ရခိုင်အရပ်သားတချို့ ညမထွက်ရအမိန့် ချိုးဖေါက်မှု၊ အစိုးရကို အသရေဖျက်မှုတို့နဲ့ တရားစွဲခံရ

ရခိုင်ဒုက္ခသည်များ (Khine Murn Chun (Citizen Journalist))

စစ်ရေးပဋိပက္ခပြင်းထန်နေဆဲ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်မြို့နယ်တချို့မှာ အရပ်သားတွေအပေါ် စည်းကမ်းဖေါက်ဖျက်မှုနဲ့ တရားစွဲဆိုမှုတွေ၊ အစိုးရကိုအကြည်ညိုပျက်စေတယ်ဆိုပြီး တရားစွဲဆိုမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ဘူးသီးတောင်မြို့နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ အကြား ဒီကနေ့ တိုက်ပွဲဖြစ်နေဆဲလို့ ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခ အခြေအနေကြောင့် ပုဏ္ဏားကျွန်း ရသေ့တောင် ကျောက်တော် မြောက်ဦး မင်းပြား မြို့နယ်တို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီ အထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဒီလ ၁ ရက်နေ့ကပဲ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကနေ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာပါ။

ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ကျောက်တော်မြို့နယ်အတွင်း အရပ်သား ၂ ဦးညမထွက်ရအမိန့်ကို ဖေါက်ဖျက်ကျူးလွန်ခဲ့လို့ ကျောက်တော်မြို့မ ရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့ ဒေသခံ ကိုကျော်လှမြင့်က ပြောပါတယ်။

“၄ ရက်နေ့ ညနေပိုင်းက သူတို့က ကျောက်တော်မြို့နယ် မီကျောင်းတက်ကျေးရွာမှာ သူတို့ လမ်းဝနဲ့ ကျောက်တော် လိုင်းဆွဲနေတဲ့ ကားပေါ့။ ရှာလုမ်ကား။ အဲဒီကားက အဲဒီနားပျက်နေလို့ သူတို့က အဲဒီကားကို သွားလုပ်လို့ (၃၇၅)နားမှာ အဖမ်းခံရပြီးတော့ ကျောက်တော်ရဲစခန်းမှာ သူတို့ကို ဖမ်းပြီးတော့ ပို့လိုက်တာပေါ့။ ကျောက်တော်ရဲစခန်းက ပုဒ်မ (၁၈၈)နဲ့ အမှုဖွင့်တယ်။ တရားလိုက မြို့နယ်အုပ်ချုပ်ရေးမှူး။ အဲတာလာမဲ့ (၉) ရက်နေ့ကို သူတို့ တရားရုံးက ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့ ပြောတယ်။

ရခိုင်ပြည်နယ် အစိုးရကနေ ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက် လမ်း (၁)နေ ဦးဝင်းကြီးနှင့် ဦးဝင်းချေ အမွှာညီကို ၂ ဦးကို ပုဒ်မ (၁၈၈) အာဏာဖီဆန်မှုနဲ့ ပထမဆုံးအကြိမ် တရားစွဲဆိုခဲ့တာပါ။

အလားတူရမ်းဗြဲ မြို့နယ်အတွင်းမှာလည်း သင်းပန်းချိန်ကျေးရွာ ဘုန်းတော်ကြီး ဈာပနမှာ ပျော်ပွဲ ရွှင်ပွဲအဖြစ် အရုပ်ကျွဲခတ်ပွဲကို ထည့်သွင်းကျင်းပခဲ့ရာမှာ ကျွဲ ၂ ကောင်ရဲ့ နာမည်ကို ‘ဝန်ကြီး’ နှင့် ‘အမတ်’ လို့အမည်ပေးထားမှု ကြောင့် ကျွဲတိုက်ပွဲ ပြုလုပ်သူ (၇) ဦးကို အစိုးရ အာဏာပိုင်တွေကနေ အမှုဖွင့် အရေးယူထားတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက အခုလိုပြောပါတယ်။

“ကျွဲလုပ်ပြီး တိုက်ခိုက်တဲ့အချိန်မှာ ကျွဲတကောင်မှာ ဝန်ကြီးလို့ ရေးထားပြီးတော့ နောက်ကျွဲတကောင်မှာ အမတ်ဆိုပြီး ရေးထားပြီးတော့ တိုက်တာကိုး။ တိုက်တဲ့အခါ သူတို့က အဲဒီမှာ LIVE လားမသိဘူး လွှင့်တာ။ အဲဒီမှာ နာမယ်တွေ ဘာတွေ ပြောတာပါသလား မသိဘူး။ ပြည်နယ် အစိုးရဘက်ကို နဲနဲထိသွားလို့။ တရားစွဲဆိုခံရတာက ဦးဖြူလုနဲ့ အပေါင်းပါ စုစုပေါင်း (၇) ယောက်လေ။ အဲဒီမှာ ကျွဲတိုက်တဲ့ သူတွေလေ။ သူတို့က ပျော်ပွဲရွှင်ပွဲလုပ်တာပါ။ ရခိုင်ပြည်မှာ ကမောက်ကမဖြစ်နေတဲ့ ဥစ္စာတွေကို သူတို့ကပုံဖေါ်တယ်ပေါ့။ သူတို့က အကျယ်ချုပ်နဲ့ လွှတ်ထားတယ်ထင်တယ် အာမခံနဲ့။ သူတို့ ဘာဆက်လုပ်ဖို့လဲ။ စွဲချက်တင်ဖို့လား မတင်ဘူးလား ဒါကသူတို့ ဆုံးဖြတ်မှာလေ။”

