ရခိုင်ပြဿနာဖြေရှင်းနိုင်ရေး နိုင်ငံတကာအကြံပေးအဖွဲ့ မျှော်လင့်ချက်ထားဆဲ

အကြံပေးအဖွဲ့ကိုယ်စား တောင်အာဖရိက ကာကွယ်ရေး ဝန်ကြီးဟောင်း Roelf Petrus Meyer က သူတည်းခိုရာ ရန်ကုန်မြို့ ဟိုတယ်တခုမှာ သတင်းထောက်တွေကို တွေ့ဆုံ။ (ဇန်နဝါရီလ ၂၅-၂၀၁၈)

မြန်မာအစိုးရ အသစ်ဖွဲ့စည်းပေးလိုက်တဲ့ ရခိုင်အကြံပေး နိုင်ငံတကာအဖွဲ့ဝင် တဦးဖြစ်သူ အမေရိကန်ဝါရင့်သံတမန်ဟောင်း Bill Richardson နှုတ်ထွက်လိုက်တာနဲ့ ပတ်သက်လို့ အကြံပေးအဖွဲ့ကိုယ်စား တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း Roelf Petrus Meyer က မနေ့ ကြာသာပတေးနေ့က သူတည်းခိုရာ ရန်ကုန်မြို့ ဟိုတယ်တခုမှာ သတင်းထောက်တွေကို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ရှေးဦးစွာ Bill Richardson နှုတ်ထွက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒါဟာ ကံဆိုးတဲ့ဖြစ်ရပ် တခုဖြစ်တယ်ဆိုပြီး Mr. Meyer က မှတ်ချက်ချပါတယ်။

"သူ့အနေနဲ့ အဲဒီအကြောင်းအရာကို မပြောခင်မှာ ကျနော်တို့နဲ့ တိုင်ပင်တာ မရှိခဲ့ဘူး ဆိုတာကတော့ ထင်ရှားပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ကျနော်တို့ရဲ့ အစီအစဉ် အတော်များများမှာ သူ ပူးပေါင်းပါဝင်မှုမရှိခဲ့တာဟာ အလွန်ကံဆိုးခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းပတ်အတွင်း အကြံပေးအဖွဲ့ရဲ့ နောက်ဆုံး သုံးသပ်ချက်ပြုလုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျနော်တို့ အခုခရီးစဉ်ဟာ ကနဦးအစ မိတ်ဆက်ပုံစံမျိုးပဲ ရှိပါသေးတယ်။ လုပ်ငန်းတာဝန်တွေမတိုင်ခင် သတိထားပြုရမယ့် အချက်ဖြစ်လာတာက ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ပါ။ ဒါကလည်းရှင်းပါတယ်။ ကိုဖီအာနန် ကော်မရှင်အစီရင်ခံစာပါ အချက်တွေကို အကောင်အထည်ဖေါ်တဲ့နေရာမှာ အကြံပေး ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျနော်တို့ အလုပ်တွေ များနေခဲ့တာပါ။မစ္စတာRichardson အနေနဲ့ သဘောထားထုတ်ပြန်မှုဟာ အနည်းငယ် အဆောတလျင်ဖြစ်သွားတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီမှာပါတဲ့အချက်တွေဟာ မတရားပါဘူး။ ဒါကြောင့် ကျနော်တို့ထုတ်တဲ့ ကြေညာချက်မှာ ပါတဲ့အတိုင်း သူရဲ့ သဘောထားဟာ တရားဝင်မှု မရှိပါဘူး။"

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ ဒီ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် ပြည်ပက အကြံပေးစကားကို နားမထောင်ဂရုမစိုက်ဘူးလို့လဲ ဝေဖန်မှုတွေ ရှိနေတာပါ။ ဒါပေမယ့် Mr. Meyer ကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အလားအလာရှိတယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။

"ကျနော်တို့ ရဲ့လုပ်ငန်းတာဝန်ဟာ အရိုးသားဆုံး အကြံဉာဏ်တွေ ပေးဖို့ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် သတ်မှတ်ချက်တွေနဲ့အညီ အကြံပေးအဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်က ပြဿနာတွေကို အဖြေရှာရာမှာ ကြိုးစားပြီး အကြံဉာဏ်တွေပေးဖို့ ဖြစ်ပါတယ်။ ရခိုင်ပြဿနာကို ဖြေရှင်းနိုင်မယ့်အလားအလာရှိတယ်လို့ ကျနော်တို့ ယုံကြည်ကြောင်းလည်း ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ ဒီအတွက်လည်း ကျနော်တို့ ရဲ့ အမြင်တွေကို မျှဝေကူညီနိုင်ပါတယ်။ ကျနော်တို့ဘက်ကလည်း အသေ အချာဆောင်ရွက်မှာပါ။ ဒါကြောင့် ကျနော်တို့ ဒီကိုလာပြီး ပူးပေါင်း ညှိုနှိုင်းဆောင်ရွက်တာဖြစ်ပါတယ်။ အစိုးရကို ကိုယ်စားပြုပြီး ကျနော်တို့ တုန့်ပြန်ပြောဆိုလို့ မရနိုင်ပါဘူး။"

