မြောက်ဦး စစ်ဘေးရှောင် ၄၀၀ခန့် အရေးပေါ် အကူအညီလိုအပ်

ရခိုင်စစ်ရှောင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်AAတို့အကြားစစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ် မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေတိုးပွား လာနေတာပါ။ ဒီရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်အတွင်းမှာလဲ စစ် ရှောင်ဦးရေ(၄၀၀)ကျော် ထပ်မံတိုး လာပြီး စားသောက်နေထိုင်ရေး အခက်တွေ့နေတယ်လို့ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဗွံီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြောက်ဦးမြို့နယ်အတွင်း စစ်ရှောင်စခန်း (၃)ခုမှာ လူဦးရေ(၄၀၀)ခန့် တိမ်းရှောင်ရောက်ရှိ နေသလို သူတို့ရဲ့ နေထိုင် စားသောက်ရေး အတွက် အကူညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းကိုသွား ရောက်ခဲ့တဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

“မနေ့ကတော့ ဒီဒုက္ခသည်ဖက်ကို ကျွန်တော်သွားဖြစ်ပါတယ်။ စခန်း တခုကတော့ ကျွန်တော်တို့ မြောက်ဦးမြို့နယ် မြောက်ပိုင်း စေတီတောင်ရွာဟောင်း မှာပေါ့နော်။ လူ(၁၇၀)ကျော် အဲဒီမှာစခန်း တခုရှိပါတယ်။ ကျွန်တော်တို့(၁၉) ရက်နေ့ ကဖြစ်တဲ့ ရန်အောင်ပြင် တိုက်ပွဲတွေကပေါ့နော်။ ရန်အောင်ပြင် စစ်ပွဲဒေသက နီးနီးနားနားဖြစ်တဲ့ ဆင်အိုး ကျေးရွာကပြောင်းရွှေ့လာတယ်လို့သိရပါတယ်။ နောက်တခု ကတော့ မကျားဆည်ပေါ့နော်။ (၂၀)ရက်နေ့မှာ ဖြစ်ပွား တဲ့ မကျားဆည် အုပ်စုရဲ့ ကျေးရွာ တရွာဖြစ်တဲ့ ခူလိုှင်ကနေ လူဦးရေ(၆၂)ဦး တိမ်ညိုကို ပြောင်းရွှေ့လာတာ တွေ့ရပါ တယ်။ နောက်တခုက မကျားဆည် ကျေးရွာအုပ်စုဝင်ဖြစ်တဲ့ ဒီနေပူခံကျေးရွာကလည်း အောက်သားကန်ဆိုတဲ့ ကျေး ရွာကို လူပေါင်း(၁၇၉)ဦး တိမ်းရှောင်လာတာကို တွေ့ရပါတယ်။ အကုန်လုံးပေါင်း လိုက်ရင်တော့(၄၀၀)ကျော်ရှိ သွား ပါပြီး မြောက်ဦးမြို့နယ် မှာ။ စစ်ရှောင်တွေ စားရေးသောက်ရေးကိုတော့ လောလောဆယ် မှီခိုနေတဲ့ ကျေးရွာသူကျေးရွာ သားတွေကတော့ တာဝန်ယူဖြေရှင်းပေးနေတယ်။ အကူညီ ကတော့ အများကြီးလိုအပ်နေပါသေးတယ်။ သူတို့မှာ သောက်သုံးရေ မလုံလောက်တာတို့ရှိနေပါတယ်။ အိမ်သာမရှိပါဘူး။ အဲဒီအခက်ခဲတွေရှိနေပါတယ်။"

ဖေဖေါ်ဝါရီ(၁၉)ရက် ကနေ(၂၂)ရက်နေ့အထိဖြစ်ပွား နေတဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြားတိုက်ပွဲကြောင့် မြောက်ဦးမြို့နယ် ဆင်အိုးရွာ ခူလိုင်ရွာ နေပူခံရွာသား(၄၀၀)ကျော်ဟာ စေတီတောင် အောက်သားကန် တိမ်ညို စစ်ရှောင်စခန်း မှာ တိမ်းရှောင်လာနေရတာပါ။

ဒေသအတွင်းတိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ် နေပူခံကျေးရွာသား(၁၇၀)ကျော်ဟာ အောက်သားကန် ကျေး ရွာ စစ်ရှောင်စခန်းကို တိမ်းရှောင်လာရတယ်လို့ စစ်ရှောင် အကူညီပေးအဖွဲ့ဝင် ဦးဖိုးသောင်ကပြောပါတယ်။

