ရခိုင်ဝန်ကြီးချုပ်ရာထူး အနိုင်ရပါတီကိုယ်စားလှယ်ခန့်ဖို့ ဒေသခံအဖွဲ့တွေလိုလား

(Credit: Rakhine News Agency)

လူမှုအခြေပြုအဖွဲ့အစည်း ၁၀၀ ကျော် တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်တွေကနေ ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်နေရာအတွက် အများစု အနိုင်ရပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကိုသာ ခန့်အပ်တာဝန်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒေသခံ အနိုင်ရကိုယ်စားလှယ်တွေ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ရင် ဖွံ့ဖြိုးမှုအားနဲနေသေးတဲ့ ရခိုင်ပြည်နယ်အတွက် တိုးတက်မှု အရှိန် မြင့်မားလာမယ်လို့လည်း လူမှုအဖွဲ့အစည်းတွေက မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ရခိုင်ပြည်နယ်အတွက် ဒေသခံအနိုင်ရပါတီထဲက ကိုယ်စားလှယ်ကို ဝန်ကြီးချုပ်ခန့်အပ်မယ်ဆိုရင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လျှင်မြန်စွာ လုပ်ကိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဝံလက်ဖောင်ဒေးရှင်း (ရခိုင်ပြည်) က ဒါရိုက်တာ ဦးခိုင်ကောင်းစံက အခုလို ပြောပါတယ်။

“ရွေးချယ်တင်မြှောက်လိုက်ပြီးတဲ့နောက်မှာ တက်လာတဲ့ အနိုင်ရ ကိုယ်စားလှယ်တွေထဲကသာလျှင် ဝန်ကြီးချုပ်ကို ခန့်သင့်တယ်လို့ ဆုံးဖြတ်ကြတယ်။ အဲ့ဒီလို ခန့်အပ်လိုက်လို့ရှိရင်တော့ ဒေသဖွံ့ဖြိုးမှုတွေ နှောင့်နှေးနေတာတွေကို ပိုပြီးတော့ အားသွန်ခွန်စိုက် လုပ်ကိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြလို့ပါခင်ဗျ။”

ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) ဟာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦး အများဆုံး အနိုင်ရရှိထားပြီး NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက ၃ နေရာ အနိုင်ရရှိထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတကနေ အတည်ပြု ခန့်အပ်ရမယ်ဆိုတဲ့ အချက်ဟာ အဟန့်အတားတခုလို ဖြစ်နေပေမဲ့ လာမယ့် အစိုးရသစ်လက်ထက်မှာ ဒီအခက်ခဲတွေကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးခိုင်ကောင်းစံ က ပြောပါတယ်။

ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာအရ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရဖွဲ့ခွင့်ရမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို NLD တိုင်းရင်းသားကိုယ်စားလှယ်ထဲကသာ ရွေးချယ်ဖွယ်ရှိကြောင်း NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နန်းခင်ထွေးမြင့်က သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျမထင်ထားတာပေါ့နော် ပြည်နယ်က နိုင်တဲ့ တိုင်းရင်းသားတွေကိုပဲ ပေးမှာပါ။ NLD ထဲက ကရင်ကလည်း ကရင်ပဲပေ့ါ။ NLD ထဲက မွန်ကလည်း မွန်ပဲပေ့ါ။ NLD ထဲက တိုင်းရင်းသားတွေပဲ ပြန်ပြီးတော့ ရဖို့များတယ်လေ။ ဘာလို့လဲဆိုတော့ ကျမတို့ NLD က အစိုးရဖွဲ့ချင်တာကိုး။”

