ရခိုင်ပြည်နယ်က AA ရဲ့ တရားစီရင်ရေးလုပ်ငန်း စစ်တပ် ဖိအားပေးဟန့်တား 

ရခိုင်ပြည်နယ်တောင်ပိုင်း (MIMU)


[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့ထိန်းချုပ်မှု သိပ်မရှိတဲ့ ပြည်နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေးတာ၊ ကျေးရွာတွေအတွင်း စစ်ကြောင်းတွေ ဝင်ထွက်သွားလာမှု များလာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအတွက် AA က ကြီးကြပ်စီစဉ်ထားတဲ့ ULA ရခိုင်အမျိုးသား အဖွဲ့ချုပ် ရုံးတချို့ကိုလည်း ပိတ်ထားရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ လေးတောင် စတဲ့မြို့နယ်တွေက ကျေးရွာတချို့မှာ အခုရက်ပိုင်း အတွင်း စစ်ကြောင်းတွေ ဝင်ရောက် သွားလာတာ၊ စစ်ဆေးတာတွေရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ကျောက်ဖြူမြို့နယ်၊ စနဲမြို့အတွင်းက ပေါက်ပြင်၊ မင်းပြင် ကျေးရွာဘက်ဆိုရင်လည်း ဒီနေ့ မတ်လ ၂၅ သောကြာနေ့အထိ စစ်ကောင်စီတပ်တွေ သွားလာနေပြီး စစ်ဆေးမှုတွေလည်း လုပ်နေတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြ တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

“တပ်မတော်စစ်ကြောင်းတွေကတော့ ဝင်ထွက်သွားလာတာတွေတွေ့နေရတယ်။ မနေ့ကလည်း တွေ့ရတယ် ဒီနေ့လည်း တွေ့ရတယ်၊ ပြည်သူလူထုတွေ ဘာဖြစ်လို့ စိုးရိမ်လဲဆိုတော့ တခုခုဖြစ်လာနိုင်မလားပေါ့နော်၊ နောက်ပြီးတော့ ကျနော်တို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စစ်ခါနီးပြီဆိုတော့ ပြည်သူတွေက စိုးရိမ်နေတာပေါ့၊ တကယ်လို့ တခုခုဖြစ်ခဲ့ရင် ကျောင်းသားမိဘတွေအနေနဲ့ အခက်အခဲလေးတွေ တွေ့နိုင်တာပေါ့၊ ပြည်သူတွေကလည်း စိုးရိမ်စိတ်တွေ တအားဝင်နေကြတယ်၊ တချို့ဆိုရင် ရွာထဲကို စစ်ကြောင်းတွေဝင်လာရင် ရွာတွေမှာ သိပ်မနေရဲတော့ဘူး။ စိုးရိမ်ကြတာပေါ့။”

အခုလို ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေ ဝင်ထွက်သွားလာနေတာကြောင့် ဒေသတွင်း တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး ပိုင်းအတွက် AA က ကြီးကြပ်စီစဉ်ထားတဲ့ ULA ရခိုင်အမျိုးသားအဖွဲ့ချုပ် တရားရုံးတွေကို ပိတ်ထားရတာတွေရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“အဲဒါလေးတွေတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေ အခက်အခဲတွေရှိရင် ULA ရုံးမှာ ဖြေရှင်းနေကြ ဆိုတော့ သူတို့ဝင်လာရင် ရုံးတွေကိုပိတ်ပြီး တနေရာကို ရှောင်ကြတာပေါ့ ပိတ်ထားတာတော့ဟုတ်တယ်။”

