ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ အရပ်သားတွေ ဖမ်းဆီးခံရတာ၊ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်တွေအထိ လက်နက်နဲ့ကျည်တွေ ထိမှန်နေတာကြောင့်၊ စစ်ပွဲတွေအတွင်း အရပ်သားတွေကို အန္တရာယ် မဖြစ်စေအောင် သတိထားပေးဖို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရခိုင်လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုနေပါတယ်။ မြောက်ဦးအပါအဝင် ဘူးသီးတောင်နဲ့ ရသေ့တောင်ဖက်တွေမှာ တိုက်ပွဲတွေက လက်နက်ကြီးကျည်တွေဟာ အရပ်သားတွေနေထိုင်ရာကို ထိမှန်နေတာမို့ ၊ ဒေသခံတွေ အိုးအိမ်စွန့်ခွာပြေးကြရတာ အခုဆိုရင် ဒုက္ခသည်သုံးသောင်းလေးထောင်ကျော်သွားပြီလို့ သိရပါတယ်။ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။
မြန်မာအစိုးရတပ်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်းက မြို့နယ်တချို့မှာ နှစ်ဖက်တိုက်ပွဲတွေက လက်နက်ကြီးတွေ ကျည်ဆံတွေဟာ အရပ်သားပြည်သူတွေ ရှိတဲ့ကျေးရွာထဲအထိ ထိမှန်တာတွေဖြစ်နေတဲ့အတွက် ၊ ဒေသခံပြည်သူတွေ စစ်ဘေးကနေ တိမ်းရှောင်နေကြရပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ နာမကျမ်းဖြစ်နေသူတွေပါ ရှိနေတဲ့ ရပ်ကွက်တွေထဲအထိ လက်နက်ကြီးကျည်တွေနဲ့ပစ်ခတ်မှုတွေကို ရှောင်ရှားပေးဖို့ လက်နက်ကိုင်တပ်တွေ အပါအဝင် ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို ဒုက္ခသည်စခန်းတွေထဲအထိ ကိုယ်တိုင်သွားရောက် ကူညီပေးနေသူလည်းဖြစ် မြောက်ဦးမြို့ပစ်ခတ်မှုကို ကိုယ်တိုင်ကြုံခဲ့ရသူ ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“တဖက်သတ် လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလို့ ကျနော်တို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကိုယ်တိုင်လည်းကြုံခဲ့ရလို့ပေါ့နော်။ မြောက်ဦးမြို့တိုက်ခိုက်ခံရပြီး နောက်တနေ့မှာပဲ ကျနော် မြောက်ဦးမြို့က လွှတ်တော်ကိုယ်စားလှယ်တချို့ ရပ်မိ ရပ်ဖ တချို့နဲ့ စစ်ဘေးရှောင်တာကြောင့် အရေးပေါ်ခေါ်လာရတယ်ဆိုတဲ့ ကျေးရွာ ကျောင်းပေါ်ရွာလမ်းကို ဖြတ်ပြီးတော့ ကျနော်တို့အထွက်ပေါ့နော် ၊ လယ်ကွင်းပြင်နေရာမှာပေါ့နော် အဲဒီမှာ ကျနော်တို့ကို လက်နက်ကြီးနဲ့ ပစ်ခံရတယ်ပေါ့နော် အဲဒီတော့ ကျနော်သိတာက ဒီလောက်လမ်းရှင်းနေတဲ့နေရာမှာ ကျနော်တို့ကို လက်နက်ကြီးနဲ့ ပစ်ခံရတယ်ဆိုတာကို ကျနော်အဓိက ပြောချင်တာက ရမ်းသန်းပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာတွေကို ရပ်ပါ နံပတ်၁ တချက်က ။ နံပတ် ၂ ကတော့ တပ်က ပစ်ရင်လည်း ၊ ရဲတပ်ရင်းကပဲဖြစ်ဖြစ် သက်ဆိုင်ရာပေါ့နော် ဒါတွေနဲ့ ဆွေးနွေးပြီးတော့ အမြန်ဆုံးရပ်ဖို့လိုတယ်ပေါ့နော်။ ဒီအချက်ကိုပဲ ကျနော်တို့ အဓိက ပြောချင်တယ်။”