“လူဦးရေ(၁၇၉)ပါ။ မနေ့က(၁၀)နာရီခွဲလောက်ရောက်တာပါ။ နေပူခံကျေးရွာက ရောက်လာတာပါ။ တိုက်ပွဲတွေက ရွာအနီးအနားမှာဖြစ်ပါတယ်။ ဒီနေ့အစောပိုင်းက ဆိုတော့ လက်နက်ကြီးသံတလုံး နှစ်လုံးလောက်တော့ကြားရတယ်။ လက်နက်ငယ် အသံတော့ မကြားရဘူး။ မကျားဆည်ရဲ့အရှေ့ဒေါင့်မှာကြားတယ်။"

အလားတူ ရန်အောင်ပြင်ကျေးရွာ အုပ်စုအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စေတီတောင်ကျေးရွာဘက်ကို တိမ်း ရှောင်လာတဲ့ ဆင်အိုးကျေးရွာသား စစ်ရှောင်တွေ အနေနဲ့ နေထိုင်ရေးမှာအခက်တွေ့နေတယ်လို့ စစ်ရှောင်ရွာသား တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးသိန်းရွှေမောင် ကပြောပါတယ်။

“(၁၇၂)ယောက်ရှိပါတယ်။ ကျွန်တော်တို့မြောက်ဦးမြို့နယ် ရန်အောင်ပြင်ကျေးရွာအုပ်စု ဆင်အိုးကျေးရွာက ဆင်းပြေး လာတာပါ။ အလှူရှင်တွေကတော့ အကူညီပေးကြတာပဲ။ အခုကတော့ ကျွန်တော်တို့ နေထိုင်ရေးကတော့ နဲနဲ ကျပ်တည်းတယ်ဗျ။ ဓမ္မာရုံဝကြီးမှာ နေတယ်ဆိုတော့ လူဦးရေနဲ့ကျွန်တော်တို့နဲ့ နေရထိုင်ရတာကျပ်တည်း နေ ပါတယ်။ ကျွန်တော်တို့အဲဒီဆီမှာ အေးချမ်းသွားမှဘဲ ပြန်မယ်လို့စိတ်ကူးထားပါတယ်။”

ဖေဖေါ်ဝါရီ(၁၉)ရက်နေ့တုန်းက ရန်အောင်ပြင်ကျေးရွာ အုပ်စုအတွင်းမြန်မာ စစ်တပ် နဲ့AA တို့တိုက်ပွဲဖြစ်ပွားခဲ့အပြီး ရန်အောင်ပြင် ကျားနင်းကန် သာစည် ကျေးရွာသား (၅)ဦး ပျောက်ဆုံးသွားခဲ့ပြီး (၂၁)ရက်နေ့မှာတော့ မီးရှို့ထားတဲ့ အလောင်း(၃)လောင်း တွေ့ရှိ ခဲ့တယ်လို့ ကျားနင်းကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ကပြောပါတယ်။

ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာ ယတိပြတ် မပြောနိုင်ပေမယ့် ဒေသခံတချို့က မြန်မာ့ တပ်မတော်က ဖမ်းဆီး သွားခဲ့တယ် လို့မျက်မြင်ဒေသခံ တချို့ကပြောဆိုနေပေမယ့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့တပ်မတော်ကနေ သတ်ဖြတ်တာ မပြုလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒီကနေ့ မှာတော့ မြန်မာစစ်တပ် နဲ့AAအဖွဲ့တို့အကြား မကျားဆည်ရွာဘက်မှာ ပစ်ခတ်သံကြားနေရတာကလွှဲလို့ တိုက်ပွဲ ငြိမ်သက်နေ ပါတယ်။

၂၀၁၈ခုနှစ် နိုဝင်ဘာလကုန်ကနေ ၂၀၁၉ ဖေဖေါ်ဝါရီလအထိ ရခိုင်ပြည်နယ်(၅)မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်၀ မြို့နယ်အတွင်း တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAတို့တိုက်ပွဲအတွင်း ရွာသား(၇၀၀၀)ကျော်စစ်ဘေးတိမ်း ရှောင်နေရပါတယ်။

စစ်ရှောင်ရွာသားတွေကိုဒေသခံအကူညီပေးရေးအဖွဲ့တွေကဘဲ ကူညီပေးဆောင်နေရပြီး အစိုးရအပါအဝင် နိုင်ငံ တကာအကူညီမရရှိဘူးလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

တိုက်ပွဲဖြစ်ပွား စဉ်အတွင်း ဒေသခံရွာသားတွေသေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေ ဖမ်းဆီး ခံရမှုတွေ လမ်းပြအဖြစ် ခေါ် ဆောင်ခံရမှု စတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။