[[Zawgyi/Unicode]]
ရခိုင်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်စခန်းတချို့မှာ စားနပ်ရိက္ခာနဲ့သောက်သုံးရေ ပြတ်လပ်နေပြီလို့ စခန်းတာဝန်ရှိသူတွေကပြောပါတယ်။ စစ်ဘေးဒုက္ခ သည်တွေအနေနဲ့ နေရပ်ပြန်ဖို့ ခက်ခဲနေသေးသလို စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အလှူရှင်တွေလည်း နည်းပါးလာတာကြောင့် အခက်ကြုံနေရတာဖြစ်တယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ရခိုင်က စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သတ်ပြီးရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ရခိုင်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်စခန်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကူညီထောက်ပံ့မှုအားနည်းလာသလို စခန်းတချို့မှာ ခုဆိုရင် စားနပ်ရိက္ခာရော သောက်သုံးရေပါ ပြတ်လပ်မှု ရင်ဆိုင်လာရပါတယ်။ ကျောက်တော်မြို့နယ်က လူဦးရေ ၃,၀၀၀ နီးပါးနေထိုင်တဲ့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း သောက်သုံးရေမရှိတာကြောင့် ချောင်းကိုသုံးနေရပြီး ဝမ်းရောဂါဖြစ်ပွားတာတွေလည်း ရှိတယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်ကပြောပါတယ်။
“ကန်မှာက သောက်ရေလည်းမရတော့ဘူး။ သုံးရေလည်းမရတော့ဘူး။ အဲဒါကြောင့် ချောင်းရေကိုပဲသုံးနေရတယ်။ အဲဒီချောင်းရေဆိုတာကလည်း တအား ညစ်ပတ်တယ်။ ဘာလို့လဲဆိုတော့ ချောင်းမှာ အိမ်သာတို့ဘာတို့ချထားတာရှိတယ်ဆိုတော့ ကျန်းမာရေးနဲ့မညီညွတ်မှုဖြစ်နေတယ်၊ ဒါကြောင့်မလို့ ကလေးတွေ မကြာမကြာ ဝမ်းရောဂါတွေဖြစ်တယ်။ ကျနော်ကတော့ ကူညီပေးနိုင်မယ့် NGO INGO တွေကို အကူအညီတောင်းထားတာရှိတယ်။ သူတို့လည်း ကူညီပေးဖို့ ကြိုးစားနေတာရှိတယ်လို့ပြောတယ်။ နောက်ပြီးတော့ ကျနော် ဒီဇင်ဘာလလောက်ကတည်းက စစ်ကောင်စီကို အစည်းအဝေးမှာ တင်ပြထားတာရှိတယ် အစ်ကို။ အခုအချိန်ထိတော့ တစုံတရာ ကူညီပေးတာတော့မရှိသေးဘူး”
ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာလည်း စားနပ်ရိက္ခာတွေလည်း မရှိတော့သလို သောက်သုံးရေတွေလည်း ရှားပါးနေပါတယ်။ အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းက ကိုအောင်နိုင်ဝင်းကတော့ ရေမရှိတာကြောင့် မြစ်က ဆားငံရေတွေကို သုံးနေရတယ်လို့ ပြောပါတယ်။
အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်း ကိုအောင်နိုင်ဝင်းအသံ။
“စားနပ်ရိက္ခာကော ရေတွေကောရှားပါးနေတယ်။ အလှူရှင်တွေလည်းမရှိဘူး၊ ရေချိုးရတာလည်း ဆားငံရေကို ချိုးနေရတယ်၊ စားရေးသောက်ရေးလည်းအဆင်မပြေဘူး။ အလှူရှင်တွေလည်း မရောက်ဘူး။ ဆန်တွေလည်းကုန်နေတယ်”
လက်ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို အစိုးရက ဆန်ရိက္ခာ ထောက်ပံ့တာတွေရှိပေမယ့်လည်း လုံလောက်မှုမရှိဘူးလို့လည်း ပုဏ္ဏားကျွန်းမြို့နယ် စစ်မှုဇုန် စစ်ဘေးဒုက္ခသည်းစခန်းက တာဝန်ရှိသူတဦးကပြောပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာ သောက်သုံးရေတွေလည်း ရှားပါးနေတာပါ။ လက်ရှိမှာတော့ အဖွဲ့တခုက သုံးလစီမံကိန်းနဲ့ ရေလှူပေးနေတာကြောင့် အဆင်ပြေနေပေမယ့် အဲဒီသုံးလပြီးရင် သောက်သုံးမရရှိတော့မှာကို စိုးရိမ်နေရတယ်လို့လည်း ဒုက္ခသည်တဦးကပြောပါတယ်။
“ရိက္ခာကလည်းလုံလုံလောက်မရှိဘူး။ မနက်တဗူး၊ ညတဗူးပဲ ပေးထားတာဆိုတော့ အဲထက်ပိုစားတဲ့သူတွေမှာကျတော့ ရိက္ခာလုံလုံလောက်လောက်မရှိဘူး။ သောက်သုံးရေကျတော့ ဆာရာဆိုတဲ့ အဖွဲ့ တစ်ခုက သောက်ရေ သုံးရေ တွေကို ကားနဲ့တင်ပြီးတော့ ပို့ပေးနေတဲ့ အတွက် အခုအချိန်ထိတော့ လုံလောက်နေသေးတယ်၊ ဒါပေမယ့်သူတို့ကလည်း သုံးလပဲပေးမယ်ဆိုတော့ အဲဒီသုံးလ ပြီးရင် ရေဘယ်ကရမလဲ ကျနော်တို့မှာမျော်လင့်ချက်မရှိသေးဘူး”
ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည် ၉၀,၀၀၀ ကျော်လောက် ဟာ လုံခြုံရေးအာမခံချက်မရှိတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေကြပြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေဆဲဖြစ်ပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့စစ်တပ်ကြား ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ အစောပိုင်းကကတည်းက တိုက်ပွဲတွေ ရပ်တန့်နေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလအတွင်းမှပဲ မောင်တောဘက်မှာ AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ရခိုင်ပြည်နယ်တိုက်ပွဲ တကြော့ပြန်ကြီးထွားလာမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။
Your browser doesn’t support HTML5
==============
[[Unicode]]
==============