အခုလို အမြင်အမျိုးမျိုး ပေါ်ထွက်လာနေပေမဲ့ အနိုင်ရ NLD ပါတီအနေနဲ့ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်မှု အနေအထားတွေကို တရားဝင် ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ သဘာဝဓာတ်ငွေ့ အပါအဝင် ပင်လယ်ပြင် သယံဇာတတွေ အများအပြား ထွက်ရှိနေပေမဲ့ ရခိုင်ဒေသခံတွေကနေ အကျိုးခံစားခွင့် မရှိခဲ့သလို တိုင်းနဲ့ ပြည်နယ်အလိုက် ဒုတိယမြောက် အဆင်းရဲဆုံးစာရင်းထဲမှာ ပါရှိနေပါတယ်။ ဒါ့အပြင် သယံဇာတနဲ့ အကြီးစား စက်မှုလုပ်ငန်းတွေမှာ ပြည်ထောင်စုအစိုးရကနေ ချုပ်ကိုင်ထားတာဟာ ပြည်နယ်အတွက် ဖွံ့ဖြိုးမှုအတွက် ထိခိုက်စေတဲ့ အချက်တခုလို့လည်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ က ဆိုပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည် ဖော်ဆောင်သွားမှာ ဖြစ်သလို ဒီစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံတွေ ဘဝလုံခြုံရေးအတွက် ထိခိုက်နိုင်မှာဖြစ်တဲ့အတွက် ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့တောင်းဆိုချက်တွေကို မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ပေးပို့တောင်းဆိုခဲ့ကြောင်း ဝံလက်ဖောင်ဒေးရှင်း (ရခိုင်ပြည်) က ဒါရိုက်တာ ဦးခိုင်ကောင်းစံ က အခုလို ပြောပါတယ်။

“ကျနော် မနေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့တွေ့တယ်။ တွေ့တဲ့အခါ ကျနော်တို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြောကြတာတွေရှိတယ်။ အထူးသဖြင့် ဒီ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို လုပ်ငန်းအကောင်အထည်ဖော်ဖို့ လုပ်ပိုင်ခွင့်ကို တရုတ်ကုမ္ပဏီကိုပေါ့ ဒီ လူမျိုးခြားကုမ္ပဏီကိုပေါ့ ၈၅ ပါစင့် ပေးထားတယ်။ ပြည်တွင်းက ကုမ္ပဏီတွေကို ၁၀ ရာခိုင်နှုန်းပဲပေးတယ်။ နောက် တခြားကိုတော့ ၅ ရာခိုင်နှုန်းပဲပေးတယ်။ အဲတော့ ကျနော်တို့နိုင်ငံရဲ့ လုံခြုံမှုတွေကို တိုင်းတပါးကလာတဲ့ နိုင်ငံခြားကုမ္ပဏီတွေရဲ့ လုပ်ပိုင်ခွင့်ရသွားမယ်ဆို သူတို့ ခြံစည်းရိုးခတ်မယ်။ သူတို့ ဘာလုပ်နေလဲ ဆိုတာကအစ ပွင့်လင်းမြင်သာမှု မရှိဘူး။ သူတို့က အဲဒီနယ်မြေတွေကို သိမ်းပြီးတော့မှ ကန့်သတ်နယ်မြေတွေ လုပ်လိုက်လို့ရှိရင် ဒါဟာ ကျနော်တို့ အနာဂတ်အတွက်၊ နယ်မြေလုံခြုံရေးအတွက်၊ ကျနော်တို့ နိုင်ငံအတွက် စိုးရိမ်စရာဖြစ်တယ်။ ”

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများဖိုရမ် အစည်းအဝေးကနေ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေး ကိစ္စ အပါအဝင် ရခိုင်ဒေသက ထုတ်ယူနေတဲ့ သယံဇာတရဲ့ ၅၀ ရာခိုင်နှုန်းကို ရခိုင်ပြည်သူလူထုက အကျိုးခံစားခွင့်ရရှိရေး၊ ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ပြုပြင်ထိန်းသိမ်းရေး၊ ရွှေသဘာဝဓာတ်ငွေ့ကနေ ရခိုင်ပြည်နယ်တခုလုံး လျှပ်စစ်မီး ၂၄ နာရီရရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးရေး၊ ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေမှုများကိုလည်း ထိရောက်စွာ အရေးယူပေးဖို့ အပါအဝင် အချက် ၁၂ ချက်ကို ထုတ်ပြန်တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်တွေကို မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ကို ပေးပို့ထားပါတယ်။