မုံရွာကြေးနီစီမံကိန်း Quintana သွားရောက်လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ဟိုဟေး Quintana

မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ သူရဲ့ ပဉ္စမနေ့ ခရီးစဉ်မှာ စစ်ကိုင်းတိုင်းအတွင်းက လက်ပံတောင်း ကြေးနီစီမံကိန်းကို သွားရောက်ခဲ့ပါတယ်။ စီမံကိန်း အကောင်အထည်ဖော်နေတဲ့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ စီမံကိန်း အကောင်အထည်ဖော်ရေးကို ကန့်ကွက်နေတဲ့ ဒေသခံအချို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။
အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ အငြင်းပွားစရာ အခြေအနေတွေ ရှိနေသေးတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖေဖော်ဝါရီ လ ၁၇ ရက်နေ့မှာ ကိုယ်တိုင်သွားရောက် လေ့လာခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကို ဆောင်ရွက်နေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို စီမံကိန်းဖော်ဆောင်တာကို ကန့်ကွက်နေတဲ့ ဒေသခံရွာသား ၄ ဦးနဲ့ မီးလောင်ဗုံးနဲ့ ဖြိုခွင်းတဲ့နေရာမှာ အပြင်းအထန် ဒဏ်ရာရခဲ့ဖူးတဲ့ ဆရာတော် ဦးတိက္ခဉာဏတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရန်ကုန်ရုံးရဲ့ ပြောခွင့်ရှိသူ ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဘက်ကို ရောက်ပါတယ်ခင်ဗျ။ အဲဒီစီမံကိန်း ၂ ခုကိုပေါ့နော် ကျနော်တို့ဝင်ကြည့်ခဲ့ပါတယ်။ မစ္စတာကင်တားနား ဝင်ကြည့်တယ်။ ကုမ္ပဏီက လူတွေကလည်း လိုက်ပြပါတယ်။ စီမံကိန်းလည်ပတ်ပုံနဲ့ပတ်သက်လို့ သူတို့ရှင်းပြပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ လှုပ်ရှားတဲ့လူတချို့ကိုလည်း ကျနော်တို့ တွေ့ခဲ့ပါတယ်။”

မစ္စတာ ကင်တားနားဟာ လက်ပံတောင်းတောင် ကြေးနီမံကိန်း အကောင်အထည်ဖော်ဆောင်တဲ့ နေရာမှာ ဒေသခံတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဘယ်လောက်ထိ နစ်နာမှုရှိခဲ့လဲဆိုတာကို သိရအောင် လူမှုရေးနဲ့လူ့အခွင့်အရေး ရှုထောင့်ကနေ အဓိကထား မေးမြန်းခဲ့တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ပေါ့နော်- နစ်နာသွားတဲ့သူတွေ- သူတို့ရဲ့အမြင်တွေကို မစ္စတာကင်တားနား နားထောင်ပါတယ်။ နောက်ပြီးတော့ ဝမ်ပေါင်ကုမ္ပဏီဘက်ကလည်း စီမံကိန်းနဲ့ပတ်သက်လို့ တချို့အကြောင်းတွေ ရှင်းပြပေးပါတယ်ခင်ဗျ။”
လက်ပံတောင်းတောင် ဒေသခံတွေကတော့ မစ္စတာ ကင်တားနားလက်ပံတောင်းတောင်ဒေသကို ရောက်ရှိမယ်လို့ သိရချိန်ကတည်းက တင်ပြမယ့်အချက်တွေကို ကြိုတင်ပြင်ဆင်ခဲ့ပြီးတော့ စီမံကိန်း ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေ၊ လယ်ယာမြေတွေကို မတန်တဆ နှိမ်ပြီး လျော်ကြေးပေးခဲ့တာတွေ၊ စီမံကိန်း ကန့်ကွက်သူတွေကို မီးလောင်ဗုံးသုံးပြီး ပြင်းပြင်းထန်ထန် ဖြိုခွင်းခဲ့တဲ့ အခြေအနေတွေကို အဓိက ဦးစားပေးတင်ပြခဲ့တယ်လို့ လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူ ကိုဘထူးက ပြောပါတယ်။