ဧပြီ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ကျင်းပခဲ့တဲ့ သင်းပန်းချိန်ဘုန်းတော်ကြီး ဈာပနပွဲတော်အတွင်း အရုပ်ကျွဲခတ်ပွဲကို ထည့်သွင်းကျင်းပခဲ့ရာမှာ တရားစွဲဆို ခံရတာဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရတို့အကြား ပွတ်တိုက်မှုတွေ ရှိနေတဲ့အခြေအနေကို ပုံဖေါ်ခဲ့လို့ တရားစွဲဆိုခံရတာပါ။

တချိန်ထဲမှာပဲ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ အပြင်ဘက်တောတန်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ ဒီမနက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ကြာညိုပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းက အခုလို ပြောပါတယ်။

“ပစ်သံတော့ ကြားတယ်။ တိုက်ပွဲဖြစ်တာတော့ ရွာထဲမှာမဟုတ်ဘူး။ အပြင်မှာပဲ တောအနားမှာ ဖြစ်မှာပေါ့။ ကျွန်တော်တို့က အသံကြားတာ။ အဲတာ ဘယ်အချိန်က ကြားလဲဆိုတော့ (၈) နာရီလောက်မှာ ကြားတယ်။

ဖုန်ညိုလိပ်ကျေးရွာက ထွက်လာတဲ့ တပ်မတော်စစ်ကြောင်းနဲ့ AA အဖွဲ့တို့ သရက်ပြင်ကျေးရွာအနီး တောတန်းဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

ဒီကနေ့တိုက်ပွဲ ဖြစ်ပွါးမှု အခြေအနေမသိရှိသေးပေမဲ့ မနေ့က ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်ထဲမှာ တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီနေ့ဟာတော့ ကျနော်တို့လည်း မသိသေးဘူးဗျ။ မနေ့ကတော့ ဝါးနက်ရုံဘက် ကျနော်တို့ ဘူးသီးတောင်ဘက်ရယ်၊ ကန်စောက်ဘက်မှာ ရှိတယ်။ တိုက်ပွဲတော့ သာမန်ထိတွေ့မှုပါပဲ။ ထိခိုက်မှု အခြေအနေကတော့ ကျွန်တော်တို့ဘက်လည်း ရှိတယ်။ ဟိုဘက်အခြေအနေက ကျနော်တို့ မသိဘူး။”

မနေ့ကလည်း ဘူးသီးတောင်မြို့နယ် မြောက်ဘက် ဝါးနက်ရုံ အနီးဝန်းကျင်၊ မြောက်ဦး - မင်းပြားမြို့နယ်အစပ် ပန်းမြောင်းအနီးရှိ တောင်တန်းအပေါ်နဲ့ ကျောက်တော်မြို့နယ် သလူချောင်းအနီးဝန်းကျင်တို့မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့လည်း ရခိုင့်တပ်မတော်ဘက်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ ပိုပြီး များပြားလာနေပါတယ်။

ဧပြီလ (၃) ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအတွင်း တပ်မတော်ဘက်ကနေ လေကြောင်း တိုက်ခိုက်မှုကြောင့် မူဆလင် ဝါးခုတ်လုပ်သား (၆) ဦးသေဆုံးပြီး (၁၄) ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

မတ်လ (၂၁) ရက်နေ့တုန်းကလည်း ဘူးသီးတောင်မြို့နယ် စည်တောင်ရွာအတွင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရမှုကြောင့် ရွာသား (၅) ဦးသေဆုံးပြီး (၂၀) ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ တပ်မတော်ကနေ ရွာကို ဝိုင်းပတ် ပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေ ပြောဆိုနေပေမဲ့ မြန်မာ့တပ်မတော်ဘက်ကတော့ ရခိုင်တပ်မတော် AA နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ပြောဆိုခဲ့သလို စည်တောင်ရွာအတွင်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွါးတာ မရှိဘူးလို့ AA ဘက်က ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၅) ရက်နေ့နဲ့ (၁၈) ရက်နေ့က မြောက်ဦးမြို့အတွင်း ပစ်ခတ်မှုမှာလည်း အရပ်သား (၆) ဦးထက်မနဲ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ် အတွင်းဖြစ်ပွါးနေတဲ့ တိုက်ပွဲကြောင့် မြို့နယ် (၅) မြို့နယ်က ရွာသားဦးရေ (၂၆၀၀၀) ကျော် ဒုက္ခသည်အဖြစ် စစ်ဘေးတိမ်းရှောင်နေရသလို အကူညီပေးဆောင်ရေးမှာ အာဏာပိုင်တွေကနေ တားမြစ်ကန့်သတ်မှုတွေ ရှိနေခဲ့လို့ စားသောက် နေထိုင်ရေးမှာအခက်ကြုံနေရတယ်လို့လည်း အကူညီပေး အဖွဲ့ဝင်တွေက ပြောပါတယ်။

Your browser doesn’t support HTML5

ရခိုင်အရပ်သားတချို့ ညမထွက်ရအမိန့် ချိုးဖေါက်မှု၊ အစိုးရကို အသရေဖျက်မှုတို့နဲ့ တရားစွဲခံရ