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲနဲ့ စစ်တပ်တို့ကြား အပစ် အခတ်ရပ်စဲထားချိန်မှာ AA အဖွဲ့က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းတွေကို အာရုံစိုက် လုပ်နေပါတယ်။ AA အင်အားကောင်းတဲ့နေရာတွေမှာ တရားသူကြီးတွေ၊ ရှေ့နေ တွေ၊ ဒေသခံ ရခိုင်ပြည်သူတွေပါဝင်တဲ့ ULA တရားရုံးတွေကိုလည်း မြို့ နယ်တွေမှာ ဖွင့်လှစ်ထားပါတယ်။ ဒီရုံးတွေကို စစ် ကောင်စီဘက်က တရားဝင် အသိအမှတ်မပြုပေမဲ့ ဒေသခံပြည်သူတွေကတော့ ပြဿနာဖြစ်လာရင် AA စီစဉ်ဖွင့်ထားတဲ့ ULA တရားရုံးတွေမှာပဲ သွားရောက်တိုင်ကြား ဖြေရှင်းနေကြတာများပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ AA အဖွဲ့က စစ်ရေးအပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးပိုင်း ထိန်းချုပ်ထားနိုင်ပေမယ့် ရခိုင်ပြည်နယ်တောင်ပိုင်းမှာတော့ AA အဖွဲ့ရဲ့ထိန်းချုပ်မှု သိပ်မရှိလှပါဘူး။ အခုလို AA အဖွဲ့ထိန်းချုပ်မှုရော စစ်ရေး အရပါ အားနည်းနေတဲ့ ရခိုင်တောင်ပိုင်းကမြို့နယ်တွေမှာ AA ရဲ့လွှမ်းမိုးမှုကို တားဆီးဖို့ စစ်တပ်က လုပ်နေပုံရတယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“အများအားဖြင့် ကျနော်တို့ ရခိုင်ပြည်နယ် တောင်ဘက်ခြမ်းလို့ပြောရမှာပေါ့၊ ULA/AA သြဇာသက်ရောက်မှု နည်းတဲ့နေရာတွေ ဖြစ်တဲ့ တောင်ကုတ်တို့ ရမ်းဗြဲတို့ ကျောက်ဖြူတို့ပေါ့၊ အဲဒီနေရာမှာ ULA အုပ်ချုပ်ရေး တရားစီရင်ရေးတွေတော့ ရှိတယ်၊ ဒါပေမယ့် စစ်ရေးအားဖြင့် ပိုပိုသာသာ ဒီဘက်က မရှိသေးတဲ့အခါ အဲဒီကရွာတွေကို စစ်ကောင်စီဘက်က သူတို့ရဲ့သြဇာအာဏာ လွှမ်းခြုံနိုင် ရေးအတွက်ပေါ့၊ လာရောက်စစ်ဆေးတာတွေ ရုံးတွေရှိလား၊ တရားရုံးတွေဖွင့်ပြီးတော့ ဒီဘက်က လုပ်နေတယ်ဆိုတဲ့အသံကို ကြားတော့ တရားရုံးရှိတဲ့ရွာတွေကို သူတို့လာရောက်ပြီးတော့ စစ်ဆေးတာတို့ ရှာဖွေတာတို့ အဲဒါကြောင့် တရားရုံးတွေတော့ အဲဘက်မှာ ပုံမှန်အားဖြင့် မလည်ပတ်နိုင်တဲ့ အခြေအနေမျိုး ရောက်သွားတာပေါ့။”

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တော်တော်များများမှာ AA ရဲ့တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အတော် ခရီးရောက် နေပုံရတဲ့အတွက် တောင်ပိုင်းမှာ အဲလိုဖြစ်လာမှာကို စစ်ကောင်စီက စိုးရိမ်ပုံရတယ်လို့လည်း ဦးဖေသန်းက သုံးသပ်ပါတယ်။

“တရားရေးနဲ့ အုပ်ချုပ်ရေးပိုင်းကို ပြန်လည်တည်ဆောက်တဲ့သဘောပေါ့၊ ULA/AA ရဲ့ သြဇာအာဏာ အဲဒီဘက်မှာ ပိုပြီးတော့ တိုးလာမှာကို သူတို့ကမကြိုက်ဘူးပေါ့၊ အဲဒါကြောင့် သူတို့က ဒီဘက်က လုပ်ငန်းတွေကိုလည်း ခြေဖျက်တယ်၊ ပြီးတော့ သူတို့ ဘက်က အုပ်ချုပ်ရေးတို့ တရားရေးတို့ကို သူတို့က ပိုပြီးတော့ လုပ်နိုင်လာအောင် ဒီဘက်ကို ခြေဖျက်တဲ့သဘောပေါ့။”

စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရခိုင်တောင်ပိုင်းမှာတင်မဟုတ်ဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက တချို့ဒေသတွေ မှာလည်း လုပ်နေပါတယ်။ စစ်တွေမြို့မှာဆိုရင် စစ်သားအပြည့်တင်ဆောင်ထားတဲ့ စစ်ကားတွေ နေ့တိုင်း သွားနေတာရှိသလို ပေါက်တောမြို့နယ်ဘက်မှာလည်း ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ မင်းပြားမြို့နယ်အတွင်းက စစ်တပ်စစ်ကြောင်းတွေ စခန်းချနေထိုင်တဲ့ ပန်းမြောင်းကျေးရွာမှာဆိုရင်လည်း ကျေးရွာအတွင်း ရခိုင်အမျိုသားသီချင်းတွေ မဖွင့်ဖို့ ပြောဆိုတာတွေရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ လကုန်ပိုင်းလောက်ကတည်းက တပ်မတော်နဲ့ AA အဖွဲ့ကြားတို က်ပွဲတွေ ရပ်တန့်ထားတာ ဖြစ်သလို တပ်နဲ့ AA အဖွဲ့တို့ရဲ့ နယ်မြေခေါင်းဆောင်တွေ သီးသန့် တွေ့ဆုံးဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးပိုင်းနဲ့ တရားစီရင်ရေးပိုင်းတွေကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ စတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ ရခိုင်ပြည်နယ်မှာ ULA/ AA အဖွဲ့ရဲ့ တရားစီရင်မှုတွေထဲ ဝင်ရောက်ပတ်သက်ခြင်း မလုပ်ဖို့၊ ULA/AA အဖွဲ့ဝင်တွေရှိရင် သတင်းပေးဖို့ ဒေသခံတွေကို နှုတ်နဲ့တားမြစ်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်က AA ရဲ့ တရားစီရင်ရေးလုပ်ငန်း စစ်တပ် ဖိအားပေးဟန့်တား

===============
[[Unicode]]

















===============