ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနီးမှာ လက်လုပ်မိုင်း ပြုလုပ်နေရာကနေ ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေး ရှင်းလင်းမှုတွေ လုပ်ဆောင်နေပါတယ်။
မေလ ၄ ရက်နေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာကို သွားရောက် စစ်ဆေးမှုတွေလုပ်နေတာပါ။ ရှင်းလင်းမှုအတွင်း ပလပ်စတစ်နဲ့ ထည့်ထားတဲ့ ယမ်း၊ ကန့်၊ မီးသွေးမှုန့် အသင့်ရောစပ်ထားတဲ့ ၅ ပြည်ခန့်ရှိတဲ့ အထုပ် ၁ ထုပ်ကို လုံခြုံရေးတပ်ဝင်တွေ တွေ့ရှိခဲ့သလို၊ လက်လုပ်မိုင်းပြုလုပ်ရာမှာအသုံးပြုတဲ့ မီးသွေးနဲ့ ယမ်းမှုန့်ထုတ်တွေနဲ့ တခြားပစ္စည်းတွေအပြင် လူသုံးပစ္စည်းတချို့ကိုလည်း တွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ Facebook စာမျက်နှာမှာဖော်ပြ ထားပါတယ်။ လက်လုပ်မိုင်း ပြုလုပ်လို့ သေဆုံးသွားတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေနဲ့ ပါဝင်ပတ်သက်မှုရှိသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်ဆုံစမ်းနေတယ်လို့လည်းဆိုပါတယ်။
တချိန်တည်းမှာပဲ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖက်စလုံးက ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်း အန္တရာယ်ဆိုင်ရာ အစီရင်ခံစာတစောင်ကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ကထုတ်ပြန်ခဲ့ပါတယ်။ ပြည်တွင်းစစ် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာပြီး ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေဖြစ်ကြရတဲ့ ဒေသခံ ရွာသွားတွေ မိမိတို့ နေရပ်ကို မပြန်ရဲကြတာဟာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့် ဖြစ်တယ်လို့ မေလ ၈ ရက်နေ့ကထုတ်ပြန်တဲ့ ICRC အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၅ ခုနှစ်ကနေစပြီး ICRC အဖွဲ့ဟာ မြေမြုပ်မိုင်း အန္တရာယ် အသိပညာပေးလုပ်ငန်းအတွက် စေတနာ့ဝန်ထမ်းပေါင်း ၂၀၀ နီးပါးကို သင်တန်းပေးခဲ့ပြီးတော့ ဒီစေတနာ့ဝန်ထမ်းတွေကနေ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြနည်ထဲက လူပေါင်း ၂ ထောင့် ၂ ရာကျော်ဆီကို မြေမြုပ်မိုင်း အန္တရာယ် အသိပညာပေးမှုတွေ ပြန်လည်ပေးဝေနိုင်ခဲ့တယ်လို့ ICRC အဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
Your browser doesn’t support HTML5