ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို စစ်တပ်က ထပ်မံဖမ်းဆီး

ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (သတင်းဓာတ်ပုံ - Rakhine Ethnics Congress)

စစ်ရေးပဋိပက္ခဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေသူတွေအဖြစ် နောက်ထပ် ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ဒီကနေ့မှာလည်း မြောက်ဦးမြို့နယ် ပေါက်တောပြင် ကျေးရွာသား အများအပြားကို စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာ့တပ်မတော်ဘက်ကတော့ မသင်္ကာသူအဖြစ် ဖမ်းဆီးထားသူ ရှစ် ဦးသာ ရှိကြောင်း ပြောဆိုခဲ့တာပါ။ ရခိုင်ပြည်နယ်က နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာဘက်မှာ မြန်မာစစ်တပ်တွေကနေ ဝိုင်းပတ်ပိတ်ဆို့ထားပြီး ရွာသားတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင်သွားရောက်ခဲ့တဲ့ စစ်ရှောင်ကူညီရေးအဖွဲ့ သဘာဝနဒီ ဆရာတော်က အခုလို မိန့်ပါတယ်။

“ဦးဇင်းပေါက်တောပြင်ကို ရောက်ပြီ။ ရွာထဲမှာရွာသားတွေ မရှိကြတော့ဘူး။ အားလုံးထွက်ပြေးတာ။ ရွာထဲမှာတော့ တိတ်ဆိတ်နေတယ်။ ရွာအပျက်ကြီး တခုလိုဖြစ်နေပြီး။ လူ ၁၀၀ တောင်ရှိမှာ မဟုတ်တော့ဘူး ရွာထဲမှာ။ တပ်မတော် သားတွေကတော့ သူတို့နဲ့ ထိပ်တိုက်တွေ့သမျှ လူအားလုံးကို ဖမ်းနေတာဗျ။ ခန့်မှန်းချေက အားလုံးကပြောကြတာတော့ ၂၀ ချည်းပဲ ပြောပါတယ်။ ဒါပေမဲ့ ဦးဇင်း နောက်တခု သိခဲ့ရတာက ဒီနေ့မနက်ပိုင်းမှာ လေးယောက် ထပ်ဖမ်းတယ်။ အားလုံး ၂၄ ယောက်တော့ ရှိပြီ။ သူတို့ခေါ်သွားတယ်ဆိုမှာ ဘယ်ရောက်သွားပြီး ဘယ်သူမှ မသိကြဘူး ဒကာကြီး။”

မနေ့ နေ့လယ်ပိုင်းမှာ မြန်မာစစ်တပ်က ပေါက်တောပြင်ရွာဘက်ကို ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဒေသခံတွေကတော့ ရွာသား ၂၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ပြောဆိုနေပေမဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မသင်္ကာဘွယ်လူ ရှစ်ဦးကိုသာ ဖမ်းဆီးခဲ့တယ်လို့ အခုလိုပြောပါတယ်။

“မြောက်ဦးက ဝေသာလီနားလေးမှာတော့ ကျနော်တို့ မသင်္ကာဘွယ် ရှစ်ယောက်တော့ ဖမ်းဆီးတယ်။ အဲတာ မြောက်ဦးမြို့မ ရဲစခန်းကိုဆက်ပို့တယ်။"

ဖမ်းဆီးထားတဲ့ သူကို ဆက်လက်စစ်ဆေးရဦးမယ်လို့ သူက ဆိုပါတယ်။

အဖမ်းဆီးခံရမှု စာရင်းကွဲလွဲမှုတွေ ရှိနေပေမဲ့ လက်ရှိရွာအတွင်း နေရာအနှံ့တိမ်းရှောင်နေတဲ့ အခြေအနေကြောင့် စာရင်းအတိအကျ အတည်ပြုနိုင်ဖို့ ခက်နေသေးတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် တဦး ပြောပါတယ်။

