(Zawgyi/Unicode)
စစ်မီးမငြိမ်းသေးတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ၁၀ တန်းကျောင်းသား ၄,၀၀၀ လောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ ပျက်ကွက်သွားကြပြီလို့ ပညာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အထူးသဖြင့်တော့ လုံခြုံရေးပိုင်းကြောင့် စာစစ်ဌာနတွေကို မြို့ပေါ် ပြောင်းလို့်တဲ့အတွက် ကျောင်းသားတွေ အခက်တွေ့သွားကြရတာပါ။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က ဆက်ပြောပြပါမယ်။
ရခိုင်ပြည်နယ် တခုလုံး တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၅၀,၀၀၀ နီးပါးရှိရာမှာ ၄,၀၀၀ ကျော်ပျက်ကွက်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးစာရင်းအရ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေဆဲ စစ်တွေခရိုင်နဲ့ မြောက်ဦးခရိုင်မှာ ဖြေဆိုသူ ပျက်ကွက်မှု အများဆုံးဖြစ်ပွားနေပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကျောင်းသားဦးရေ ၄,၀၀၀ လောက် စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်ပေမဲ့ မောင်တောခရိုင်မှာ ပျက်ကွက်တဲ့ဦးရေ ၃၀၀ ကျော်သာ ရှိတယ်လို့ ခရိုင်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။
“ပျက်ကွက်တာကတော့ ကျောင်းသား ၄,၀၀၀ ။ အဲဒီကလေးတွေကလည်း အကြောင်းအမျိုးမျိုးတော့ရှိမှာပေါ့။ အခက်ခဲတော့အသေးစိတ်တော့ ကျနော်ပြောလို့ မရဘူး။ ဘူးသီးတောင်မောင်တောဘက်မှာတော့၃၀၇ ပဲ ပျက်တယ်ဆိုတော့ သိပ်ကတော့ မပျက်ပါဘူး။”
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ အမ်း စတဲ့ ၈ မြို့နယ်က နယ်စာစစ်ဌာန ၃၀ ကို လုံခြုံရေးအခြေအနေအရ မြို့ပေါ်မှာ စာမေးပွဲဖြေဆိုနေရပါတယ်။
အထူးသဖြင့်ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် လုံခြုံရေး အခြေအနေအရ စာစစ်ဌာနအချို့ကို အချိန်အနီးကပ်မှ ထပ်မံပြောင်းခဲ့ရလို့ ကျောင်းသားတွေ စာဖြေဖို့ အခက်အခဲတွေကြုံခဲ့ရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန် ပြောပါတယ်။
“ဒီစာစစ်ဌာနခွဲတွေကို ဖွင့်ခွင့်မပေးဘဲ မြို့ပေါ်မှာပဲ အကုန်လုံး ပြောင်းရွှေ့ပြီးတော့ စာစစ်နေတာကို တွေ့ရပါတယ်။ တချို့စာစစ်ဌာနတွေမှာ မြို့ပေါ်မှာလာလို့စစ်နေတယ်ဆိုပေမဲ့ အဲဒီမြို့ပေါ်နဲ့အနီးတဝှိက်မှာ တိုက်ပွဲတွေက ရှိနေတယ်။ အဲဒီဒေသမှာရှိတဲ့ မိဖတွေကလည်း ကိုယ့်ရဲ့သားသမီးအပေါ်မှာ စောင့်ရှောက်ဖို့အတွက် သွားရေးလာရေးတွေက အင်မတန်မှ စိုးရိမ်စရာအနေအထားမှာ ရှိနေတယ်။ မနေ့ကစပြီးတော့ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်မှာဆိုလို့ ရှိရင် တိုက်ပွဲတွေအကြီးအကျယ် ဖြစ်နေတာပေါ့နော်။ တိုက်ပွဲအတွင်းကာလမှာ ကျောင်းသားမိဖတွေရဲ့ နေရာထိုင်ခင်းတွေ နောက်ပြီးတော့ လမ်းပမ်းဆက်သွယ်ရေး အခါအားလျှော်စွာ သားသမီးအပေါ် စောင့်ရှောက်မှုအပိုင်းတွေရယ်။ အဲတာလုံခြုံမှု မရှိတဲ့အတွက် တော်တော့ကို စိုးရိမ်မှုတွေရှိနေကြတယ်။”
တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ စစ်ရှောင်စခမ်းတချို့က ကျောင်းသားတွေ လုံခြုံရေးအနေအထားနဲ့ စာဖြေခွင့်ဖောင် မတင်ထားတဲ့အတွက် စာမေးပွဲ မဖြေဆိုရဘူးလို့ ဦးရွှေဘော်စိန်က ဆက်ပြောပါတယ်။
“တချို့ကျောင်းသား မိဘတွေကျတော့ သူတို့ရဲ့အခြေအနေအပေါ် မူတည်ပြီးတော့ စာမေးပွဲဖောင် မတင်ရတာတို့ စာမေးပွဲစစ်ခါနီးမှာ အကြောင်းအမျိုးမျိုးကြောင့်နဲ့ သင်ရိုးကို ပုံမှန်လေ့လာသင်ယူနိုင်ခြင်း မရှိတဲ့အတွက် ဖောင်မတင်ဖြစ်ဘူးပေါ့။ အဲဒီလိုအခက်ခဲတွေ တွေ့ရတယ်။”
စစ်ရေးတင်းမာမှုဖြစ်စဉ်တွေမှာ ပညာရေးဝန်ထမ်းတွေအတွက်ကလည်း လုံခြုံရေးစိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။
မတ်လ ၅ ရက် ကြာသပတေးနေ့တုန်းကပဲ ကျောက်တော်မြို့နယ် မီးဝကျေးရွာ အ.ထ.က ကျောင်းခွဲကျောင်းအုပ်ဆရာ ဦးမျိုးဇော်လွင်ဟာ စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေကို ကျောက် တော်စာစစ်ဌာနကို လိုက်ပါပို့ဆောင်ပြီးတဲ့နောက် ပျောက်ဆုံးသွားတယ်လို့ ကျောက်တော်မြို့နယ် ပညာရေးမှူးရုံးက စာရေးကြီးဦးထွန်းဖြူက ပြောပါတယ်။
“ပျောက်သွားတာကတော့ မှန်တယ်ခင်ဗျ။ ကျနော်တို့ကတော့ ဘယ်လိုပုံစံမျိုးနဲ့ ပျောက်သွားတယ်ဆိုတာတော့ တပ်အပ်မသိဘူးခင်ဗျ။၅ ရက်နေ့ကပျောက်သွားတာပါ။ ကျနော်တို့ရဲ့ဌာနကို တင်ပြထားပါတယ်ခင်ဗျ။ သူက သူ့ကျောင်းကကျောင်းသားတွေနဲ့ စာမေးပွဲဖြေဖို့ဆိုပြီးတော့ ဆင်းလာကြတယ်။ ကျောက်တော်ရောက်ပြီးမှ ကျောက်တော်မှာ ပျောက်သွားတယ်။ ဇာတိမြေကိုတော့ မပြန်ရသေးဘူး ဒီကပဲ ပျောက်သွားတယ်။”
ကျောင်းအုပ်ဆရာ ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး ရဲစခန်းမှာ လူပျောက်တိုင်ထားတယ်လို့လည်း ဦးထွန်းဖြူက ပြောပါတယ်။
လက်ရှိတိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတဲ့ကျောက်တော်မြို့နယ် မီးဝကျေးရွာ မိဘတဦးကတော့ အရင်က ဒေသအတွင်း စာစစ် ဌာနတွေမှာ ဖြေဆိုရပေမဲ့ ဒီနှစ်မှာမြို့ပေါ်ဖြေဆိုရတဲ့အတွက် အခက်ခဲရှိနေတယ်လို့ပြောပါတယ်။
“နယ်ကလူတွေက အကုန်လုံး ကျောက်တော်မှာပဲ ဖြေရပါတယ်။ အသွားအလာတော့ ဝေးတယ်။ လှေနဲ့သွားရင် ၄ နာရီ လောက် သွားရတယ်။ အနေအထိုင်တွေ အစားအသောက်တွေ အခက်ခဲရှိတာပေါ့နော်။ အိမ်တွေဘာတွေငှါးပြီး နေရတယ်။ ခက်ခဲတယ် သူတို့။”
ရခိုင်တပြည်လုံးအနေနဲ့ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနပေါင်း ၁၂၇ ခု ရှိပြီး ကျောင်းသား ကျောင်းသူပေါင်း ၄၉,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုဖို့ စာရင်းသွင်းထားခဲ့ပါတယ်။
အလားတူ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြို့ပေါ်မှာသာ ဖြေဆိုခွင့်ရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ဟာ တိုင်းနဲ့ပြည်နယ်အားလုံးထဲမှာ ၁၀ တန်းအောင်ချက် အနည်းဆုံးပြည်နယ်တွေဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ဖြေဆိုသူ ၉ သိန်းကျော် စာရင်းပေးသွင်းထားပြီး မတ်လ ၁၁ ရက်နေ့ စာမေးပွဲ စတင်ချိန်မှာတော့ ဖြေဆိုသူ ၆၀,၀၀၀ ကျော် ပျက်ကွက်ခဲ့ပါတယ်။
Your browser doesn’t support HTML5
[Unicode Version]