ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင်တချို့ရဲ့ မိုင်းဖောက်ခွဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်တွင်းက အခုနောက်ဆုံး တိုက်ခိုက်မှုကိုတော့ ARSA အစ္စလာမ်အစွန်းရောက်အဖွဲ့က တိုက်ခိုက်ခဲ့တာလို့လည်း မြန်မာစစ်တပ်က သတင်းထုတ်ပြန်ခဲ့တာပါ။ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အစောပိုင်းမှာ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက ပြောပြပေးမှာ ဖြစ်ပါတယ်။
မောင်တောမြို့နယ် ၊ တောင်ပြိုလက်ဝဲကနေ ကြိမ်ချောင်းကျေးရွာအသွား တပ်မတော် မော်တော်ယာဉ်တစင်းဟာ ဒီကနေ့ မနက်ပိုင်းက ဆွဲမှိုင်းထိမှန်ခဲ့ပြီး နောက်ဆက်တွဲ ခြုံခိုတိုက်ခိုက်တာ ခံခဲ့ရတာလို့ ဒေသခံ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ တပ်မတော်သားတချို့ပါ ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မောင်တောမြို့အထွေထွေအုပ်ချုပ်ရေးမှုး ဦးရဲထွဋ်က အခုလို ရှင်းပြပါတယ်။
"ဟုတ်ပါတယ်ခင်ဗျ ကျနော်လည်း သတင်းတော့ရထားတယ်။ လောလောဆည်တော့ အဲလိုပဲ သိရသေးတယ် ဟုတ်ကဲ့ပါ။"
ဒီကနေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် ထပ်မံသိရှိနိုင်ဖို့ တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်း ရာမှာတော့ စိစစ်နေဆဲ ဖြစ်တဲ့အတွက် မပြောနိုင်သေးကြောင်း တာဝန်ရှိသူတဦးက အခုလိုဖြေပါတယ်။
"ထုတ်ပြန်ချက်ကို စောင့်ကြည့်လိုက်ပါ ကျနော်တို့ကတော့ ဒီလိုတော့ ပြောမှာမဟုတ်ဘူး။ ထုတ်ပြန်ချက်ကိုပဲ စောင့်ကြည့်လိုက်ပါ။ ဟိုတလောတုန်းကလည်းကျနော်တို့တပ်က ထုတ်ပြန်တယ်လေ။ အဲလိုပဲ ထုတ်ပြန်ပါလိမ့်မယ် ။ကျနော်တို့ကတော့ ဒီအတိုင်းထုတ်လို့မရဘူး အထက်ကို တင်ရဦးမှာလေ ။ သူတို့က ထုတ်ပြန်ပါလိမ့်မယ်နော်။"
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတွေကိုတော့ မောင်တောဆေးရုံကို ပို့ဆောင်ခဲ့ပြီး၊ ဒဏ်ရာပြင်းထန် သူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နယ်မြေတဝိုက်မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ပစ်ခတ်မှုတချို့ရှိခဲ့ကြောင်းလည်း ဒေသခံ ရခိုင်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဝင်း ကပြောပါတယ်။
"အဲဒီဘက်မှာ မိုင်းခွဲပြီးတော့ ခြုံခိုတိုက်ခိုက်တာ ARSA အဖွဲ့က တိုက်တာပေါ့။ အခုက လုံခြုံရေးအဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရတယ် ယာဉ်မောင်း အပါအဝင် ထိခိုက်ဒဏ်ရာရမှုဖြစ်တယ် နယ်မြေရှင်းလင်းရေးလုပ်နေတုန်းရှိတယ် ။ တောင်ပြိုလက်ဝဲမြို့ အထက်ဘက်လမ်းခွဲခင်ဗျ ၂ ယောက်လောက် ဒဏ်ရာရတယ်လို့ ကြားနေရတယ်။ ဒီပေါက်ကွဲသံကတော့ တော်တော်ကြီးတယ်ခင်ဗျ။ ၅ မိုင်လောက်ကနေကြားရတယ်။ နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ ပစ်ခတ်တာတို့ တိုက်ပွဲတွေဘာတွေဖြစ်နေတယ်။"
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းတုန်းကလည်း မြေပုံမြို့နယ်အတွင်း တံတားတခုအနီး မိုင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ရာက တပ်မတော်ယာဉ် အနည်းအကျဉ်းထိခိုက်ခဲ့သလို၊ တပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA အစ္စလာမ် အစွန်းရောက်အုပ်စုက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ဒေသမှာ အခုနောက်ဆုံး ကြုံနေရတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်ဆိုတာ တရားဝင် ကြေညာတာမျိုးတော့ မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က ARSA ရဲ့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက်ပိုင်းကစလို့ ဒေသတွင်းမှာ လုံခြုံရေး တင်းကျပ်ထားပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေတုန်းပဲလို့လည်း ရခိုင်ပရဟိတအဖွဲ့က ဦးခင်ဝင်းကပြောပါတယ်။
" ဒီမှာက အင်အားလက်နက်နဲ့ ဝင်နေတာတွေ ရှိတယ်လေ ကျနော်တို့ ဒီဇင်ဘာ လလယ်လောက်အထိက သတင်းတွေ ကြားနေရတယ်။ သတင်းတွေရထားတာ ရှိတယ် အဲဒီမှာ လက်လုပ်မိုင်းတွေ ဝင်လာတဲ့လူတွေလည်း လက်ရကို သတင်းကြားပါတယ်။ ဘင်္ဂလီတဦးပါတယ်၊ အဲဒီလူတွေကိုလည်း ဖောက်ခွဲရေးပစ္စည်းတွေနဲ့ မိတယ် တဖက်နိုင်ငံကနေ ဝင်လာတာပေါ့ ချောင်းကူးပြီးတော့ ဝင်လာတယ် ။ အခုကတော့ နယ်မြေရှင်းလင်းရေးလုပ်နေတုန်းပဲ ရှိသေးတယ်။"
ပြီးခဲ့တဲ့နှစ်ထဲ ARSA အစွန်းရောက် အုပ်စုရဲ့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေနဲ့အတူ ဒုက္ခသည် ၆ သိန်းကျော်ဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂဘက်ကသတင်းထုတ်ပြန်ထားပါတ.ယ်. မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝေဖန်ပြစ်တင်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပေမဲ့၊ မြန်မာစစ်တပ်နဲ့ အစိုးရ တာဝန်ရှိသူတွေကတော့ စွပ်စွဲချက်တွေဟာ မမှန်ဘူးလို့ ငြင်းဆန်ထားကြပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဒီကနေ့နှောင်းပိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ရာမှာတော့ ARSA အစွန်းရောက် အုပ်စုဝင် ၁၀ ဦးလောက်က လက်လုပ်မိုင်းတလုံးနဲ့ ကားကိုဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး၊ နောက်ဆက်တွဲ လုပ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ယာဉ်မောင်း ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လှန်ပစ်ခတ်ရာမှာ တိုက်ခိုက်သူတွေ ထွက်ပြေးသွားကြောင်းနဲ့ နောက်ဆက်တွဲ နယ်မြေရှင်းလင်းရာမှာ လက်လုပ်မိုင်းတလုံး ထပ်မံတွေ့ရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5