဆယ် နီးစပ်ရာ ကျောင်းဆောင်တွေမှာ နေရာချထားပြီး ပြည်နယ်ကောင်စီက အရေးပေါ် ကူညီထောက်ပံ့နေပါတယ်လို့ ရခိုင်ပြည်နယ် ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက VOA ကို ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းစစ်ဘေးဒုက္ခသည် ၁,၇၀၀ ကျော်နေထိုင်တဲ့ မဟာမုနိစစ်ဘေးဒုက္ခသည်စခန်းမှာ ဒီကနေ့မနက်ပိုင်းက မီးလောင်ခဲ့ပြီး နေအိမ် ၂၀၀ ကျော် မီးထဲပါသွားတာကြောင့် ထောင်နဲ့ချီတွေ စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ နာယကဆရာတော်က မိန့်ပါတယ်။

“အခုလက်ရှိမှာ မီးလောင်သွားတာဆိုတော့ သူတို့မှာက ပစ္စည်းတွေလည်း ဘာမှမရလိုက်ဘူး၊ တော်တော်စိတ်ပူနေကြတယ်။ နေစရာကလည်းမရှိ စားစရာကလည်းမရှိ၊ စားဝတ်နေရေးလည်း တော်တော်အခက်အခဲဖြစ်နေတယ်။ နေအိမ်ကတော့ ၂၆၂ အိမ်ပါသွားတယ်။”

လူကလွဲပြီး ရှိသမျှအကုန် မီးထဲပါသွားတယ်လို့ နေအိမ်မီး လောင်သွားတဲ့ စစ်ဘေးဒုက္ခသည်တဦးဖြစ်တဲ့ ဦးကျော်သိန်းလှကပြောပါတယ်။

“အိမ်မှာ ပစ္စည်းတွေ ဆုံးရှုံးသွားတယ်။ ဆန်တွေဘာတွေလည်း အကုန်ပါသွားတယ်၊ ပြောင်းဖို့ ရွှေ့ဖို့လည်း မရလိုက်ဘူး၊ အခုက ရထားဘူတာနားက ယာယီကျောင်းဆောင်မှာပဲ နေရတယ်။”

လက်ရှိမှာတော့ မီးဘေးသင့်နေတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နီးစပ်ရာ ဘုန်းကြီး ကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာ ခိုလှုံနေကြရပါတယ်။

လက်ရှိမီးဘေးသင့်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြည်နယ်ကောင်စီက အရေးပေါ် ကူညီဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ဗွီအိုအေကို ပြောပါတယ်။

“လတ်တလောအားဖြင့်တော့ ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရက တင်ပြချက်စာရင်းတွေပေါ်မှာ ကြည့်ပြီးတော့ခါ မိသားစု ၂၆၂ အစုအတွက် လူဦးရေအပေါ်မှာ မူတည်ပြီးတော့ လူတယောက်ကို တနေ့ ဆန်၂ ဗူးနှုန်းနဲ့ တပတ်စာ၊ အလားတူပဲ လတ် တလော စားနေဖို့ စားသုံးဆီ မိသားစု တစုကို တပိဿာ၊ ဆား၊ ငပိ ဒါလေးတွေ ထောက်ပံ့ပေးထား တာရှိပါတယ်ခင်ဗျာ။ နောက်ပြီးတော့ ဘေးစီမံဌာနက အိမ်ထောင်စုတစုကို ပစ္စည်း ၁၃ မျိုးပါတဲ့ family kit တပုံးစီ လတ်တလောမှာ ပေးထားပါတယ်။ နောက်ပြီးတော့ ခြောက်ပေ ၁၈ ပေ တာပေါ်လိတ်တွေလည်း ပေးထားပါတယ်။ ပြည်နယ်အစိုးရနဲ့ ဘေးစီမံက တာဝန်ရှိသူတွေကတော့ အခင်းဖြစ်နေရာမှာ ရောက်ပြီးတော့ ဆက်လက်ကူညီပံ့ပို့နေတယ်လို့သိရပါတယ်ခင်ဗျာ။”

လက်ရှိမှာ ရခိုင်ပြည်နယ်မှာ မိုးရွာသွန်းနေတာကြောင့် မီးလောင်သွားတဲ့ နေအိမ်တွေကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးပြန်ဆောက်ပေးစေချင်တယ်လို့ စစ်ဘေးဒုက္ခသည် ဦးကျောင်သိန်းလှက ပြောပါတယ်။

“မီးလောင်သွားတဲ့ အိမ်တွေကို အမြန်ဆုံးဆောက်ပေးစေချင်တယ်။ အလှူရှင်တွေ ရှိရင်လည်း ကူညီပေးစေချင်တယ်။ မိုးကလည်း ခဏခဏရွာနေတာဆိုတော့ လိုအပ်တာတွေကို လုပ်ပေးစေချင်တယ်။”

ပြည်နယ်ကောင်စီဘက်ကတော့ မီးလောင်သွားတဲ့ နေအိမ်ကိုတွေကို ပြန်ဆောက် ပေးဖို့ မပေးဖို့ဆိုတာ လတ်တလော မသိရသေးဘူးလို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာကျန်ရှိနေသေးတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အများအားဖြင့် ဝါးထရံကာ ဓနိမိုး အိမ်တွေ ဖြစ်သလို အချိန်ကြာနေပြီဖြစ်လို့ နေအိမ်တွေလည်း လေဒဏ်မိုးဒဏ်တွေကို ခံနိုင်ရည်မရှိတော့ဘူးလို့လည်း စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ရပ်တန့်ထားတာ ၂ နှစ်နီးပါးရှိပြီဆိုပေမယ့်လည်း လုံခြုံရေး အခြေအနေအရ နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းကျော်လောက် ရှိနေသေးတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ရဲ့ စာရင်းအရ သိရပါတယ်။

Your browser doesn’t support HTML5

ကျောက်တော်မြို့ မဟာမုနိဒုက္ခသည်စခန်းမီး အိမ်ခြေ ၂၀၀ ကျော် လောင်ကျွမ်း

==============

[[Unicode]]















==============