ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို လေ့လာဖို့ ရောက်နေကြတဲ့ သတင်းမီဒီယာ အဖွဲ့ဟာ ဒီကနေ့ မတ်လ ၂၉ ရက်နေ့မှာ ဘူးသီးတောင်မြို့မှာ လေ့လာကြမှာ ဖြစ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှု ထပ်မံလုပ်ဖို့ ကြံစည်သူတွေကို ကြိုတင်ဖော်ထုတ် တားဆီးခဲ့ တာနဲ့ ပတ်သက်လို့ လေ့လာနိုင်ဖို့အတွက် VOA သတင်းထောက် အပါအဝင် သတင်းထောက် အဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်ထဲက တင်းမေကျေးရွာကို အခုသွားနေ ကြပါပြီ။
အဲဒီမှာ လေ့လာပြီးရင်တော့ ဒီနေ့ညမှာ မောင်တောမြို့ဆီသွားရောက် ညအိပ်နားကြ ရမှာ ဖြစ်ပါတယ်။ နက်ဖြန်ကြာသပတေးနေ့ကျရင်တော့ အောက်တိုဘာလ ၉ ရက်နေ့ တိုက်ခိုက်မှုတွေအတွင်း နေရပ်ကနေ ထွက်ပြေးခဲ့ကြပြီးမှ အခုပြန်လည် လာရောက် နေထိုင်နေကြ သူတွေရှိတဲ့ မောင်တောမြို့နယ် ထဲကရွာ ၁၁ ရွာကိုဆီကို သွားရောက်လေ့လာ ရမှာဖြစ်ပါတယ်။ အဲဒီနောက် မောင်တောမြို့နယ်ထဲမှာ မီးလောင် ခဲ့တဲ့ကျေးရွာ ၁၃ ရွာကို သွားကြည့်ရမှာဖြစ်ပါတယ်။ သတင်းထောက်တွေအနေနဲ့ ဧပြီလ ၁ ရက် စနေနေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူတွေ သတ်မှတ်ခေါ်သွားမယ့် နေရာတွေ မှာ လေ့လာ သတင်းယူနိုင်မှာ ဖြစ်ပါတယ်။
အစိုးရရဲ့ အစီအစဉ်နဲ့ ပြည်တွင်းပြည်ပ သတင်းဌာနတွေက ပြည်တွင်းသတင်းထောက် တချို့ကို ရွေးချယ်ဖိတ်ကြားပြီး သတင်းယူနိုင်ဖို့ အာဏာပိုင်တွေက စီစဉ်ပေးတာပါ။ ရခိုင် ပြည်နယ် မောင်တောခရိုင်ထဲက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း နယ်မြေ ရှင်းလင်းရေးလုပ်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မွတ်ဆလင်တွေအပေါ် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ ပါတယ်။ ဒီစွပ်စွဲချက်တွေကို ဘက်မလိုက်စုံစမ်းဖို့ နိုင်ငံတကာ အဖွဲ့စေလွှတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၂၄ ရက်နေ့ကပဲ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အဲဒီနေရာတွေဆီကို သတင်းထောက်တွေ၊ လူသားချင်းစာနာတဲ့အဖွဲ့တွေကို သွားခွင့်ပေးဖို့အတွက်တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်မှာ အစိုးရက ခုလိုစီစဉ်တာဖြစ်ပါတယ်။
တချိန်ထဲမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံတမန် Dr. Colin Steinbach ဦးဆောင်တဲ့ သံတမန်အဖွဲ့ဟာလည်း ရခိုင်ပြည်နယ် မောင်တောဒေသက အခြေ အနေတွေ လေ့လာဖို့ရောက်နေပါတယ်။ အင်္ဂါနေ့က စစ်တွေမြို့ကိုရောက်ာထဲ့ EU သံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။ ဒီကနေ့ကစပြီး မတ်လ ၃၁ ရက်နေ့အထိ မောင်တောမြို့မှာ ဒေသခံ အာဏာပိုင်တွေ၊ မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရွာတွေဆီ သွားလေ့လာမယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းက အခြေနေတွေကို လေ့လာဖို့ အတွက်၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ၁၇ ဦးပါ သတင်းမီဒီယာ အဖွဲ့ဟာ ဒီကနေ့ ဘူးသီးတောင် မြို့နယ်ကို သွားရောက် လေ့လာနေကြပါတယ်။ အခုဆိုရင် EU ဥရောပသမဂ္ဂ အဖွဲ့ရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာလည်း ရခိုင်မှာ ရောက်ရှိနေကြပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့နေရာ၊ တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ဖို့ ပြင်ဆင်နေတာကို ဖေါ်ထုတ်တားဆီး ခဲ့တာနဲ့ ပတ်သက်ပြီး သွားရောက်လေ့လာကြဖို့ရှိပါတယ်။ ဒီသတင်းမီဒီယာ အဖွဲ့မှာ ပါတဲ့ VOA ရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် မမေခကို ဒီကနေ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးစံမိုးဝေက ဆက်သွယ် မေးမြန်းတဲ့အခါမှာ သူက အခုလို စပြီးတော့ ပြောပြပါတယ်။
မမေခ - ဟုတ်ကဲ့။ ဒီနေ့က ရခိုင် စစ်တွေကနေ မနေက် ၆ နာရီ ဘူးသီးတောင်ကို ရေယာဉ်နဲ့ သွားဖို့ စီစဉ်ထားပါတယ်။ ဘူးသီးတောင်ကနေပြီးတော့မှ မောင်တောဘက်ကို သွားမှာပါ။ ဘူးသီးတောင်မှာက ထပ်ပြီးတော့ အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ တင်းနင်ကျေးရွာ ဘက်ကို သွားဘို့ စီစဉ်ထားတာပါ။
ဦးစံမိုးဝေ- တခြားကော ဒီနေ့ခရီးစဉ်မှာ ဘယ်နေရာတွေ ရောက်ဖို့ ရှိသေးလဲ။
မမေခ - အဲဒီဘူးသီးတောင်ရယ်၊ ဘူးသီးတောင်ပြီးရင် မောင်တောကို ဆက်သွားမယ်။ ဒီ နှစ်နေရာ ပါပဲရှင့်။
ဦးစံမိုးဝေ- အော်ဟုတ်ကဲ့ပါ။ နောက်တခု ကျနော်တို့ သိရတာက အခုဆိုရင် စစ်တွေမှာ အီးယူ ဥရောပသမဂ္ဂက ကိုယ်စားလှယ် အဖွဲ့ လည်း ရောက်ရှိနေတယ်လို့ ကြားရပါတယ်။သူတို့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ကော ဘာတွေများ သိရသေးလည်း။ သိသလောက် ပြောပြပေးပါလား။
မမေခ - အီးယူအဖွဲ့က အဖွဲ့ဝင် ၁၃ ယောက် စစ်တွေကို ရောက်နေတယ်လို့ ပြောပါတယ်။ သူတို့က ဒီကနေ့မနက်မှာပဲ ဘူးသီးတောင် ဘက်ကို စပြီးတော့ သွားမယ်လို့ သိထားပါတယ်။ ဘူးသီးတောင်ကနေတဆင့် မောင်တော ဘက်ကို သွားမှာပါ။ သူတို့ရဲ့ ခရီးစဉ်ဟာ ၃၁ ရက်နေ့မှာ အဆုံးသပ်မယ်လို့တော့ သိထားပါတယ်ရှင့်။
ဦးစံမိုးဝေ- သူတို့က အဲဒီမှာ ဘယ်နှစ်ရက်နေမယ်လို့ သိရသလဲ။
မမေခ -အဲဒီမှာ သူတို့ ၂ ရက် နီးပါးနေမှာပါ။ ၃၁ ရက်နေ့မှာ ရန်ကုန်ကို ပြန်မယ်လို့ သိရပါတယ်။
ဦးစံမိုးဝေ-ကျေးဇူးတင်ပါတယ်။
Your browser doesn’t support HTML5