ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ တိုက်ပွဲပြင်းထန်လာမှု ကုလစိုးရိမ်

ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ဓါတ်ပုံ -MP Oung Thaung Shway

မြန်မာနိုင်ငံတလွှား အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူ ဘယ်လောက်ရှိနေတယ်ဆိုတာ အတိ အကျသိနိုင်ဖို့ သိပ်ခက်ခဲနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ Andrej Mahecic က ပြော ကြားလိုက်ပြီး ပြည်တွင်းအိုးအိမ်ပြောင်းရွှေ့ နေထိုင် ရသူတွေနဲ့ ပြည်ပကို ထွက်ပြေးမယ့် ဒုက္ခသည်တွေ နောက်ထပ် တွေ့လာရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ချင်းနဲ့ရခိုင်ပြည်နယ်တွေမှာ မြန်မာတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေ တိုးလာတာနဲ့အမျှ ပြည်တွင်းမှာရော၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကိုပါ ထွက်ပြေးသူတွေ ရှိနေတာကြောင့် စိုးရိမ်စိတ်ပူကြောင်း UNHCR က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ တိုက်ပွဲဒဏ်ခံရတဲ့ ဒေသတွေမှာ UNHCR က လူသားချင်းစာနာမှု အကူ အညီတွေပေးဖို့ အဆင်သင့်ဖြစ်နေပေမယ့် စစ်ရှောင်အရေအတွက်ကို သေသေချာချာ သိရဖို့ သိပ်ခက်ခဲနေတယ်လို့ UNHCR ပြောခွင့်ရက ပြောပါတယ်။ မနှစ်က ဒီဇင်ဘာလ လောက်မှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တဲ့နောက် ရခိုင်ပြည်နယ်တွင်းနဲ့ တခြားဒေသတွေရဲ့ အခြေအနေမှန်ကိုသိရဖို့ အဲဒီဒေသတွေကို မသွားရောက်နိုင်တဲ့အတွက် ထိရောက်တဲ့ အကူညီတွေ ပေးလို့မရဘဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

မကြာခင်ရက်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ နောက်ထပ် ဒုက္ခသည်တွေကို နေခွင့်ပေးဖို့နဲ့ အကူညီတွေပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း UNHCR က ပန်ကြားခဲ့ပါတယ်။

UNHCR ရဲ့ အထူးသံတမန် ဟောလိဝုဒ် အကျော်အမော် Angelina Jolie ဟာ ပြီးခဲ့ဲတဲ့ သီတင်းပတ်တုန်းကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရှိရာ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့သလို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံပြီး ဒုက္ခသည်တွေကို လက်ခံထားတဲ့အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ တိုက်ပွဲပြင်းထန်လာမှု ကုလစိုးရိမ်