“လက်ပံတောင်းတောင်ဒေသမှာ ဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ အာဏာပိုင်ကို သွားပြီးတော့တိုင်ကြားတဲ့အခါ တရားရုံးတွေကနေ အရေးယူဆောင်ရွက်ပေးမှု မရှိတာတွေ၊ နောက် လယ်ယာမြေ အဓမ္မ သိမ်းဆည်းခံရတာတွေ၊ ခြံစည်းရိုးခတ် အဆောက်အဦးတွေ အဆောက်ခံရတာတွေ၊ နောက် မြေယာလျော်ကြေးတွေ မတန်တဆဈေးနှိမ်ပြီးတော့ လူထုအပေါ်ဖိနှိပ်တာတွေ၊ မီးလောင်ဗုံးနဲ့ ပစ်ခတ်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး အကြောင်းအရာ အစအဆုံး၊ နောက်ပြီးတော့ ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုငစန်းတို့ကို့ လယ်ထွန်မင်္ဂလာလုပ်နေတာကို မမှန်ကန်တဲ့ဆန္ဒပြမှုနဲ့ ဝင်ပြီးတော့ ဖမ်းသွားတယ်၊ ဖမ်းပြီးတော့ ထောင်မတရားချတဲ့ကိစ္စတွေ၊ နောက်ပြီးတော့ မိုးကြိုးပြင်တောင်-အလယ်ရွာက မစန်းစန်းဝင်း ခေါင်းကိုရိုက်ခွဲခံရတဲ့ကိစ္စတွေ၊ နောက်ပြီးတော့ ဇီးတောကျေးရွာ ဆန်းမြဝတီ ကျောင်းတိုက်ကို ညဘက်ကြီး မတရားဝင်ရောက် ဖျက်ဆီးသွားတာတွေ၊ နောက်ပြီးတော့ လယ်ယာမြေ အတင်းအဓမ္မ အသိမ်းခံရတဲ့ကိစ္စတွေ အတော်များများကို လူ့အခွင့်အရေး ချိုးဖောက်ခံရတာနဲ့ပတ်သက်ပြီးတော့ မစ္စတာကင်တားနားကို တင်ပြဖို့ စီစဉ်ထားကြပါတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ အရင် စစ်အစိုးရလက်ထက်က အကောင်အထည် ဖော်ခဲ့တဲ့ ကြေးနီတူးဖော်ရေး စီမံကိန်းတစ်ခုဖြစ်ပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက်နဲ့ တရုတ်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ မြန်မာ ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြောင့် ဒေသခံတွေအနေနဲ့ မြေယာအဆိပ်သင့်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိတယ်ဆိုပြီးတော့ အပြင်းအထန် ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့တာပါ။ ဒါကြောင့် ၂၀၁၂ ခုနှစ်က စီမံကိန်းကန့်ကွက်သူတွေကို အာဏာပိုင်တွေက ဖြိုခွင်းခဲ့တာကြောင့် သံဃာတော်တွေနဲ့ ဆန္ဒထုတ်ဖော်နေတဲ့ ဒေသခံတွေ အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကိုစုံစမ်းဖို့ သမ္မတဦးသိန်းစိန်အစိုးရက အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ဦးဆောင်စေပြီး စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့ပါတယ်။

မနက်ဖြန်မှာတော့ မစ္စတာကင်တားနားဟာ အစိုးရ အဖွဲ့ရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်မှာ ဖြစ်တယ်လို့ ဦးအေးဝင်း က အတည်ပြုပြောကြားပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ခရီးစဉ်အတွင်းမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် အပြင် မုံရွာကြေးနီတူးဖော်ရေးလုပ်ငန်း၊ သီလဝါရေနက်ဆိပ်ကမ်းတွေဆီ မစ္စတာ ကင်တားနား အနေနဲ့ လေ့လာဖို့ရှိတယ်လို့ သူ့ရဲ့ ခရီးစဉ်ကို တရားဝင် ကြေညာပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စီးပွားရေးအပြောင်းအလဲတွေက သာမန်ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိသလဲဆိုတာကိုလည်း အခုခရီးစဉ်မှာ လေ့လာဆန်းစစ်သွားမယ်လို့ မစ္စတာ ကင်တားနားက ပြောခဲ့ပါတယ်။

မစ္စတာ ကင်တားနားရဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာ အပြည့်အစုံကို လာမယ့် မတ်လ ၁၇ ရက်နေ့မှာ တင်သွင်းမှာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ၆ နှစ်အတွင်း Mr. Qintana အတွက် လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် စုံစမ်း စစ်ဆေးရေးမှူးတာဝန်နဲ့ လာရောက်တဲ့ နောက်ဆုံးခရီးလည်းဖြစ်ပါတယ်။ မစ္စတာ ကင်တားနားဟာ သူ ပြန်လည်ထွက်ခွာမယ့် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံခရီးစဉ်အတွင်း သူလေ့လာခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်လေဆိပ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်ခင်ဗျား။