မြန်မာစစ်တပ်ဘက်ကတော့ သူတို့ကို ပစ်ခတ်လာတဲ့အတွက် တန်ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ရတယ်ဆိုထားပေမဲ့ အခုလက်ရှိ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့ ကျေးရွာမြိုူ့နယ်တွေမှာတော့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒီရက်ပိုင်း ရင်ဆိုင်တိုက်ပွဲ မရှိဘူးလို့ ရခိုင်တပ်မတော် AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။
“၁၆ ရက်နေ့တုန်းက ဒီပန်မြောင်းဘက်မှာ တိုက်ပွဲဖြစ်ပြီးတော့ အဲဒီကတည်းက စပြီးတော့ တိုက်ပွဲက ငြိမ်နေတယ်ခင်ဗျ။ ဒါပေမယ့် ဒီမြန်မာစစ်တပ်ဘက်ကတော့ တိုက်ပွဲအတုတွေ ဖန်တီးပြီးတော့ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်၊ လက်နက်ငယ်တွေနဲ့ ရွာထဲဝင်ပစ်တာတွေ လုပ်နေတာရှိတယ်။ အထူးသဖြင့်တော့ ဘူးသီးတောင်မြို့နယ်ထဲက နွားယုံတောင်၊ စန်ဂိုးတောင်၊ ဥယျာဉ်သာ သျှိသျှားတောင် ပေ့ါနော် အဲဒီရွာတွေဘက်မှာ အဲလိုဖြစ်နေတာ။ မြောက်ဦးမြို့နယ်ထဲမှာလည်း ပေါင်းသားရွာကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်တယ် ။ အဲဒီတော့ ရွာသားတွေ မနေနိုင်လို့ အားလုံး ပြေးကုန်ပြီပေ့ါ။ မြန်မာစစ်တပ်အနေနဲ့ အဲလိုမြို့သူတို့ လုပ်နေတာက ကျနော်တို့မြင်တာကတော့ ရည်ရွယ်ချက်ရှိရှိလုပ်နေတာမြင်တယ် ဆိုတော့ အခုလုပ်နေတာတွေက ပြောမယ်ဆိုရင် အရပ်သားတွေ လုံးဝမနေနိုင်အောင် မြန်မာစစ်တပ် ကနေ လုပ်နေတာ။ ပြောမယ်ဆိုရင် လူ့အဖွဲ့အစည်း ရပ်တည်လို့မရအောင် သူတို့ လုပ်တာပေါ့နော် ဒါက Crime against Humanity ပဲ။”
စစ်ရေးအခြေအနေ ပိုတင်းမာလာတဲ့အနေအထားတွေကို ကြုံနေရချိန်မှာတော့ နှစ်ဘက်ယုံကြည်မှုရှိနိုင်မယ့်အနေအထားနဲ့ပဲ အဖြေရှာနိုင်မယ့် အခြေအနေဖြစ်နေပြီး စစ်ဖြစ်နေချိန် အရပ်သားပြည်သူကို အထိခိုက်နည်းစေချင်ပါတယ်လို့ ရခိုင်တပ်မတော် AA ကပြောပါတယ်။
“ပြည်သူတွေကိုတော့ မြန်မာစစ်တပ်ဘက်က တဖက်သတ် အနိုင်ကျင့် ဖိနှိပ်မှုတွေ လုပ်နေတယ်။ လက်နက်ကိုင်အချင်းချင်းတိုက်မယ်ဆိုရင်လည်း အမြစ်ပြတ်တိုက်မယ်ဆိုရင်လည်း တိုက်နိုင်တယ်။ ခင်ဗျားတို့ လက်နက်ကိုင်အချင်းချင်း ခင်ဗျားတို့တိုက်ရင် ကျနော်တို့လည်း ပြန်တိုက်ရမှာပဲ၊ ဒါပေမယ့်လို့ အပြစ်မရှိတဲ့ ပြည်သူတွေကိုတော့ ဒုက္ခမပေးနဲ့ ဆိုတာကို ကျနော်တို့ဘက်က သူတို့ကို message ပေးထားပြီးသား ဖြစ်ပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတာက နိုင်ငံတကာမှာရှိပြီးသား။”
မြန်မာစစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဘူးသီးတောင်မြို့နယ်အတွင်း ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ်ကို မသိရှိရသေးဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုထားပါတယ်။
