မြောက်ဦးရှေးဟောင်းနယ် စစ်မဲ့ဇုန်လုပ်ဖို့ လွှတ်တော်မှာတောင်းဆို

ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)

စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်းက မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆို အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့တာမှာ အဲ့ဒီ့အဆိုပယ်ချခံခဲ့ရတယ်လို့ တင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မြောက်ဦး စေတီပုထိုး တံတိုင်းတွေအနားမှာ တိုက်ပွဲတွေမဖြစ်ဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းမှုကိုတော့ လာမယ့်တနင်္လာနေ့မှာ ဆွေးနွေးကြဖို့ ရှိတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ လက်နက်ကြီးကျည်မခစေဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လို ကြိုးပမ်းလုပ်ဆောင်နေပါသလဲ။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာအစိုးရတပ်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း ၆ မြို့နယ်ထဲက မြောက်ဦးမြို့နယ်ထဲမှာတော့ စစ်ရေးတင်းမာနေဆဲဖြစ်လို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို စစ်မဲ့ဇုန် သတ်မှတ်ပေးဖို့ရယ် ရှေးဟောင်းနယ်မြေထဲ လက်နက်ကြီး ကျည်ဆန်တွေ မကျရောက်အောင် ဒါတွေအပြင် ဒီရှေးဟောင်းနယ်မြေထဲမှာ လက်နက်ကိုင်တပ်တွေ တပ်စွဲနေရာယူထားတာ မရှိအောင် ပြည်ထောင်အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရဘက်က အရေးတကြီး ဆောင်ရွက်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က အရေးကြီးအဆိုတွေ တင်သွင်းပြီးတော့ ကာကွယ်စောင့်ရှောက်နိုင်ရေး ကြိုးစားနေကြပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကနေပြီး ရခိုင် မြောက်ဦးယဉ်ကျေးမှုဒေသအား စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း စစ်မဲ့ဇုံ သတ်မှတ်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားခြင်းမရှိသလို လွှတ်တော်ဥပဒေ နည်းဥပဒေများတွင်လည်း ပြဌာန်းထားခြင်းမရှိဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံခဲ့ရပါတယ်။ ရခိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေက -

"ကျမအနေနဲ့ကတော့ ဒီမြောက်ဦးကို ၃ ရက်တာပေါ့နော် ကိုယ် ကိုယ်တိုင်သွားပြီးတော့ လေ့လာခဲ့တယ်။ ပြည်သူတွေရဲ့ အသံတွေဘာတွေ အကုန်နားထောင်ခဲ့တယ်။ နောက်ရတဲ့သတင်းအချက်အလက်တွေ အကုန်လေ့လာခဲ့တယ်။ အဓိကကတော့ ဒီရှေးဟောင်းအမွေအနှစ်ဇုန်ဖြစ်တဲ့ မြောက်ဦးကို ဒီလက်နက်ကြီးငယ်နဲ့ ဒါပစ်ခတ်နေတဲ့ အရာတွေကို ဒါဘယ်လိုမှ မဖြစ်သင့်မဖြစ်ထိုက်ဘူး။ ဒါဥပဒေမှာလည်းပဲ ရှေးဟောင်းဇုန်တွေကို အစိုးရအနေနဲ့ ကာကွယ်ရမယ်လို့ ကျမတို့က စစ်မဲ့ဇုန်-သတ်မှတ်ပေးဖို့အတွက် အရေးကြီးအဆိုတင်ခဲ့တာပေါ့။

မြောက်ဦးကို လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်တဲ့အခါကျလို့ရှိရင်တော့ ဒါ protect လုပ်ရမယ့် ဧရိယာလို့ ကျမတို့ယုံကြည်တယ်။ အများပြည်သူနဲ့ အရေးတကြီး သက်ဆိုင်မှု ဖြစ်ရမယ်လို့ ဖော်ပြထားတယ်။ ဆိုတော့ အများပြည်သူမဟုတ်ဘူး.. ဒါတကမ္ဘာလုံးနဲ့တောင်မှ World Heritage ဖြစ်လာလို့ရှိရင် တကမ္ဘာလုံးနဲ့တောင် သက်ဆိုင်တဲ့အတွက်ကြောင့်မို့ အများပြည်သူနဲ့ သက်ဆိုင်တယ်ဆိုတာကတော့ သေချာတယ်။ ဒီစစ်မဲ့ဇုန်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားခြင်း မရှိဘူးပေါ့။ နောက်တခုက အရေးကြီးအဆိုနဲ့ ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်မှာရှိတဲ့ ဥပဒေနည်းဥပဒေမှာလည်းပဲ အရေးကြီးအဆိုနဲ့ ကိုက်ညီရမယ့် အချက်အလက်တွေရှိတယ်။ ဒီအရေးကြီးအဆိုကို ခွင့်မပြုပါဘူးဆိုပြီးတော့ ဥက္ကဋ္ဌကြီးကပဲ ကျမတို့ကို စာနဲ့အကြောင်းပြန်ပါတယ်။"

ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို လက်နက်ကြီးကျည်တွေမကျရောက်စေဖို့ စေတီပုထိုး တံတိုင်းတွေနားမှာ တိုက်ပွဲတွေမဖြစ်ပွားစေဖို့အရေး ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေဘက်က အရေးကြီးအဆိုတင်သွင်းခဲ့တာကိုတော့ ရခိုင်ပြည်နယ်လွှတ်တော်က လက်ခံခဲ့ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာ လာမယ့်တနင်္လာနေ့မှာတော့ အဲ့ဒီ့အဆိုကို အရေးတကြီး ဆွေးနွေးကြဖို့ရှိတယ်လို့ မြောက်ဦး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း ဗွီအိုအေကို ပြောပြပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်လွှတ်တော်မှာလည်းပဲ မြောက်ဦးအမွေအနှစ်နဲ့ ပတ်သက်ပြီးတော့ မြောက်ဦး ဒီရှေးဟောင်းစေတီပုထိုး တံတိုင်းတွေ အနားမှာပေါ့နော် ဒီတိုက်ပွဲတွေမဖြစ်ဖို့ ပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေ မပစ်ဖို့ အဲ့ဒါကို အဆိုအဖြစ်တင်ထားတာ ရှိပါတယ်။ လွှတ်တော်ကတော့ အဲ့ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ လက်ခံဆွေးနွေးဖို့အတွက် အတည်ပြုထားပါတယ်။ ကျနော်တို့ မြောက်ဦးအမွေအနှစ်ဆိုတာ ဦးတို့ မြောက်ဦးသားတွေတွေ ပိုင်ဆိုင်သလို ရခိုင်သူ၊ ရခိုင်သားတွေလည်း ပိုင်တယ်။ ရခိုင်သူ၊ ရခိုင်သားတွေ ပိုင်သလို မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး ပိုင်ဆိုင်တဲ့ အမွေအနှစ်တွေဖြစ်တယ်။ ဒါဟာ ကမ္ဘာ့အမွေအနှစ်စာရင်းထဲကို ဝင်သွားလို့ရှိရင် ဒါဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ အမွေအနှစ် ဖြစ်သွားပါတယ်။ အထူးသဖြင့် စစ်မဖြစ်ဖို့ပေါ့နော်။ ပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေ မပစ်ဖို့ အထူးအရေးကြီးပါတယ်။"

မြောက်ဦးအပါအဝင် မြန်မာနိုင်ငံတွင်းက ရှေးဟောင်းယဉ်ကျေးမှုဒေသများအား စစ်မဲ့ဇုန်အဖြစ် အခြေခံဥပဒေတွင် အမြန်ဆုံး ပြဌာန်းရန် လိုအပ်လျက်ရှိနေပြီ ဖြစ်သလို မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအား ကယ်တင်နိုင်ရေး လုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက်ကြိုးစားမယ်လို့ ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေကပြောပါတယ်။

"ဒီအဆိုက အရေးကြီးအဆိုနဲ့ မကိုက်ညီဘူး။ နောက်တခုက စစ်မဲ့ဇုန်ဆိုတဲ့ ဖော်ပြချက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မပါရှိဘူးဆိုလို့ရှိရင်တော့ ဒီစစ်မဲ့ဇုန်ဆိုတဲ့ ဝေါဟာရက ဒါကို ကိုယ်စားပြုနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မပါသည့်တိုင် မဆန့်ကျင်တဲ့ ဝေါဟာရတလုံးကိုတော့ ရှာရမှပေါ့ရှင်။ ရှာပြီးတော့မှ တမျိုးတဖုံတော့ ကြိုးစားကြည့်မယ်လို့ ပြင်ဆင်ထားတယ်။ ပြင်ဆင်နေတယ်။ ဒီရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းရမယ့် အရာတွေကို နိုင်ငံတော်အနေနဲ့ တာဝန်ရှိတယ်။ နိုင်ငံသူ၊ နိုင်ငံသားမှာလည်း တာဝန်ရှိတယ်။ ကျမတို့ လွှတ်တော်အနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျမယုံကြည်တယ်။ ဒါကြောင့်မို့လို့ စစ်မဲ့ဇုန်ဆိုတဲ့အရာကိုတော့ ၂၀၀၈ ခု ဖွဲ့စည်းပုံကနေပြီးတော့ ပြင်ဆင်တဲ့ အခါမှာ သို့မဟုတ် အသစ်ရေးဆွဲတဲ့အခါမှာတော့ ဒီစစ်မဲ့ဇုန်ဆိုတဲ့ ဝေါဟာရကိုတော့ ပါရှိအောင်လို့ ကြိုးစားရမှာပေါ့။"

ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေအပါအဝင် မြန်မာနိုင်ငံသားတွေက တန်ဖိုးထားပြီး UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုနိုင်ရေး ကြိုးစားနေတဲ့ မြောက်ဦးရှေးဟောင်းနယ်မြေထိန်းသိမ်းရေး အတွက် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဆက်ကြိုးပမ်းသွားကြမယ်လို့လည်း မြောက်ဦး လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

ရခိုင်ရှေးဟောင်း မြောက်ဦးမြို့တော်ရဲ့ ယဉ်ကျေးမှု တန်ဖိုးကြီးမားလှတဲ့ စေတီပုထိုးတချို့ အမြောက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရလို့ လက်နက်ကြီးကျည်ဒဏ်နဲ့ တုန်ခါမှုတွေကြောင့် အဆောက်အဦတွေ ပြိုကျပျက်စီးသွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းကလည်း ဗွီအိုအေကို ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း မြောက်ဦး ရှေးဟောင်းနယ်မြေထဲကို ပစ်ခတ်တိုက်ခိုက်မှုမရှိပါဘူးလို့ လက်နက်ကိုင်တပ် နှစ်ဘက်စလုံးကတော့ ငြင်းဆန်ထားပါတယ်။

Your browser doesn’t support HTML5

မြောက်ဦးရှေးဟောင်းနယ် စစ်မဲ့ဇုန်လုပ်ဖို့ လွှတ်တော်မှာတောင်းဆို