အခုဖြစ်နေတဲ့ ပဋိပက္ခမှာ နိုင်ငံသားဖြစ်ခွင့်ကိစ္စဟာ အခြေခံ အခက်အခဲတရပ်ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကိုလည် နိုင်ငံတကာက ဝေဖန်နေကြတာပါ။ ဒီပြဿနာ ရှုတ်ထွေးတယ် ဆိုတာကိုတော့ Mr. Meyer ကလက်ခံပါတယ်။ ဘယ်လို အဖြေရှာ သင့်တယ်ဆိုတာကိုတော့ ပြောဖို့ စောသေးတယ်လို့ ဆိုပါတယ်။

"ဒီအချက်ဟာ ရှုတ်ထွေးတယ်ဆိုတာ အထင်အရှားပါ။ ဒီကိစ္စအတွက် လွယ်ကူတဲ့ အဖြေကို ကျနော်တို့ ရှာလို့ မတွေ့သေးပါဘူး။ အချိန်ယူရအုံးမှာဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့် ကိစ္စနဲ့ ပတ်သက်ရင် တောင်အာဖရိကမှာဆိုရင်တော့ ကျနော်တို့ရဲ့ တိကျတဲ့ အမြင်သဘောထားကို ကျနော်အနေနဲ့ ချက်ချင်းပြောနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံချင်းလည်းမတူသလို အခြေအနေတွေချင်းလဲ မတူပါဘူး။ ထပ်ပြီးပြောချင်တာက ဒီအတွက် ဖြေရှင်းလို့ရနိုင်တဲ့ အခြေအနေအလားအလာတွေရှိနေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကို ယုံကြည်လက်ခံလာအောင် လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ အကြံပေးအဖွဲ့ရဲ့ နောက်ဆုံးသုံးသပ်ချက်ဆိုပြီး ပြောဖို့ စောနေပါသေးတယ်။"

ရိုက်တာသတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပေါ် အစိုးရလျှို့ဝှက်ချက်ဥပဒေအရ အရေးယူတဲ့ကိစ္စဟာ ဒီပြဿနာရဲ့ လောလော ဆယ်ကြုံတွေ့နေရတဲ့ အဓိကကိစ္စတရပ် ဖြစ်သလို၊ မြန်မာအစိုးရကိုလည်း ဒီကိစ္စအတွက် လူတွေက ဝေဖန်နေကြတာပါ။

ဒီအကြံပေးအဖွဲ့ထဲက Bill Richardson နှုတ်ထွက်သွားတဲ့ အဓိကအကြောင်းရင်းဟာလဲ ဒီသတင်းထောက် နှစ်ယောက်ကိစ္စကို ဆွေးနွေးရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ကတောက်ကဆ ဖြစ်ခဲ့တဲ့ အတွက် လို့သိရပါတယ်။ ဒီလိုအကဲဆတ်တဲ့ ပြဿနာဖြစ်နေတဲ့ အတွက်လဲ သူတို့အဖွဲ့အနေနဲ့ မှတ်ချက်ပေးဖို့ Roel of Meyer ငြင်းဆန်သွားပါတယ်။

"ဒါနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မပါတဲ့အတွက် ကျနော် မှတ်ချက်မပေးချင်ပါဘူး။ ကျနော်တို့အနေနဲ့ ဒီအပေါ်မှာ ကိုယ်ပိုင်အမြင်သဘောထားတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့်တုန့်ပြန်ပြောဆိုဖို့အတွက် အကြံပေးအဖွဲ့ရဲ့ အလုပ်မဟုတ်ပါဘူး။"

ရခိုင်ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံတကာအကြံပေးအဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ ၂၂- ၂၅ ရက်နေ့ထိ ကြာမြင့်တဲ့ သူတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ မနေ့ ကြာသာပတေးနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သူတို့အဖွဲ့ရဲ့ အကြံပြုချက်တွေ မတင်ပြသေးခင်မှာ ရခိုင်အကြံပေးအဖွဲ့ဟာ ပြဿနာကို ဖုံးဖိဖို့လုပ်နေတယ် ဒါမှမဟုတ် ကောင်းချီသြဘာပေးဖို့ဖြစ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေဟာ တရားမဝင်ကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် Mr. Bill Richardson ကို နှုတ်ထွက်ပါလို့ သူတို့ အကြံပေးအဖွဲ့ကို အကြောင်းကြားခဲ့ကြောင်းလည်း ရေးသားထားပါတယ်။

ဒီဖြစ်ရပ်ကလွဲပြီး ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရအဖွဲ့နဲ့ တွေ့ဆုံမှုတွေကအစ သူတို့ရဲ့ ရခိုင်ခရီးစဉ်အဆုံး အပြုသဘောဆောင်ကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

သူတို့ရဲ့ လုပ်ငန်းစဉ် အစမှာပဲရှိသေးတဲ့အတွက် လာမယ့် လအနည်းငယ်အတွင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆာင် ရွက်ရေးကော်မတီကို ပဏာမ အကြံပြုချက်တွေ ပေးမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါပေမဲ့လည်း ရခိုင်အကြံပေးအဖွဲ့ရဲ့ ခရီးစဉ် တုန့်ပြန်မှုအဖြစ် ရခိုင်အရေးမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကောင်အထည်ဖေါ်ရေးကော်မတီကို အကြံပြုထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြဿနာအကြံပေး နိုင်ငံတကာအဖွဲ့ မျှော်လင့်ချက်ထားဆဲ