အခုလက်တလောမှာတော့ စစ်ဖြစ်နေတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေထဲမှာပဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်အပါအဝင် စစ်ရှောင်စခန်း ၄၆ခုမှာ ခိုလှုံနေရသူ ဒုက္ခသည်စုစုပေါင်း အခုနောက်ဆုံးအချိန်အထိ သုံးသောင်းလေးထောင့်ငါးရာ ရှစ်ဆယ့်ကိုးဦးအထိရှိသွားပြီဖြစ်တယ်လို့ စစ်ရှောင်စခန်းတွေအထိ စာရင်း လိုက်လံကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)ကဧပြီလ ၂၁ရက်နေ့ ဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
သောက်သုံးရေနဲ့ စားနပ်ရိက္ခာအခက်ခဲဖြစ်နေတဲ့ စစ်ရှောင်ပြည်သူတွေဆီ လိုအပ်တဲ့ကူညီကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းတွေ အမြန်ဆုံးပို့ဆောင်ပေးဖို့ ဆောင်ရွက်ပေးဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းထားတယ်လို့လည်း ရခိုင်အမျိုးသားကွန်ရက်က ဦးတင်ထူးအောင်ကပြောပါတယ်။
“အခုဆိုရင်ကျနော်တို့ စစ်ဘေးရှောင် ကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေကို ကူညီထောက်ပံ့ရေးတောင်မှ သေချာစိစစ်ပြီး ထွေအုပ်ကနေတဆင့်သွားရမယ်ဆိုတဲ့ အခြေအနေဖြစ်နေတယ်။ ဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့ အနေအထား ၊ မကူညီနိုင်ရင် အစိုးရအနေနဲ့ မကူညီနိုင်ရင် ကူညီနေတဲ့လူတွေကို တားဆီးတာကတော့ ဘယ်လိုမှ မလုပ်သင့်တဲ့ ကိစ္စ ၊ ဒါက အရပ်ဘက်ဆိုင်ရာ ရှု့ထောင့်ကဖြစ်ဖြစ် ဥပဒေကပဲဖြစ်ဖြစ် ဘယ်လိုကြည့်ကြည့် အစိုးရတရပ်အနေနဲ့ ဒါကဘယ်လိုမှ မလုပ်သင့်တဲ့ ကိစ္စ။ စစ်ဘေးရှောင်စခန်းတွေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရှိဘူး၊ နောက်ပြီးတော့ လူဦးရေ တိုးလာတယ်။ အဲဒီအပေါ်မှာ ဘယ်လိုနေရာချထားမလဲ၊ ရှိနေတဲ့လူတွေကို မိုးမကျမီ မိုးကာဖို့အတွက် ဘယ်လို လုပ်ကိုင်ဆောင်ရွက်ပေးမလဲဆိုတဲ့အချက်တွေက အရေးပါတယ်။ အဓိကတော့ အခြေခံစားနပ်ရိက္ခာလိုအပ်မှုတခုကို ပံ့ပိုးဖို့ လိုအပ်တာပေါ့။”
လက်ရှိစစ်ဖြစ်နေတဲ့ ပုဏ္ဏားကျွန်း ရသေ့တောင် ကျောက်တော မြောက်ဦး မင်းပြား ဘူးသီးတောင်မြို့နယ်တွေမှာ ရခိုင်ပြည်နယ် အစိုးရ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာကနေ ဧပြီလ ၁ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို လက်မှတ်ထိုး ထုတ်ပြန်ထားပြီး စစ်ဘေးရှောင်ဒုက္ခသည် ထောင်ချီခိုလှုံနေကြရတဲ့ စစ်ပြေးစစ်ရှောင်စခန်းတွေဆီ မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့ ခွင့်ပြုချက်ရမှ သယ်ယူပို့ဆောင်ခွင့်ပြုတဲ့ အတွက် ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးပို့နိုင်ရေး အခက်ကြုံနေကြရဆဲဖြစ်ပါတယ်။
Your browser doesn’t support HTML5