ဒီမနက်မှာ သဘာဝနဒီဆရာတော်ဦးပညာဇောတ ဦးဆောင်တဲ့ အကူညီပေးရေးအဖွဲ့ကနေ ပေါက်တောပြင်ကို ရောက်လာပေမဲ့ စစ်တပ်ကနေရွာထဲ ဝင်ခွင့်မပေးဘဲ မွန်းလွဲပိုင်းမှာမြန်မာစစ်တပ်က ရွာထဲကနေထွက်ခွါမှ ဝင်ရောက် ခွင့်ရခဲ့တာပါ။

မြန်မာစစ်တပ်ကနေ ရွာထဲဝင်ရောက်လာပြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့လို့ ရွာသားအတော်များများ ရွာကနေ တိမ်းရှောင်နေရတယ်လို့ ပေါက်တောပြင် ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ မရှိပါဘူး။ အပြန်အလှန်တော့ မရှိပါဘူး။ စစ်တပ်ဘက်က မြန်မာ့တပ်မတော်ဘက်က ပစ်နေတာ။ ရွာထဲက နေပြီးတော့ပစ်တယ်။ မြောက်ဦးဘက်ကနေပြီးတော့ ပစ်တယ်။ အကုန်လုံးနီးစပ်ရာ ထွက်ပြေးနေရတာ။ ပြေးတာက အုတ်ဖို၊ ကန်၊ သံချောင်း၊ ပီပေရင်းတို့ အခုဆိုရင် အောက်ပိုင်းရွာတို့ သူတို့စက်လှေနဲ့ သွားနေကြတယ်။”

ပေါက်တောပြင်ကျေးရွာဟာ အိမ်ခြေ ၄၀၀ နီးပါးရှိပြီ လူဦးရေ ၃,၀၀၀ ကျော်ရှိနေပေမဲ့ လက်ရှိရွာထဲ လူဦးရေ ရာဂဏန်းလောက်သာ ကျန်ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်လက်နက်ကိုင် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ဒီရက်ပိုင်းအတွင်းမြောက်ဦးမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

ဇွန်လ ၁၈ ရက်နေ့က မင်းပြားမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

“၁၈ ရက်နေ့မှာ မနက် ၇ နာရီ ၂၅ မိနစ်ကစပြီးတော့ မင်းပြားမြို့နယ်ရဲ့ရွှေကျင်ကျေးရွာရဲ့ အရှေ့ဘက် တောင်တန်းပေါ် မှာ နေပြီးတော့ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တာရှိတယ်။ အဲဒီမှာလည်းပဲ ဗမာစစ်တပ်တွေ အကျဆုံးတွေ ရှိတယ်ဗျ။”

ဒီတိုက်ပွဲအတွင်း ရွှေကျင်နဲ့ ဒိုင်းသားကျေးရွာသား ၂၀၀ ကျော်ဟာ ပန်းမြောင်တိုက်နယ် ပွဲ့ရကံဆိတ် စစ်ဘေးရှောင်စခန်းကို တိမ်းရှောင်ရောက်ရှိလာခဲ့ပါတယ်။

မနေ့က သဘာဝနဒီဆရာတော်နဲ့ အဖွဲ့ဟာ ဒုက္ခသည်စခန်းကို စားနပ်ရိက္ခာ အကူညီပေးဆောင်ခဲ့ပြီး စခန်းအတွင်း အခက်အခဲ အခြေအနေကိုတော့ အခုလိုပြောပါတယ်။

“စစ်ရှောင်အခြေအနေက အဲဒီစခန်းမှာက စားနပ်ရိက္ခာရယ်၊ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီရယ် နောက်ပြီးတော့ အိမ်သာအခက်ခဲဖြစ်တယ်။”

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲစဉ်အတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ များလာနေသလို AA အဖွဲ့နဲ့ ပတ်သက်သူလို့ မသင်္ကာတဲ့သူတွေကို ဖမ်းဆီးအရေးယူမှုဟာ တနေ့ တခြားများလာနေပါတယ်။

စစ်ရေးကာလတောအတွင်း ရွာသား ၇၀ ကျော်ကို ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေသလို တိုက်ပွဲစဉ်အတွင်း ရွာသား ၄၆,၀၀၀ ကျော်ဟာလည်း စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်လူမှုကူညီရေးအဖွဲ့ကနေ စာရင်းပြုစုထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို စစ်တပ်က ထပ်မံဖမ်းဆီး